ဇန်န၀ါရီ ၃ ရက်နေ့မှာ ကိုဝင်းမော်ရဲ့ ဇနီးဟာ ကျောက်ဖြူထောင်မှာ ထောင်ဝင်စာသွားတွေ့နေပါတယ်။ ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကိုဝင်းမော် လွတ်လာမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားခဲ့တာပါ။ ဟိုရောက်ပြီး ၃ ရက်နေ့ မွန်းလွဲပိုင်း ထောင်ဝင်စာ တွေ့နေတဲ့ အချိန်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ ကြေညာချက် ထွက်ပေါ်လာပါတယ်။ ကြေညာချက်အကြောင်း ရှင်းရှင်း လင်းလင်း မသိရသေးတော့ ထောင်ဝင်စာအပြီး ထောင်ပိုင်နဲ့ စကားပြောဖို့ ထောင်ရှေ့မှာ ခဏ စောင့်တယ်။ နာရီ အနည်းငယ်ကြာလို့ ကြေညာချက်မှာ ပါတဲ့ အချက်အလက်တွေ ရှင်းလင်းသွားတဲ့ အခါမှာ လွတ်ဖို့ မျှော်လင့်ချက် လျော့ပါးသွားပြန်တယ်။
စိတ်ဓာတ်ကျပြီး နောက်တနေ့နံနက် ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ညဘက်မှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက် နောက်ထပ်စာရင်း နေပြည်တော်က ၀င်လာမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြန်တော့ မျှော်လင့်ချက် နည်းနည်း ပြန်ရှိလာပြန်တယ်။ ဒါပေမယ့် အဲဒီမျှော်လင့်ချက်တွေ နံနက်ခင်းနေရောင်နဲ့ အတူ လွှင့်ပါးသွားကြတယ်။
ဒီတခေါက် လွတ်ငြိမ်းချမ်းသာမှာ မပါလာတဲ့ နိုင်ငံရေး အကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေရဲ့ မိသားစုတွေရဲ့ ခံစားချက်ကို ယခု ကိုဝင်းမော်ရဲ့ သမီးဖြစ်သူ မခင်စုကြည်ရဲ့ ဦးသိန်းစိန်သို့ပေးစာက တစိတ်တပိုင်း ဖေါ်ပြပေးနိုင်ပါလိမ့်မယ်။ (မိုးမခ အယ်ဒီတာ)သမ္မတကြီး ထံသို့ ဂီတမှူးတယောက်ရဲ့သမီး အိတ်ဖွင့် ပေးစာ
သမီးရဲ့ဖေဖေဟာ ရွှေသံစဉ် နဲ့ အလင်္ကာတေးဂီတ အဖွဲ့တွေမှာ Lead Guitar တီးခတ်တဲ့ ဂီတမှူး ဦးဝင်းမော်ပါ။ တီးဝိုင်းခေါင်းဆောင်လည်းဖြစ်ပါတယ်။ The Aces တေးဂီတ အဖွဲ့ကြီးမှာလည်း ၁၉၈၉ ကနေ ၁၉၉၆ ထိ ၇ နှစ်တိတိ Lead Guitar တီးခတ်ခဲ့ပါတယ်။
၁၉၉၆ ခုနှစ် Visit Myanmar Year နေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၈ ရက်၊ သမီးအသက် ၂ နှစ်အရွယ်မှာဘဲ သမီးဖေဖေဟာ န ၀ တ အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အတွက် ဖေဖေက သီချင်း ၂ ပုဒ် ရေးသားတီးခတ်ပေးခဲ့လို့ အကျဉ်းထောင်ထဲမှာ ၆ နှစ် နေခဲ့ရပါတယ်။
၂၀၀၂ ခုနှစ်မှာ တောင်ငူအကျဉ်းထောင်က ပြန်လွတ်မြောက်လာတဲ့ ဖေဖေနဲ့ သမီးတို့ မိသားစု ၅ နှစ်လောက်ပဲ အတူနေခွင့်ရခဲ့ပြီး ၂၀၀၇ သံဃာတော်များ မေတ္တာပို့ လမ်းလျှောက် ဆုတောင်းပွဲမှာ ဖေဖေ နဲ့ သမီးတို့မိသားစု ထပ်ပြီး ခွဲခွာခဲ့ရပြန်ပါတယ်။
ဒီတစ်ခါတော့ န အ ဖ စစ်အစိုးရက ဖေဖေ့ကို ထောင်ဒဏ် ၁၇ နှစ် ချလိုက်ပါတယ်၊ DVB သတင်းဌာနကို သံဃာတော်တွေ မေတ္တာပို့ဆုတောင်း လမ်းလျှောက်ပုံတွေ ဗီဒီယိုပုံရိုက်ကူးပေးပို့ခဲ့လို့ အပြစ်ပေးတာလို့ ဆိုပါတယ်။
ဖေဖေ ဟာ ရတနာ ၃ ပါးကို အရမ်း ရိုသေလေးစားသူဖြစ်ပါတယ်။ ဖေဖေ အမြဲပြောလေ့ရှိတာက သံဃာတော်တွေ လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့တာကြောင့် ထေရ၀ါဒ ဗုဒ္ဓသာသနာ မြန်မာပြည်မှာ ထည်ထည်ဝါ၀ါ ပေါ်ထွန်း တည်တံ့ခိုင်မြဲနေတာဟာ သံဃာတော်တွေရဲ့ကျေးဇူး အင်မတန်ကြီးမားတယ် ဆိုတာပါပဲ။
၂၀၀၇ မှာ သံဃာတော်တွေဟာ ပြည်သူတွေ အတွက် နေပူ မိုးရွာမရှောင် ဆင်းရဲဒုက္ခ ခံပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းလမ်းလျှောက်ခဲ့တာကို အစိုးရက ရက်ရက်စက်စက် ချေမှုန်းတဲ့ Video ပုံတွေ ကို Editing လုပ်ရင်း ဖေဖေ ဟာ မျက်ရည်ကျခဲ့ရပါတယ်။ အဲဒီတုန်းက ဖေဖေ ပြောတာက တို့နိုင်ငံမှာသာသနာကွယ်တော့မယ် သမီးရယ် တဲ့။
၂၀၀၈ ခုနှစ် မေလ မှာ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့ အတည်ပြုပြီးတော့ ဖေဖေဟာ သူ့ သူငယ်ချင်းတွေနဲ့ အတူတူ အားလုံး အိမ်ပြန်ကြရတော့မယ်လို့ ယုံကြည်မျှော်လင့်ခဲ့တယ်။ သမီးဖေဖေ ရဲ့ သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး တို့ကလည်း မအူပင်ဆုံးဖြတ်ချက် ကိုဆုံးဖြတ်ခဲ့ကြတယ်တဲ့။ အဲဒီဆုံးဖြတ်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက သူတို့လက်မခံနိုင်တဲ့ ဥပဒေ အချို့ကို လွှတ်တော်ထဲမှာ ၀င်ရောက်ပြုပြင်ဖို့အတွက် နိုင်ငံတော် အစိုးရက ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက် ရွေးချယ်ဖို့၊ တိုင်းပြည်အတွက် အစိုးရနဲ့ အတူ လက်တွဲပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဆောင်ရွက်ကြဖို့ ဆိုတာတွေပါတယ်လို့ ဖေဖေက ပြောပြခဲ့ဖူးတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေကနေ တစ်ဆင့် နိုင်ငံတော်အကြီးအကဲတွေထံ တင်ပြဆောင်ရွက်ခဲ့ကြပါတယ်၊ ဒါပေမဲ့ ဘာတစ်ခုမှ တုန့်ပြန်မှု မရခဲ့ဘဲ ဖေဖေ အပါအ၀င် ဖေဖေ့ သူငယ်ချင်းတွေအားလုံးကို မြန်မာပြည်ရဲ့ ဝေးလံတဲ့ဒေသ ထောင်တွေကို ပြောင်းရွှေ့ခံခဲ့ရတယ်။
ရွေးကောက်ပွဲအပြီး သမ္မတကြီးရဲ့ ဒီမိုကရေစီ အစိုးရတက်လာတော့ ဖေဖေတို့ လွတ်မြောက်တော့မယ်လို့ သမီးတို့ မျှော်လင့်ခဲ့ကြပါတယ်။ ၂၀၁၀ မေလမှာပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်၊ ၂၀၁၁ အောက်တိုဘာမှာပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် တွေမှာ ဖေဖေ ပါမလာခဲ့ပါဘူး။
သမီးဖေဖေ ရဲ့ ဖခင် သမီးဖိုးဖိုးဟာ အသက် ၈၉ နှစ် ရှိပါပြီ၊ သူ့သားရဲ့ အိမ်ပြန်လာမယ့် ရက်ကို စောင့်မျှော်နေဆဲပါ။ ခု ၂၀၁၂ ဇန်န၀ါရီမှာ သမီးဖေဖေကို ကျောက်ဖြူ အကျဉ်းထောင်မှာ ထောင်ဝင်စာ သွားတွေ့နေတုန်း လွတ်ငြိမ်း ချမ်းသာခွင့်အမိန့် ထုတ်ပြန်တာနဲ့ ဆုံရပြန်ပါတယ်။ ဒါပေမယ့် သမီးဖေဖေ အပါအ၀င် ဖေဖေ့သူငယ်ချင်းတွေ တစ်ယောက်မှ ပါမလာကြပြန်ပါဘူး။
ဖေဖေက ဘာပြောလဲ ဆိုတော့ သူ့ကျွန်ဘ၀မှာ လူမျိုးခြား ဘာသာခြား အုပ်စိုးသူတွေက နိုင်ငံ လွတ်မြောက်ရေးအတွက် သူတို့ကို ဆန့်ကျင်တဲ့ သခင်နုတို့၊ သခင်စိုး တို့ စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းရင်တောင် ၆ လ ဘဲထောင်ချခဲ့လို့ သခင်ပေါက်စ ထောင်ခြောက်လလို့တောင် ပြောစမှတ် ရှိခဲ့တယ်တဲ့၊ အခု ကိုယ့်လူမျိုး ဘာသာတူ တစ်မြေထဲနေ တစ်ရေထဲသောက်ကြတဲ့ ကိုယ့်အစိုးရ လက်ထက်မှာမှ ဒီမိုကရေစီရေး လှုပ်ရှား ဆောင်ရွက်ကြသူတွေ၊ အစိုးရနဲ့ သဘောထား ကွဲလွဲကြသူတွေကို သေဒဏ်တွေ၊ တစ်သက် တစ်ကျွန်းတွေ၊ နှစ်ရှည် ထောင်ဒဏ်တွေ လိုကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးနေတာ ရင်နာဖို့ကောင်းလိုက်တာသမီးရယ် တဲ့။
အခြေခံဥပဒေ မရှိခင် စစ်အစိုးရလက်ထက်မှာ တော့ထားပါတော့၊ ဥပဒေကို စစ်တပ်က လွှမ်းမိုးထားလို့၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်လာပြီး ရွေးကောက်ပွဲနဲ့ တက်လာတဲ့ ဒီမိုကရေစီ အရပ်သားအစိုးရ လက်ထက်မှာတော့ ဖေဖေတို့ အားလုံး ပြန်လွတ်မှာပါ လို့ သမီးတို့လို ဘ၀တူ မိသားစုတိုင်း မျှော်လင့်ခဲ့ကြတာပါ။
ဖေဖေက ဂီတသမားဆိုတော့ ဂီတပညာနဲ့ ပတ်သက်တဲ့ ဥပမာစကားလေး ပြောလိုက်ပါတယ်။ ဂီတမှာ Timing ဟာ အသက်ပဲ အရေးကြီးဆုံးပဲ Timing လွဲသွားရင် တေးသွား သီချင်းရဲ့ အရသာ ပျက်သွားရော။ ထို့အတူပဲ ဟင်းချက်ရာမှာပဲ ဖြစ်ဖြစ်၊ အားကစား လုပ်ရာမှာပဲ ဖြစ်ဖြစ် Timing မှန်ဖို့ လိုအပ်တယ်။ သီချင်းတစ်ပုဒ်၊ ဟင်း တစ်ခွက် Timing Out သွားရင် သီချင်းလောက် ဟင်းလောက်ပဲ အရသာပျက်မှာ၊ နိုင်ငံရေးမှာ Timing လွဲ သွားရင် တိုင်းပြည်တစ်ခုလုံး Image ပျက်တယ်။ တစ်မျိုးသားလုံးဂုဏ် ထိခိုက် နစ်နာစေတယ်။ နိုင်ငံရေးမှာ Timing ဆိုတာ လုပ်သင့် လုပ်ထိုက်တာကို လုပ်သင့်တဲ့ အချိန်မှာ လုပ်ခြင်းပါပဲ။
ဖေဖေ တို့ကို လွှတ်မပေးလို့ ထောင်ထဲမှာ ပေးဆပ် အနစ်နာခံနေရမှာကို တုန်လှုပ်ခြင်း မဖြစ်ပါဘူး၊ တိုင်းပြည်အတွက် မိမိတတ်ကျွမ်းတဲ့ အနုပညာနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် ဆောင်ရွက်ခွင့် မရတာကိုပဲ စိတ်မကောင်းဖြစ်တာပါ၊ ဖေဖေ တို့အပေါ် သမ္မတကြီးက အာဃာတ တရား ကြီးမားနေတာကိုပဲ စိတ်မကောင်းဖြစ်တာပါသမီးရယ် လို့ ပြောပါတယ်။
ဘာပဲဖြစ်ဖြစ် သမီးဖေဖေရဲ့ ဂီတ နဲ့ အနုပညာကိုမြတ်နိုးတဲ့စိတ်၊ ဒီမိုကရေစီကို ယုံကြည်တဲ့စိတ်၊ တိုင်းပြည်နဲ့လူမျိုးကို ချစ်မြတ်နိုးတဲ့စိတ်၊ ဘာသာတရားနဲ့ ရတနာသုံးပါးကို ရိုသေမြတ်နိုးတဲ့စိတ်ကို သမီးတို့ မောင်နှမတွေ လေးစား ဂုဏ်ယူနေမှာပါ။
ဖေဖေ နဲ့ ဖေဖေ့သူငယ်ချင်းတွေကို ယုံကြည်ချက် အကျဉ်းသားပဲ ဆိုဆို၊ လုံခြုံရေး အကျဉ်းသားပဲ ပြောပြော၊ နိုင်ငံရေးအကျဉ်းသားပဲ ခေါ်ခေါ်၊ သီးသန့်အကျဉ်းသားပဲ မှတ်မှတ်၊ အဲဒီ အမည်နာမ ပညတ်တွေက အရေးမကြီးပါဘူး။ သူတို့တွေ ဘာအတွက် ဘယ်သူ့အတွက် အသက်တွေ ဘ၀တွေကို ပေးဆပ်စွန့်လွှတ် အနစ်နာခံနေကြတာလဲ ဆိုတဲ့အချက်က အရေးကြီးတယ်လို့ သမီး ထင်ပါတယ်။
သမီးတို့ မြန်မာပြည်သူတွေသာမက ကမ္ဘာ့ ပြည်သူတွေပါ မနှစ်မြို့တော့တဲ့ အာဏာရှင် စနစ်ဆိုးကို ဆန့်ကျင်ခဲ့လို့ အာဏာရှင်တွေရဲ့ အမုန်းတရားတွေအောက်မှာ တရားလက်လွတ် ဖိနှိပ်ခံနေရတာပါ။ ဖေဖေနဲ့ ဖေဖေ့သူငယ်ချင်းတွေရဲ့ ခွပ်ဒေါင်းဝိဥာဉ်၊ ခွပ်ဒေါင်းစိတ်ဓါတ်တွေကိုပဲ သမီးတို့ မျိုးဆက်သစ်လေးတွေ လေးစားဂုဏ်ယူ မှတ်တမ်းတင်ပေးကြရမှာဖြစ်ပါတယ်။
အာဏာရှင် အစိုးရလက်ထက်မှာတော့ ဒီဖြစ်ရပ်တွေ အမှန်တကယ် ဖြစ်ခဲ့တာပါ။ ဂစ်တာလေးတီး သီချင်းဆိုရုံ၊ ဗီဒီယို ဓါတ်ပုံလေးရိုက်ရုံ၊ မေတ္တာပို့ ဆုတောင်း လမ်းလျှောက်ရုံ နဲ့ ထောင်ဒဏ်တွေ နှစ်ရှည် လများ ချမှတ်ခံရတာ ကမ္ဘာ့ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ သမီးတို့ တစ်နိုင်ငံပဲ ရှိတယ် လို့ ထင်ပါတယ်။ သမိုင်းဟာ ဖေဖေတို့ အပေါ်မှာ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။
သမ္မတကြီးနဲ့တကွ တိုင်းပြည်တာဝန် ဦးဆောင်ဦးရွက်ပြုနေသူ အားလုံး၊ စစ်မှန်တဲ့လမ်း ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ နိုင်ငံထူထောင်ရင်း၊ အာဏာရှင်စနစ်ဆိုးကို စွန့်ပယ်ပြီး အာဃာတတွေ ကင်းတဲ့နေမှာတော့ သမီးဖေဖေ နဲ့ ဖေဖေ့ သူငယ်ချင်းတွေ လွတ်မြောက်လာမယ်လို့ သမီးယုံကြည်ပါတယ်။
ဖေဖေအပါအ၀င် တိုင်းပြည်အတွက် စွန့်လွှတ် အနစ်နာခံနေကြတဲ့ ဖေဖေ့ရဲ့ သူငယ်ချင်းအားလုံးရဲ့ အိမ်အပြန်ကို ကြိုဆို မျှော်လင့်လျက် . . . . .
သမ္မတကြီးနှင့်မိသားစု စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ
ဖေဖေဂီတမှူး ၀င်းမော် ၏ သမီးငယ်
ခင်စုကြည်
ဒုတိယနှစ် ( ဥပဒေပညာအထူးပြု )
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ – ၈ ရက်
No comments:
Post a Comment