28 Feb 2012

ပြည်တွင်း ဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်း ကျပ်ခုနှစ်သိန်းငါးသောင်း အထက်သို့ ရောက်ရှိ

ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စ၍ ပြည်တွင်းဈေးကွက်၌ အခေါက် ရွှေတစ်ကျပ်သားဈေးနှုန်း ကျပ်ခုနစ်သိန်းငါးသောင်း အထက်သို့ စတင် ရောက်ရှိကာ အရောင်းအ၀ယ် ပြုနေကြောင်း သတင်းရရှိပါသည်။

ယခု ၂၀၁၂ ခုနှစ်အတွင်း ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေ ဈေးနှုန်းမှာ ဇန်န၀ါရီလ ဒုတိယပတ်မှ စတင်၍ တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းအထက်သို့ စတင်ရောက် ရှိခဲ့ခြင်းဖြစ်ကာ ဇန်န၀ါရီလ ၁၁ ရက်နေ့မှစ၍ ကျပ်ခုနစ်သိန်းနှစ်သောင်း အထက်သို့လည်းကောင်း၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ ကျပ် ခုနစ်သိန်းသုံးသောင်း အထက်သို့ လည်းကောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်၍ ကျပ်ခုနစ်သိန်း လေးသောင်း အထက်သို့လည်းကောင်း ဈေးနှုန်းအသီးသီး ရောက်ရှိခဲ့ကြကာ အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ကြသည်။

သို့ရာတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်၍လည်း အခေါက် ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းငါးသောင်း အထက်သို့ ထပ်မံဈေးနှုန်းတက်ကာ ရောက်ရှိခဲ့ပြီး ယင်းနေ့နံနက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သား ကျပ်ခုနစ်သိန်းငါးသောင်း လေးထောင့်ငါးရာကျပ်ဖြင့် ဈေးကွက် ၌ ရွှေဈေးနှုန်း စတင်ဖွင့်ခဲ့ရာမှ ညနေပိုင်းတွင်မူ ကျပ်ခုနစ်သိန်းရှစ်ထောင်ဖြင့် ဈေးပိတ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်လည်း ယင်းဈေးနှုန်းဖြင့်ပင် ဆက်လက် အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ကြသည်။

အလားတူ နိုင်ငံတကာဈေး ကွက်တွင်လည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နယူးယောက်ပေါက်ဈေး မှာ ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၃၄ ဒသမ ၁၀ သာ ရှိခဲ့ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၀၀ အထက်သို့ ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မူ ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၈၀ ဒသမ ၁၀ ဖြစ်ပေါ် ခဲ့သည်။

ပြည်တွင်း၌ ယခုကဲ့သို့ အခေါက်ရွှေ တစ်ကျပ်သား ဈေးနှုန်း ကျပ်ခုနှစ်သိန်းငါးသောင်း အထက် ရောက်ရှိခဲ့သည့်အပေါ် ရွှေလုပ်ငန်းရှင်များက နိုင်ငံတကာ ရွှေဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် သက်ရောက်ခြင်း ဖြစ်ကြောင်း သုံးသပ်ပါသည်။

ထို့ကြောင့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ခုနှစ်သိန်းငါးသောင်း ရှစ်ထောင်နှင့် ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ်ခုနှစ်သိန်း တစ်သောင်းဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

No comments: