28 Feb 2012

နိုင်ငံတော်၏ လမ်းကြောင်းမှန်

မြန်မာနိုင်ငံ အနေဖြင့် ယနေ့ အချိန်ကာလတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာ ဆက်ဆံရေး အစရှိသော ကဏ္ဍများ အသီးသီးတွင် လျင်မြန်စွာ ပြုပြင် ပြောင်းလဲနေသည်ကို ကမ္ဘာက သိမြင်နေပြီ ဖြစ်သည်။ မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံဆိုလျှင် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ သွားလာ လည်ပတ်မှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများမှ တဆင့် နက်ရှိုင်း လှသည့် ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးများ ရှိနေ ခဲ့ပါသည်။ နှစ်နိုင်ငံ စလုံး၏ ခရီးစဉ်များသည် မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ချစ်ခင် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြင့်ခဲ့သည့် အပြင် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ် များတွင်လည်း အဓိက အခန်း ကဏ္ဍမှ ပါဝင်နေပါသည်။

ဖေဖော်ဝါရီ ၂၃ ရက်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးသူရရွှေမန်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင်နှင့် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဥက္ကဌ မစ္စတာ ကျာချင့်လင်နှင့် ပေကျင်းမြို့ Xin Jiang ဧည့်ခန်းမ၌ တွေ့ဆုံ ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာ မစ္စတာကျာချင့်လင်က ပြီးခဲ့သည့် နှစ်များအတွင်း နိုင်ငံကြီး အချို့မှ မြန်မာနိုင်ငံ အပေါ် တားဆီး ပိတ်ဆို့ ဆောင်ရွက်မှုများ ပြုလုပ် ခဲ့ကြချိန်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ မှန်ကန်စွာ ရပ်တည် ပေးခဲ့မှုကြောင့် မြန်မာနိုင်ငံသည် ယနေ့ အချိန်အခါတွင် ယခုလက်ရှိ အနေအထားသို့ တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ယခုစတင် ပေါ်ထွန်းလာသည့် လွှတ်တော် ဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံဘက်မှ အတွေ့ အကြုံများ၊ အကြံပြု ချက်များကို လေ့လာသွားရန် အသင့် ရှိပါကြောင်း ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးသူရရွှေမန်းကလည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အတွက် ပြည်တွင်း လက်နက်ကိုင်များ အရေး ကိစ္စတွင် တရုတ်နိုင်ငံ ဘက်မှ ကူညီဆောင်ရွက် ပေးခဲ့မှုများ အပေါ်များစွာ ကျေးဇူး တင်ရှိကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ဘက်စုံမဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ အဆင့်သို့ တက်လှမ်း နိုင်ရန် လိုအပ်သည့် လုပ်ငန်း အစီအစဉ်များ ချမှတ် ရေးဆွဲသွားရန် ကိစ္စအပေါ် ထောက်ခံ ကြိုဆိုပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး ကိစ္စရပ်များမှာ ထိရောက် ကောင်းမွန်မှု ရှိသည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်နှင့် ပတ်သက်၍လည်း ကွန်မြူနစ်ပါတီ အတွင်းတွင် လည်းကောင်း၊ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်တွင် လည်းကောင်း၊ တရုတ်အမျိုးသား ပြည်သူ့ ကွန်ဖရင့်တွင် လည်းကောင်း၊ အဆင့်ဆင့်သော ပါတီ အဖွဲ့အစည်း များတွင်လည်းကောင်း လက်တွေ့ကျင့်သုံး နေကြသည်ကို တွေ့ရှိ ရပါကြောင်း၊ သို့ဖြစ်ရာ ဒီမိုကရေစီ စနစ်ကို မှန်မှန် ကန်ကန် ကျင့်သုံး နေသည့် တရုတ် နိုင်ငံအဖြစ် ပြောကြား နိုင်ပါကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာတွင် ဈေးကွက် စီးပွားရေး စနစ်အား အင်္ဂလန်နိုင်ငံက စတင်ဖန်တီး ခဲ့သော်လည်း ယခုအခါ အမေရိကန်သည် တစ်ကမ္ဘာလုံးတွင် အကြီးကျယ်ဆုံး ဈေးကွက်စနစ် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည် ဈေးကွက် ဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် နမူနာရယူ ဆောင်ရွက် ခဲ့ရာတွင် ပြဿနာရပ် များစွာဖြင့် ရင်ဆိုင် ခဲ့ရပါသည်။ ထိုသို့ ရင်ဆိုင် ခဲ့ရသည့် ပြဿနာ ရပ်များတွင် ဆင်းရဲ-ချမ်းသာ ကွာဟမှု၊ ငွေကြေး ဖောင်းပွမှု စသည် တို့လည်း ပါဝင်ခဲ့ပါသည်။ ထို့ကြောင့် မိမိတို့ နိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲရေး ပေါ်လစီအရ တိုင်းပြည် အတွက် အကျိုးရှိမည့် မူဝါဒများကို အတုယူ သွားရန် လိုအပ် ပါသည်။ ထိုသို့ အတုယူကြရတွင် နိုင်ငံတော် အပါအ၀င် ပြည်သူလူထုတို့က ၀ိုင်းဝန်း ပါဝင်မှသာ နိုင်ငံနှင့် ကိုက်ညီသည့် လမ်းကြောင်းမှန်သို့ ရောက်ရှိမည် ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။

No comments: