29 May 2012

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ( အပိုင်း-၂) (အောင်မိုးဝင်း) dec25,2011


ခုခံချေပချင်သူတွေဘက်မှ ကျောင်းသားတယောက်ကနေ ဖေ့ဘွတ်မှာ မှတ်ချက်တခုပေးထားတာကို ဖတ်လိုက်ရပါတယ်။

“ တာဝန်ရှိသူတွေကလည်း ဒီကိစ္စ ကို ပြန်လည်တုန့်ပြန်ဖို့ လုပ်နေတယ်” ဆိုတဲ့ စကားပါ။ ကျေးဇူးတင်ပါတယ်။ မင်းသိင်္ခ ရဲ့ မမင်းဖြူမှန်မှန်ပြော ဝတ္ထုထဲက စကားလို၊ “ အိုင်ပီ အောင်သင်းရေ- ဒီ ကွင်းဆက် က စိတ်ဝင်စားစရာ အကောင်းဆုံးပဲဗျ၊ ဇာတ်လမ်းကတော့ အထွဋ်အထိပ် ကို ရောက်လာပြီဗျို့” လို့ ပြောရမလို ဖြစ်လာပါပြီ။

ကျနော်တို့ လိုချင်တာလည်း “ အဲ့ဒီ တာဝန်ရှိသူတွေဆိုတာ ဘယ်သူလဲ” ဆိုတဲ့မေးခွန်းပါပဲ။ သွေးအေးအေးနဲ့ လူသတ်ခဲ့တဲ့သူတွေကို ဘဝမှာ တခါတလေလောက်တော့ ပြန်ပြီး အမဲလိုက်ကြည့်ချင်စိတ်က ပေါ်နေတာ အခုမှ မဟုတ်ပါဘူး။ ဇာတ်လမ်းတခုပြောပြမယ်ဗျာ။

မသတ်ရသေးပဲ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသား (၅၀) ကျော် အကျဉ်းထောင်က ဖောက်ထွက် လွတ်မြောက်သွားပြီ ဆိုတာ ကို သိလိုက်တဲ့ “မျိုးဝင်း” ဟာ အရုပ်ကြိုးပြတ်လဲကျသွားပြီး “ ဟာကွာ ငါ့ဘဝတော့ သွားပါပြီ” လို့ ငြီးငြူတယ်ဆိုပဲ။

သူမတရားသဖြင့် နှိပ်စက်နိုင်ခွင့်ရှိတဲ့ ကမ္ဘာမြေဟာ စတင်မီးလောင်ပြီးပြိုကျနေပြီ။ သိတ်မကြာဘူး။ အကုသိုလ်ကံက သူ့နောက်ကို လိုက်ပါလာတယ်။ နောက်ကျည်ထိ သေဆုံးသွားတယ်။ (တချို့ကတော့ နှုတ်ပိတ်ခံရတယ် လို့ ဆိုတယ်) တကယ်တော့ သူ့ကို မသေစေချင်ပါဘူး။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ အဲ့သလို မြန်မြန်အသက်ထွက်သွားတာ မတန်လိုက်တာဗျာ။

တကယ်ဆို သံချောင်းလိုပဲ အကျဉ်းထောင်ထဲမှာ ကြိုးမိန့် (၅) ခါလောက်ကျရမှာ။

အင်း- ရော်နယ် အောင်နိုင် ကတော့ ဒီကိစ္စတွေကို ဘယ်သူ တာဝန်ခံဖြေရှင်းမှာလဲ။ အဖွဲ့ကို ဖျက်ပစ်မှဖြစ်မယ် လို့ အကြံပေးသတဲ့။ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ရဲ့ သမိုင်းကို ခြေရာဖျောက်ဖို့ ကြိုးစားတဲ့သူတွေက သွေးရောတကယ်ရှိလို့လား။ စိတ်ဝင်စားတယ်ဗျာ။

“ ဟော့ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကို ဘယ်သူက တာဝန်ယူဖြေရှင်းပေးမလဲ” ဆိုတဲ့အချက် ကိုပေါ့။

နေပါအုံး။ တာဝန်ရှိသူတွေထဲမှာ “ လှဆိုင် ( ကချင်သံဝဲဝဲနဲ့ပြောရရင် လှဆောင် ပေါ့ဗျာ) ဆိုတဲ့သူရောပါမလား။ သူက တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေနေသူ လို့ သိရတယ်။ အာသံကုန်းမှာ မျိုးဝင်းနဲ့အတူ ကျောင်းသားတွေကို ဓါးနဲ့အပိုင်းပိုင်းခုတ်သတ်ခဲ့သူ လို့ နာမည်ကြီးတာပဲ။

တွေ့ချင်ပါသေးတယ်ဗျာ။ ဒီလောက် ဘီလူးသရဲစီးနေတဲ့ နှလုံးသား ဘယ်လို ဆဲလ်နဲ့များဖွဲ့စည်းထားသလဲ လို့ပါ။

(က)

ဒုတိယပိုင်းကို ဆက်ရေးတဲ့အခါ ခံစားမှုပြင်းထန်စွာနဲ့ ဝင်ရောက်မှတ်ချက်တွေရေးပေးတဲ့ မိတ်ဆွေတချို့ကို အနူးအညွတ်မေတ္တာရပ်ခံ ချင်တာတခုရှိပါတယ်။ ကျောင်းသားတပ်မတော် (ABSDF) ရဲဘော်တွေကို ထိခိုက်စေမဲ့ ပြီးစလွယ်ကောက်ချက်ချမှုတွေကို ရှောင်ကျဉ်စေချင်ပါတယ်။

ပြည်တွင်းမှာ နိုင်ငံရေးစိတ်မဝင်စားတဲ့ကျောင်းသားတွေက မိဘတွေနဲ့အတူနေ၊ စာသင်ကျောင်းတွေမှာပျော်ပါး၊ စီးပွားရေးလုပ်၊ ဘဝရဲ့အနာဂတ်အတွက် ပြင်ဆင်နေကြချိန်မှာ၊ အေဘီရဲဘော်တွေဟာ ငှက်ဖျားတောထဲမှာ ဘဝကို စတေးပြီး တိုင်းပြည်ကိုချစ်ခဲ့ကြတယ်။ သူတို့ရဲ့ပုဂ္ဂလိက ဘဝတွေစွန့်လွှတ်ခဲ့ကြရတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ နားလည်မှုတခုတည်ဆောက်ဖို့အတွက် ဘဝပေါင်းများစွာပေးဆပ်ခဲ့ကြရတယ်။ ဒါကြောင့် နေဝင်း၊ သန်းရွှေ ဖက်ဆစ်အစိုးရကို ဆန့်ကျင်ခဲ့ကြတဲ့ အေဘီအပါအဝင်၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်သူတွေရဲ့ ပေးဆပ်မှုတွေကို အသိအမှတ်မပြုချင်နေပါ။ ထိခိုက်စော်ကားစေတဲ့ စကားလုံးတွေ မပေးစေချင်ပါဘူး။

လူတစုရဲ့ သွေးစွန်းတဲ့လုပ်ရပ်ကို ကြည့်ပြီး၊ ကျောင်းသားတပ်မတော် ဆိုတာ ဒီလိုရက်စက်သလား ဘာညာ အတွေးတွေ မတွေးစေချင်ပါ။ သူတို့တတွေဟာ နှလုံးသားတွေထိခိုက်ခံစားလွယ်လို့၊ တိုင်းပြည်ထဲက ပြည်သူတွေဆင်းရဲဒုက္ခတွေက လွတ်မြောက်စေဖို့အတွက် တောခိုလက်နက်ကိုင်ကြတယ်၊ ဘဝကိုမြှုပ်နှံစတေးခဲ့ကြတယ် ဆိုတဲ့အချက်ကို လက်ခံစေချင်ပါ။

ရဲဘော်တွေက ရိုးသားချစ်စရာကောင်းပါတယ်။ ကျနော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နဲ့ ကျောင်းသားတပ်မတော်ဆိုတာ ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ပန်းလို ပဲ၊ ခွဲခြားမရပါဘူး။ ဒီလိုခွဲမရတဲ့ ညီညွတ်မှုကို အိပ်မက်ဆိုးတွေကြားမှာ သတ်ပစ်ချင်တဲ့ လူတစုကတော့ ကိုထွန်းအောင်ကျော် လို မန္တလေး ဗမာနိုင်ငံလုံးဆိုင်ရာ၊ ညီလာခံက တရားဝင်တင်မြောက်ခဲ့တဲ့ ခေါင်းဆောင်တယောက်အပါအဝင်၊ ကျောင်းသား (၃၀) နီးပါးကို သတ်ဖြတ်ပြလိုက်ပြီး၊ ကျောင်းသားတပ်မတော်နဲ့ ရန်ကုန်၊ မန္တလေး ကျောင်းသားတွေကြားမှာ ခါးခါးသီးသီး နာကျင်မှုတခုဖြစ်သွားအောင် ကြံစည်ခဲ့ကြပါတယ်။ တကယ်ပဲ အောင်မြင်ခဲ့ပါတယ်။

မန္တလေးကျောင်းသားထုဟာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ခေါင်းဆောင်ဆိုသူတွေကို အမှုန့်ချေပစ်နေချင်ကြတာ အမှန်ပါ။ ဒါပေမဲ့ မကောင်းမှုဆိုတာ စိတ်ကွယ်ရာ မရှိပါဘူး။ ပြဿနာတွေကို သတိတရားနဲ့ချည်းကပ် အဖြေရှာကြည့်ကြမယ်။ အဖွဲ့အစည်းတွေကြား အက်ကွဲကြောင်းတွေ၊ စိတ်ဒဏ်ရာတွေ ထင်အောင် ဘယ်သူလုပ်ခဲ့သလဲ ဆိုတာကို စမ်းစစ်ကြည့်ကြမယ်။ ဒီစာကိုရေးနေတဲ့အချိန်အထိ၊ ကျနော်ဟာ ကျောင်းသားတပ်မတော်ရဲဘော်တွေနဲ့ ခံစားချက်တူ၊ ရည်ရွယ်ချက်တူ တည်ရှိနေမယ်။ မြောက်ပိုင်း ကျောင်းသားတပ်မတော်ရဲ့ (၇၀၁) တပ်ရင်းကို စတင်ဖွဲ့စည်းစဉ်တုံးက ကျနော်တို့ကိုယ်တိုင်၊ မန္တလေးမြို့ မျက်ပါးရပ် စစ်တပ်နားမှာ စာရွက်တွေဝေခဲ့ဘူးခဲ့တယ်။ မန္တလေးမြို့ကို ကျောင်းသားတပ်မတော် နဲ့အတူပြန်လာမဲ့ သူငယ်ချင်းတွေကို မျှော်ခဲ့ဘူးတယ်။

(ခ)

အဖြစ်အပျက်တွေကို တင်ပြတဲ့အခါ၊ လူတိုင်းမှာ လက်ခံပိုင်ခွင့်၊ ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ လူတွေအားလုံးမှာ သူတို့ရဲ့အမြင်တွေကို တင်ပြနိုင်တဲ့ အခင်းအကျင်းတခုရရှိထားကြပြီးသားပါ။ မြောက်ပိုင်း၊ ကချင်ဒေသမှာ လုပ်သွားခဲ့သလိုမျိုး၊ ဝန်မခံရင် နှိပ်စက်၊ နှုတ်တိုက်သင်ပေးထားတာကိုပြောရမယ်ဆိုတဲ့ ဇွတ်အတင်း၊ အကြမ်းဖက်အနိုင်ကျင့်တဲ့ အလုပ်မျိုး၊ စွပ်စွဲချက်မျိုးတွေကို၊ ကျနော်တို့ မလုပ်ပါဘူး။ ခုခံချေပချင်တဲ့သူတွေမှာလည်း ချေပပိုင်ခွင့်ရှိစေ ရပါမယ်။ ကျနော်တို့ကလည်း နားထောင်ချင်ပါတယ်။ ခင်ဗျားတို့ဆီမှာ စာရွက်စာတမ်းတွေ မပြည့်စုံဘူး ဆိုရင်လည်း ဖြည့်ဆည်းပေးဖို့ အသင့်ပါ။

“ဒါတွေဟာ တကယ်ဖြစ်ခဲ့တာတွေမှ ဟုတ်ရဲ့လား။ ကျောင်းသားချင်း ဒီလိုလုပ်တာ ဖြစ်နိုင်ပါ့မလား” လို့ သံသယနဲ့ကောက်ချက်ချသူ တယောက်ရဲ့ စကားလုံးတွေကို ကျနော်သဘောကျမိပါတယ်။ ဒီလိုဆို ကျနော်တို့ဘက်က ပြန်လည်မေးမဲ့ မေးခွန်းတခု ကို ဖြေဖို့ အသင့်ပြင်ထားပေးပါ။ ဒီအဖြစ်အပျက်တွေဟာ တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုရင်၊ ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ သူတွေဟာ ကျောင်းသားဖြစ်နိုင်ပါ့မလား။ လူသတ်မှုကို ယဉ်ပါးကျွမ်းဝင်နေတဲ့ ( စံနစ်တကျလေ့ကျင့်သင်ကြားထားတဲ့ စစ်ထောက်လှမ်းရေးတွေရောမဖြစ်နိုင်ဘူးလား)။ မန္တလေးသားတွေက မေးခွန်း( ၃) ခု နဲ့ စောင့်နေပါ့မယ်။

(၁) ကျောင်းသားချင်းသတ်တာလား

(၂) ကျောင်းသားတွေက စစ်ထောက်လှမ်းရေးတွေကို သတ်တာလား

(၃) စစ်ထောက်လှမ်းရေးတွေက ကျောင်းသားတွေကို သတ်တာလား

ဇာတ်လမ်းတခုလုံး ဇာတ်ရည်လည်လာတဲ့အခါကျရင် ဒီမေးခွန်းသုံးခုထဲက တခုခုကို စာဖတ်သူတွေ ဖြေနိုင်ကြမှာပါ။

(ဂ)

ဒီကိစ္စကို ကျနော်က ဦးဆောင်ပြောပြနေတာ ကျနော့မှာ အကြောင်းရှိပါတယ်။ မျိုးဝင်း ( မိုးညှင်း) ဆိုတာ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတဦးဖြစ်သလို၊ သမိုင်းဆောင် အတူတကွ နေထိုင်ပျော်ပါးခဲ့ကြဘူးသူတွေပါ။ သမိုင်းဆောင်မှာကတည်းက သွေးဆာပြီး လက်ယဉ်လေ့ရှိတဲ့ မျိုးဝင်း တယောက် အရေးတော်ပုံအပြီး၊ မြောက်ပိုင်းဒေသမှာ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတယ် ဆိုတော့ ဘုရားတလိုက်မိတယ်။ နိုင်ငံရေးအတွေးအခေါ်မရှိတဲ့ လူမိုက်တွေ လက်နက်ကိုင်တဲ့အခါ၊ တော်လှန်ရေးသမားဖြစ်မလာနိုင်ပါဘူး။ အကြမ်းဖက်သမား၊ ဓါးပြဂိုဏ်းလောက်သာဖြစ်လာမှာ အသေအချာပါ။ ဒါကြောင့်လည်း သူရှိနေတဲ့ မြောက်ပိုင်းကို သွားမယ်ဆိုတဲ့အတွေးမျိုးတခါမှ မတွေးခဲ့ပါဘူး။

ကိုထွန်းအောင်ကျော်၊ ရော်နယ်အောင်နိုင်၊ ကိုစိုးလင်း ( အေဘီ ဗဟိုမှာ ဖမ်းဆီးခံရသူ) သုံးယာက်က မန္တလေးသားတွေပါ။ ခုတော့- ရော်နယ်အောင်နိုင် တယောက်သာ မဲဆောက်မှာ ကြီးပွားချမ်းသာပြီး၊ ပါတီပွဲတွေမှာ သောက်စားမူးယစ် အဆီယစ် ရီဝေနေတဲ့ မျက်နှာကြီးကို ကြိမ်ဖန်များစွာတွေ့ရ၊ ဖေ့ဘွတ်မှာ မိန်းကလေးတွေကို အီစကလီ စာလေးတွေ လိုက်ရေးနေတာကိုတွေ့ရပေမဲ့၊

ကိုထွန်းအောင်ကျော် ( ဗကသ-အထက်ဗမာပြည် ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားတပ်မတော်၊ မြောက်ပိုင်း-ဥက္ကဋ္ဌ) က အသတ်ခံရ၊

ကိုစိုးလင်းက မန္တလေးကို ပြန်လည်ထွက်ပြေးလာရပါတယ်။

မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရက ၁၉၉၂ ဇွန်လ(၃) ရက်၊ ဗုဒ္ဓဟူးနေ့ မှာ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။

( မပူပါနဲ့။ သူတို့ရဲ့ အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ကျနော်ပြောနေတဲ့အချက်အလက်တွေ ဘယ်သူက မှန်သလဲ ဘယ်သူက ပိုပြီး အသေးစိတ်လဲ ဆိုတာ သိရဖို့ ယှဉ်ပြီးတင်ပေးသွားပါမယ်။ Far Eastern Economic Review ( ၁၉၉၂ ဂျူလိုင် ၁၆) မှာပါတဲ့ Bertil Lintner ရဲ့ Loss of innocence ဆောင်းပါးတွေကိုလည်း ဖတ်ကြရမှာပါ။ )

စစ်အစိုးရဆိုတာ ယုံကြည်ရတဲ့သူတွေမဟုတ်တော့ ကျနော်တို့က သူတို့ရဲ့ဝါဒဖြန့်ချီရေးဆောင်းပါးတွေ၊ သတင်းစာရှင်းလင်းပွဲတွေကို အရေးလုပ်ဖတ်လေ့မရှိပါဘူး။ သူတို့က မြစ်ထဲရေရှိတယ် ပြောနေရင်တောင်မှ ပြေးပြီးကြည့်ရအုံးမှာပါ။

တလျှောက်လုံးလိမ်ဆင်တွေပဲ ပြောနေတော့၊ သူတို့ဘာပြောပြော ယုံကိုမယုံခဲ့တာပါ။ ဒီအချက်အလက်တွေကို ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးဆီက ရတာလား လို့ နာမည်ဝှက်သုံးပြီး အပေါစားပျက်လုံး နဲ့ အောက်ဖဲ နဲ့ လာရှိုးနေသူတွေကို တခုပဲပြောလိုက်ပါရစေ။

ကျနော့အကြောင်းသိချင်ရင်၊ ABSDF မိုးညှင်းအုပ်စု က RIT ကျောင်းသားတွေကို မေးကြည့်လိုက်ပါ.. လို့ အကြံပေးချင်ပါတယ်။

မျိုးဝင်းဆိုတဲ့ ပုဂ္ဂိုလ်ကတော့ သေသွားတော့ ထားလိုက်ပါတော့။ ဘယ်ကရလဲ သိချင်ရင် စိတ်မလောပါနဲ့။ သိလာရပါစေမယ် လို့ ဖြေထားပါရစေ။ တခုတော့ သတိပေးလိုက်ပါရစေ။

တခါတုံးက ABSDF ( မြောက်ပိုင်း) ခေါင်းဆောင်တွေကို ထောက်ခံခဲ့သူတွေဟာ အခုချိန်မှာ ထိတ်လန့်တုန်လှုပ်ပြီး ဖြောင့်ချက်တွေပေးထားခဲ့တယ် ဆိုရင် ခင်ဗျားတို့ဘယ်လိုနေမလဲ။

(ဃ)

ထောက်လှမ်ရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသားတွေဟာ ပြည်တွင်းကို ပြန်ဝင်လာတော့လည်း စစ်အစိုးရက ဖမ်းပြီး ထောင်ဒဏ်နှစ်ရှည်တွေချခဲ့ပြန်ပါတယ်။ ပါဂျောင်ဒေသမှာတုံးက ကိုယ်တိုင်ကိုယ်ကျ စစ်ကြောရေးစခန်းမှာ ဝင်ရောက်နှိပ်စက် ရိုက်နှက်ခဲ့တဲ့၊ လက်နက်မှုနဲ့ကျတယ်ဆိုတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တချို့ကတော့ ထောင်ဒဏ် (၂) နှစ်လောက်နေရပြီး၊ တက္ကသိုလ်တွေမှာ ကျောင်းပြန်လာတက်ကြပြန်တယ်။ သူတို့ကလည်း မိုးညှင်းဘက်က ကျနော့သူငယ်ချင်းတွေပါ။

စက်မှုမေဂျာ က တယောက်ဆို၊ “နန်းစော” ဆိုတဲ့ကောင်မလေးကို ကောင်းကောင်းနှိပ်စက်၊ ရိုက်နှက်ခဲ့တဲ့ထဲမှာ ပါခဲ့သေးတယ်။ အဲ့ဒီအချိန်က စပြီး မြောက်ပိုင်းဒေသရဲ့အဖြစ်အပျက်တွေကို စတင်ခြေရာခံလိုက်ခဲ့မိတော့တယ်။

စစ်ကြောရေးစခန်းက ထွက်ပြေးလွတ်မြောက်လာသူတွေရော၊ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေရော၊ နှစ်ဘက်လုံးက ကျနော်နဲ့ရင်းနှီးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေဖြစ်နေတယ်။ နှစ်ဘက်လုံးက ရင်ဖွင့်သံတွေကို ရင်နာနာ နားထောင်ခဲ့ရတော့တယ်။ “ဘုရားရေ- ဘာတွေဖြစ်ကုန်တာလဲ” လို့ တနေခဲ့ရတယ်။ တကယ်တော့ ခေါင်းဖြတ်အသတ်ခံရသည့် (၁၅) ယောက်အပြင်၊ စစ်ကြောရေးစခန်းမှာ ညှင်းပမ်းနှိပ်စက် လို့ သေဆုံးသွားခဲ့သူ (၁၄) ယောက်ရှိပါတယ်- နောက်ပိုင်းမှာ နာမည်တွေကို အသေးစိတ်ဖေါ်ပြထားပါတယ်။

ကဲ- ဟော့ဒီ စာရင်းတွေကရော၊ အစိုးရထောက်လှမ်းရေးဆီက ရတယ်လို့ ပြောချင်ပါသေးလား။

ခံခဲ့ရခဲ့သူတွေက ဘယ်မှာ မေ့နိုင်မှာလဲ။ လူတိုင်းမှာ ဝှက်ဖဲတွေ ရှိတယ်ဆိုတာ မမေ့ဖို့လိုတယ်။

ထောက်လှမ်းရေး သူလျှို လို့ စွပ်စွဲပြီး တာဝန်ခံဖမ်းဆီးသူတွေကတော့-

(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)

(၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်ခံခဲ့ရသည်)

(၃) ဗိုလ်ကြီး မျိုးဝင်း ( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား

(၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)

(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)

(၆) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)

(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)

(၈) ရဲဘော် မောင်ထွေး ( ဗန်းမော်)

(၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်)

(၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)

စစ်ကြောရေးအဖွဲ့ဝင်များမှာ-

(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂

အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။ လှဆိုင်း ( လှဆောင်) ဆိုသူဟာ တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေနေတယ် လို့ သိရတယ်။

(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)

(၃) အောင်သန်း (မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)

(၄) သက်ထွန်း ( မိုးညှင်း တပ်ခွဲမှူး)

(၅) စောရင်ထွေး ( ရွှေကူ တပ်ခွဲမှူး)

(၆) သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)

(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( သူလည်း ထောက်လှမ်းရေးအဖြစ် ဖမ်းခံရပြန်တယ်)

(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထောက်လှမ်းရေးအဖြစ် ဖမ်းခံရပြန်တယ်)

ထောင်မှူးတာဝန်ခံများမှာ-

(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း)

တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်)

(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း)

ရဲဘော် လက်သီး

(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)

တပ်ကြပ်ကြီး စောမြမောင်

(၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့် သေဒဏ်ချ သတ်ဖြတ်ခံရသည်)

ခေါင်းဖြတ်သတ်ခံရတဲ့ ကျောင်းသား (၁၅) ယောက်အပြင်၊ စစ်ကြောရေးစခန်းမှာ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ယောက်ကတော့-

(၁) ရဲဘော် စိုးမင်းအောင်

(၂) ဗဟိုကော်မတီဝင် ဦးစိန်

(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)

(၄) ရဲဘော် အေးကျော်

(၅) ရဲဘော် ကျော်ဋ္ဌေး

(၆) ရဲဘော်ကျော်ကျော်ဦး

(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)

(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)

(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)

(၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)

(၁၁) အောင်မင်း ( မန္တလေး)

(၁၂) အရှည်ကြီး ဝင်းသိန်း

(၁၃) ရဲဘော် စိုးကြီး

(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)

ဘာကြောင့် ဒီလို အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေဖြစ်ခဲ့ရတာလဲ။ ပြဿနာရဲ့ အဓိကတရားခံဟာ ဘယ်သူတွေလဲ။ ဇာတ်လမ်းတခုလုံးကို တတိယပိုင်းမှာ ရေးသွားပါမယ်။

ခုခံချေပ ချင်သူတွေရဲ့ ဇာတ်လမ်းတွေကိုလည်း ဖတ်ချင်ပါတယ်။ ပြည်သူလူထု ဆိုတာ အကောင်းဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေပါ။

“ ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာရောက်စေသော်” တဲ့။ ခရစ်စမတ်မှာ မိတ်ဆွေတွေအားလုံး ကံကောင်းကြပါစေ။

------------------------------------------------------

ABSDF အတွင်းရေးမှုးဟောင်း(၈၈)နှင့် ဥက္ကဌ ( ဟောင်း )တို့ ၏ မြောက်ပိုင်း လူသတ်မှု့များအပေါ်သဘောထားများ

ကိုသန်းဝင်း၏ သဘောထား

ကချင်ဒေသ ABSDF (မြောက်ပိုင်း ) တွင်ဖြစ်ပွားခဲ့သောလူမဆန်စွာနှိပ်စက် ၊ညှင်းပမ်း၊ရက်စက်စွာသတ်ဖြတ်မှုတွင်အဓိကတာဝန်ရှိသူများသည်၊ယခုအချိန်တွင်တာဝန်ယူဖြေ ရှင်းပေးရန်ပြင်းထန်စွာတောင်းဆိုလိုက်သည်။

ဤကိစ္စသည် ကျနော်တို့ ၈၈၈၈ အရေးတော်ပုံကြီးမှပေါက်ဖွားလာသော ABSDF ကျောင်းသားတပ်မတော်၏ ဂုဏ်သိက္ခာ ၊အစဉ်အလာကြီးသော သမိုင်းကို အမဲစက်ထင်စေသည်သာမက၊ ဘုရားရှင်ရဲ့ တရားတော်၏ ဆိုဆုံးမမှုအောက်တွင်အပြည့်အ၀နာခံ၍ယဉ်ကျေး ၊စာနာစွာနေထိုင်ကြသော မြန်မာပြည်ဖွားများ၏ဂုဏ်သိက္ခာကိုပါ စော်ကားပြီးအမဲစက်ထင်စေ တဲ့လုပ်ရပ်ဖြစ်တယ်၊

ကမ္ဘာ့အလယ်မှာမိမိတို့လူမျိုး ကဲ့ရဲ့ ရှုတ်ချ အထင်သေးခံရတဲ့ဖြစ်ရပ်ဖြစ်တယ်။ မွန်မြတ် မှန်ကန်စွာတိုက်ပွဲဝင်နေသော ကျောင်းသားတပ်မတော်ကိုပြည်သူ များအယုံအကြည်မဲ့စေသော လုပ်ရပ်ဖြစ်တယ်လို့ ကျနော်ခိုင်ခိုင်မာမာစွပ်စွဲပါတယ်၊ အမြန်ဆုံးဖြေရှင်းဖို့လိုအပ်ကြောင်းကိုထပ်မံတောင်းဆိုပါတယ် ။

အောင်မိုးဝင်း ရေးသော မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ သည် သူစိတ်ကူးယဉ် ၍ ရေးသားထားချက်မဟုတ်ပါ ၊ကိုယ်တိုင်ခံစားခဲ့ရသောသူများမှပေးပို့သော ခိုင်မာသည့်အချက်အလက်များမှထုတ်နှုတ်ရေးသားခြင်း ဖြစ်ပါတယ်၊ကျနော်ကိုယ်တိုင်သိတဲ့ကိစ္စဖြစ်သောကြောင့် ဤ ညှင်းဆဲ သတ်ဖြတ် မှုဖြစ်ရပ်သည် အမှန်တကယ်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်ဖြစ်ပါကြောင်းထောက် ခံရေးလိုက်ရပါတယ်။

ဤ ဖြစ်ရပ်ပေါ်တွင်အခြေခံ၍ ရေးသားခဲ့သော ကိုထွန်းအောင်ကျော် ၏ ရပ်တည်ရေးသားချက်သည် ကျနော်နှင့်ထပ်တူထပ်မျှဖြစ်ပါကြောင်း အသိပေးထောက်ခံအပ်ပါတယ်။

ကိုယ်တိုင် ကံနိမ့်စွာဖြင့် နာကျင်စွာ စတေးခံသွားကြသော သူရဲကောင်းများ၊ ကံကောင်းစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ကြသော သူရဲကောင်းများ ကို ကျနော်အလေးပြုအပ်ပါတယ် ၊

စတေးခံခဲ့ရသူများအတွက် ကောင်းရာဘုံဘ၀မှာပျော်ရွှင်စွာစံစားနိုင်ပါစေ။ ကျနော်သည်ရဲဘော်များနဲ့ထပ်တူ နာကျင်စွာခံစားရပါကြောင်းရေးသားတင်ပြလိုက်ရပါတယ်။

ပြုလုပ်သူများသည် တချိန်မှာမိမိလုပ်ရပ်နဲ့ထပ်တူခံစားရမယ်ဆိုတာအမြဲရင်မှာပိုက်ထားကြပါ ၊ကိုယ့်အလှည့်ကျရင်မနွဲ့ကြဖို့တော့လိုတယ်အဆင်သင့်ပြင်ထားကြပါ။ဒါမှတရားမှာပေါ့ ။

တော်လှန်သောသစ္စာဖြင့်-

သန်းဝင်း

အထွေထွေအတွင်းရေးမှူး ဟောင်း ( ၁၉၈၈ )

ABSDF

12/ 21/ 2011

-------------------------------------------------------------------------------------------------

(ABSDF ဥက္ကဌ ဟောင်း ကိုထွန်းအောင်ကျော် ၏ သဘောထား)

ငါတို့လူ့အခွင့်အရေးကိုဘယ်လောက်တန်ဖိုးထားကြသလဲစောင့်သိရိုသေကြသလဲ?။

ကိုထိန်လင်းရဲ့ “ကျွန်တော်သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က”ကို ဖတ်ရတော့ယူကြုံးမရဖြစ်ရတဲ့အပြင်တော်တော် လဲသံ ဝေဂရခဲ့ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာစစ်အာဏာရှင်စံနစ်ကိုတွန်းလှန်ဖို့ကြိုးစားရင်း၊ နိုင်ငံရေးအဖွဲ့ အစည်း တွေ ပြည်သူ့အရေး၊ ဒီမိုကရေစီရေးတွေပျောက်ကွယ်၊ ပန်းတိုင်ကိုမေ့ပြီး ၊ ရန်သူကပင်မလုပ်တဲ့ ရက် စက်မှုအပေါင်းသရဖူဆောင်း တဲ့အထိလူကိုလူလို့မမြင် တော့ဘဲ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲ ဝင်နေပါ တယ်ဆိုသူတွေကလူ့အခွင်အရေးတွေကိုမျက်ကွယ်ပြု၊ လူတွေကို အဟိတ်တိရစ္ဆာန်တွေလိုအရိုင်းအစိုင်းခေတ်ကအတိုင်း လူမဆန်တဲ့နှိပ်စက်နည်းတွေနဲ့မတွေးဝံ့လောက်အောင် ရက်ရက်စက်စက်နှိပ်စက်ပြီး၊ အပြစ်ရှိ ပါတယ်လို့ ဝန် ခံခိုင်း၊ ကမ္ဘာ့အလယ်မှာလူရိုင်းတိုင်းပြည်လိုပြုကျင့်ခဲ့တာတွေကြောင့်၊ ဗမာနိုင်ငံကို တကယ် ကယ်တင်ချင်တယ်၊ တကယ် လူ့အခွင့်အရေးကိုလေးစားတယ်၊ ပြည်သူတွေအတွက်ရယူပေးချင်ပါ တယ်ဆိုတဲ့ သူတွေအား လုံးကြပ်ကြပ်အသဲထဲမှာစွဲနေအောင်မှတ်သားထားပြီး၊ ငါတို့ဒီလိုအလုပ်မျိုးတွေကိုဘယ်တော့မှ မလုပ်ဘူးလို့၊ မိမိကိုယ်ကိုမိမိ လေးလေးနက်နက် ဂတိပြုပြီး စက်ဆုပ်ရွံရှာ စွာ စံနမူနာယူသင့်တယ် လို့တိုက် တွန်းချင်ပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဖြုတ်၊ထုတ်၊သတ်လမ်းစဉ်ဟာ ကွန်မြူနစ်တွေရဲ့လမ်းစဉ် ဟာ မင်းမဲ့ဝါဒနဲ့ဘာများခြားနားလို့လဲလို့မေးခွန်းထုတ်ရတဲ့ကိန်းဆိုက်ခဲ့သလို၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးဟာလည်းမင်းမဲ့စရိုက်နဲ့ကျောက်ခေတ်ကိုပြန်သွားမှာလား?

ပြည်သူတွေကို ဒီမိုကရေစီရအောင်တိုက်ယူကြမှာလား?ဆိုတာမြောက်ပိုင်းအေဘီအက်ဒီအက်ရဲ့လူမဆန်တဲ့ နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှုကမေးခွန်းထုတ်လာရတော့တယ်။

ဒီလိုလုပ်ရပ်တွေကြောင့်ပြည်သူတွေရဲ့ယုံကြည်မှုကျဆင်းသွား ရတာမဆန်းဘူးလို့ပြောရမှာဘဲ၊ မြန်မာ့နိုင်ငံရေးမှာအဓိကပြသနာကကိုယ့်တပ်ကိုယ်ပြန်နင်းတဲ့အကျင့်ဆိုးဘဲဖြစ်တယ်။

တရားဥပဒေဘောင်အတွင်းကစစ်ဆေးပြီးအပစ်ရှိရင်အပစ်ပေး၊ အပစ်မရှိရင်မရှိတဲ့အလျှောက်လွှတ်တာ မျိုးကိုလေးလေးနက်နက်မကျင့်သုံးသ၍နိုင်ငံရေးရည်မှန်းချက်တွေနဲ့ဝေးနေဦးမှာဘဲ။ အဓိကတရားဥပဒေကိုတောထဲမှာမှို့လို့၊ ကျင့်သုံးဘို့မလွယ်ဘူးဆိုတဲ့ဆင်ချေပေးမနေဘဲ ၊ တောမှာဖြစ်ဖြစ်၊ မြို့မှာဖြစ် ဖြစ်၊ တရားဥကဒေကိုလိုက်နာဘို့လိုတယ်၊ တရားကိုစောင့်သိကြဘို့လိုတယ်။

အလွန်စိတ်မကောင်း ဖြစ်ရတာက၊ ဗကပတွေရဲ့အမှားကိုနှောင်းလူတွေဖြစ်တဲ့ အေဘီအက်ဒီအက်ကခေါင်းဆောင်တွေသိရဲ့မြင်ရက်နဲ့ ဘာလို့ပုံတူကူးချရက်စက်ပြရတာလဲဆိုတာဘဲဖြစ်တယ်။

ဒီလုပ်ရပ်ဟာကျောင်းသားတွေရဲ့လက်နက်တော်လှန် ရေးကိုပျက်လိုပျက်စီးလုပ်တာထက်ကျော်လွန်ပြီးလုံးဝကျဆုံးသွားအောင်ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေအမျှော်အမြင်နည်းစွာနဲ့လုပ်လိုက်တာလို့မြင်တယ်။ စစ်အာဏာရှင်တွေက ပြည်သူတွေကို၊ လက်နက်နဲ့ ဗိုလ်ကျစိုးမိုးနေတာကို တိုက်မဲ့သူတွေကိုယ်တိုင်ကကိုယ့်လက်ထဲမှာလက်နက်ရောက်လာတော့၊ ရန်သူထက် ဆိုးတဲ့နှိပ်စက်နည်းတွေနဲ့ ကိုယ်လူအချင်းချင်းထဲမှာရန်သူ့သူလျှိရှိတယ်ဆိုပြီး၊ အပစ်ရှိသူ ၁၀၀ လွတ်ရင်လွတ် ပါစေ၊ အပစ်မဲ့သူတယောက် အပစ်မကျစေနဲ့ဆိုတဲ့တရားသဘောနဲ့ဆန့်ကျင်ပြီး အပစ်ရှိသူတယောက်မိ ဘို့ အပစ်မဲ့သူ ၁၀၀ သတ်ချင်သတ်မယ်ဆိုတာဖြစ်လာခဲ့တာကြောင့် တကယ့်တော်လှန်ရေးသမားတွေတောတွင်း ခံခဲ့ရတာပါ။

ဒီကိစ္စမှာအဲဒီအချိန်ကတာဝန်ယူထားတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေမှာလုံးဝတာဝန်ရှိတယ်၊ ဒီကိစ္စကိုတနေ့နေ့မှာ ဖြေရှင်းကြရမယ်၊ အဲဒီနေ့ဟာလည်းမကြာခင်ရောက်လာတော့မှာဖြစ်တယ်၊ ဒီမိုကရေစီရရင်တောင် ကိုယ့်တိုင်း ပြည်ကိုယ်မပြန်ရဲမဲ့လူတွေလဲရှိမှာပါ။

လွန်ခဲ့တဲ့အနှစ်၂၀ လောက်ကကိစ္စဟာ၊ အချိန်ကြာလာရင်ပျောက်ကွယ်သွားမယ်လို့ထင်ရင် အမှားကြီးမှားလိမ့် မယ်။ ABSDF ဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲ?

ဘယ်သူ့မှာတာဝန်ရှိသလဲမေးရင်တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေဖြစ် တဲ့ထိုစဉ်ကဥက္ကဌတာဝန်ယူထားတဲ့သူတွေကရှင်းပြနိုင်ရင်ပိုကောင်းမယ်။

ဒါမှ ကျောင်းသားတော်လှန်ရေး ကြီးဘာကြောင့်မအောင်မမြင်ဖြစ်ခဲ့ရတယ်ဖရိုဖရဲဖြစ်ရတယ်ဆိုတာသိမယ်လို့ယုံကြည်ပါတယ်၊

အနှစ်၂၀ကျော် ကြာပြီမို့အားလုံးသိခွင့်ရှိတယ်လို့ယုံကြည်လို့လဲဖြစ်ပါတယ်၊ အဲဒီတုံးကဦးဆောင်ခဲ့တဲ့သူတွေအနေနဲ့ ဘာကြောင့်ဒီလိုအရုပ်ဆိုး အကျဉ်းတန်မှုတွေဖြစ်ခဲ့ရတယ်၊

ဘယ်သူကဒီလုပ်ရပ်ကိုခွင့်ပြုခဲ့သလဲ?၊

အေဘီဗဟိုကဒီလုပ်ရပ်ကိုခွင့်ပြုခဲ့တာလား?

အေဘီကချင်ကကိုယ့်ဘာသာကိုယ်လုပ်ခဲ့တာလား?။

ကိုယ်တွေ့အဖြစ်မှန်များကိုသတ္တိရှိရှိတင်ပြပြီးအများကစဉ်းစားကြဘို့ ဖြစ်ပါတယ်။

အေဘီဥက္ကဌတယောက်အနေနဲ့ကိုယ်လေးစားတန်ဘိုးထားတဲ့အဖွဲ့ကြီးအခုလိုကိုယ့်ရဲဘော်အချင်းချင်း သတ်တဲ့အထိအရုပ်ဆိုးအကျဉ်းတန်တဲ့လုပ်ရပ်အတွက်အထူးဘဲစိတ်မကောင်းဖြစ်မိသလို ရေငုံနှုတ်ပိတ်အနေသင့်ဘူးလို့ယူဆတဲ့အတွက်အခုလိုရေးသားလိုက်တာဖြစ်တယ်၊

ကိုထိန်လင်းအနေနဲ့အဲဒီတုံးကဘယ်သူတွေကညှင်းပန်းနှိပ်စက်ခဲ့တယ်၊ ဘယ်သူကဖြင့်အမိန့်ပေးတယ်၊ အဓိကဦးဆောင်သူတွေကိုနံမည်နဲ့တကွရေးသားဖြည့်စွက်ပေးပါလို့ပြောချင်ပါတယ်။

အထူးပြောချင်တာကတော့ ABSDF မှာလက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ရဲဘော်တွေနဲ့ ၊ ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့ သူတွေနဲ့မရောယှက်စေချင်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်သူလက်တွေဝင်မွှေလာမှာကိုလဲတော် လှန်ရေးသတိရှိဘို့လိုတယ်။

အခုလိုအရေးကြီးနေတဲ့အချိန်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ABSDF ကိုတိုက်ခိုက်ဘို့ လက်နက်ကိုင်လမ်းစဉ်ကိုသေးသိမ်အောင်လုပ်ဘို့လုပ်လာနိုင်တယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့လူစစ်ပြီးရဲဘော်သုံးကျိတ်ဖွဲ့ခဲ့တာတောင်ရှုမောင် ခေါ်ဗိုလ်နေဝင်းလိုလောက်ကောင် အာဏာရူးကကပ်ပါလာသေးတာဘဲ။

ဒါကြောင့်ဘယ်သူကဘာဆိုတာမသိခင်ဝါးလုံးရှည်နဲ့မယမ်းဘို့လိုတယ်။ ABSDF ကျောင်းသားတော်လှန်ရေးကိုယုံယုံကြည်ကြည်နဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေကိုတော့မစော်ကားမိဘို့လိုတယ်။

အားလုံးကိုလေးစားလျှက်-

ထွန်းအောင်ကျော်

-------------------------------------------------------

ဒီမိုကရေစီတိုက်ပွဲဝင်ရဲဘော်များအပါအ၀င် အားလုံးသော တော်လှန်ရေးရဲဘော်များသို့ -(စစ်အောင်)

၁။ ဘုံရန်သူဦးတည်ရေးနှင့် military first policy ကို အခြေခံထားသော ၂၀၀၈ဖွဲ့ စည်းပုံ၊ ကြပ်ပြေးလွှတ်တော်စသော အတုအယောင်မှန်သမျှကို ကျရာတာဝန်၊ရောက်ရာဒေသတိုင်းမှ တော်လှန်ရေးလမ်းစဉ်သစ်တရပ်ကို ရေးဆွဲတိုက်ပွဲရေးသည် အဓိကဖြစ်နေသည်။

၂။လက်နတ်ကိုင်တော်လှန်ရေးလမ်းစဉ်သည်အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတရပ်လုံး အတွက် မရှိမဖြစ်လိုအပ်နေသောကျောရိုးဖြစ်သည်။စည်းရုံးရင်းတိုက်၊တိုက်ရင်းစည်းရုံးကာရွာကိုပတ်မြို့ ညကိုဝိုင်းပြီးနင်းပြားလူအလွှာအသီးသီးအားအခြေခံသော၂၁ရာစုပြည်သူလူထုအရေးတော် ပုံကြီး တရပ်ဖြင့် စစ်ဗြူရိုကရေစီစံနစ်ဆိုးကို တိုက်ဖျက်သွားရမှာဖြစ်သည်။

၃။ အဖိနှိပ်ခံမြန်မာ့လူ့ အဖွဲ့ အစည်းအတွေ့ အကြုံများအရ စစ်ဝါဒီများသည် ၄င်းတို့ ၏ အာဏာအုတ်မြစ်များကို ၄င်းတို့ ဖါသာဖျက်ပစ်တာကို တခါဘူးမျှလုပ်လေ့လုပ်ထမရှိဖြစ်သည်။ မဆလစံနစ်ဆိုးကြီးနှင့် မဆလဖွဲ့ စည်းအုပ်ချုပ်ပုံကို ၈၈၈၈လူထုအရေးတော်ပုံကြီးနှင့် ဖျက်ပစ် ခဲ့ရပါသည်။

၎။ ယူနီဖောင်းချွတ်စစ်အုပ်စုသည် cosmetic change, artificial change များနှင့် ဗျူဟာ မြောက်လုပ်နေပါသည်။ထိုသို့ သောအခြေအနေမျိုးတွင် မိမိတို့ ဒီမိုကရေစီအင်အားစုများသည် နိုင်ငံရေးဖက်၊စစ်ရေးဖက်လှုပ်ရှားမှုများမှာအင်အားကိုချွေတိုက်မည်လော၊တစုတစည်းထုတ်သုံးတိုက်မည်လော စသောအရေးများကို ရင်ဆိုင်ဖြေရှင်းရမည်။ မိမိအင်အားမပြုန်းတီးရေးဆို သည်မှာ၂၃နှစ်တာ အတွေ့ အကြုံများနှင့် ချိန်ထိုးပြီး ရန်သူထောင်ချောက် မကျရောက်အောင်၊ ရန်သူပျော့ကွက်ကို ရှာဖွေတိုက်ဖို့  အရေးကြီးနေသည်။ ၁၉၉၂ခုနှစ် မကဒတ(မြောက်ပိုင်း) ထိတ်လန့် ဖွယ်သတ်ဖြတ်မှုကိစ္စများကြောင့် လက်ရှိအချိန်မှာ တိုက်ပွဲဝင်နေသောကျောင်းသား ရဲဘော်များအချင်းချင်း ပဋ္ဋိပက္ခအသွင်မဆောင်ကြပဲနှင့် ရှစ်လေးလုံးဂုဏ်သိဏ္ခာကို သမိုင်းမှာ တောက်ပြောင်နေအောင် ဆောင်ရွက်သွားရမည်ဖြစ်သည်။

၅။ ကိုဖုန်းမော်မှသည် မ၀င်းမော်ဦးစသောသူရဲကောင်းတွေ၏ရာဇ၀င်၊ ကိုတင်လေး (ထားဝယ် ကျောင်းသားခေါင်းဆောင်)မှသည် ကိုထွန်းအောင်ကျော် GTI (မကဒတ၊ မြောက်ပိုင်းဥက္ကဌ) စသော လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် သူရဲကောင်းတွေ၏ ဖြစ်ရပ်မှန်သမိုင်းများအား ၈၈ရဲဘော် များမှမော်ကွန်းရေးထိုးသွားရမည်ဖြစ်သည်။သို့ မှသာ၈၈မျိုးဆက်များ၏ဒီမိုကရေစီရေးပေးဆပ် မှု များ သမိုင်းမှာကျန်ရှိမည်ဖြစ်သည်။

၆။ ၁၉၉၁ခုနှစ်ကုန်ကာနီးမှာ တရုတ်နိုင်ငံ၊မန်ဆီမြို့ မှာ ကေအိုင်အိုမှဦးဆောင်ပြီး မကဒတ (မြောက်ပိုင်း)၊ အက်စ်အက်စ်အေ၊ လားဟူ၊ ပလောင်တို့ အစည်းအဝေး လုပ်ဖြစ်ခဲ့ပါသည်။ ထို အစည်းအဝေးကို (မကဒတ၊မြောက်ပိုင်းဥက္ကဌ) ကိုထွန်းအောင်ကျော် GTI တက်ရောက် ခဲ့ပါသည်။ ကေအိုင်အိုချပြတာသည် ဗိုလ်ခင်ညွှန့် တို့  အစီအစဉ်အရ အပစ်ရပ်ဖို့ ဖြစ်သည်။ ကိုထွန်းအောင်ကျော်အပါအ၀င် ကျောင်းသားအတော်များများမှ အာဏာသိမ်းစစ်ကောင်စီ၏ သဘောလက္ခဏာများကို ဖော်ထုတ်ရှင်းပြကာ လက်မခံဘူးလို့  သဘောထားပေးခဲ့သည်။ ထို့  နောက်တွင် မကဒတရင်း (၇၀၁)၊ (၇၀၂) တို့ ကို ကချင်ဂွင်ထဲမှာထုတ်ပြီး အိန္ဒိယဘက်သို့ ရွေ့  ပြောင်းရန် အစီအစဉ်ဆွဲခဲ့ကြသည်။ အိန္ဒိယဘက်သို့ ရွေ့ လျှင် ကချင်တပ်မဟာ(၄)မထုနော်၊ ၀တပ်အစရှိတာမှပါမစ်ရဖို့ ကြိုးစားရပါမည်။ကိုထွန်းအောင်ကျော်သည်အစောပိုင်းကတည်း က အိန္ဒိယနယ်စပ်လမ်းကြောင်းနှင့်ဦးယုမြစ်ဖျားအခြေခံစစ်ရေးလှုပ်ရှားမှုနှင့်စစ်ကိုင်းဟူးကောင်း လွင်ပြင်နှင့်စစ်ကိုင်း၊မန္တလေးစစ်ရေးဗျူဟာကြီးကိုကြိုးစားခဲ့သူဖြစ်သည်။

ထိုအချိန်ကမြောက်ပိုင်း မှထိုင်းနယ်စပ်ကိုဆင်းဖို့ ရာမှရှမ်းနီအဖွဲ့  ငြိမ်းဖြစ်သွားလို့  မကဒတ ရဲဘော်များ ကိုစစ်တပ်ထံ ထိုးအပ်ခဲ့တာကြောင့် လမ်းကြောင်းကြပ်သွားခဲ့သည်။ စစ်အာဏာရှင်စံနစ်ကို စစ်ရေးစီမံကိန်း များနှင့် တော်လှန်တိုက်ပွဲဝင်ဖို့ ကြိုးစားအားထုတ်နေသူ၊စစ်ဖီးဂျပ်ကဒ်ကို ၀တ်ပြီး သိမ့်မွေ့ စွာ နှင့်အချက်အလက်ကျကျပြောဆိုဆွေးနွေးနိုင်သူ ရဲဘော်ထွန်းအောင်ကျော်ကို ဆက်ဆံခဲ့ဖူးသူ တိုင်း၊ရဲဘော်ထွန်းအောင်ကျော်သည် စစ်ထောက်လှမ်းရေးမဟုတ်ဘူးဆိုတာပြောဆိုနေမှာဖြစ် သည်။ ရဲဘော်ထွန်းအောင်ကျော်သည် အထက်ဗမာပြည် ၈၈မျိုးဆက် ချီဂွေဗါးယားဖြစ်သည်။ jangle kangaroo court မှ မှတ်တမ်းတင်ထားသော စစ်ဆေးမေးမြန်းခွေသည် မန္တလေး၊ စစ်ကိုင်းဘက်မှ ပြည်သူလူထုမှလည်း အယုံအကြည်မရှိဖြစ်နေသည်။ ရန်ကုန်၊ပဲခူးတို့ မှ လုပ် ဖော်ကိုင်ဖက်ရဲဘော်သူငယ်ချင်းများမှလည်းအယုံအကြည်မရှိဖြစ်နေသည်။

၇။ မကဒတမြောက်ပိုင်းမှကျောင်းသားများသတ်ဖြတ်ခံလိုက်ရပြီး နှစ်အနည်းအငယ်အကြာမှာ ပဲ အင်န်အယ်ဒီ ၉၀ရွေးကောက်ပွဲ ရေဦးအမတ်ဖြစ်တဲ့ ဦးဝင်းကို သည် ကူမင်းမြို့ တည်းခိုခန်း မှာ ဓါးဒဏ်ရာပေါင်းများစွာနှင့် အသတ်ခံခဲ့ရသည်။ ဦးဝင်းကိုသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မူးမြစ်ဝှမ်း လက်နတ်ကိုင်လှုပ်ရှားမှုအား ချိတ်ဆက်ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့သူဖြစ်သည်။ မူးမြစ် ၀ှမ်း ကိစ္စအား ပြည်သူ့ အာဏာဂျာနယ်တွင်လည်း တစိတ်တဒေသရေးသားထုတ်ပြန်ခဲ့သည်။ ၁၉၆၂ခုနှစ်မှစပြီး စစ်ဝါဒကို တော်လှန်ခဲ့သော ဗကသကျောင်းသားခေါင်းဆောင် ကိုစိုးဝင်း မှ သည်၈၈မျိုးဆက်ကိုထွန်းအောင်ကျော်အပါအ၀င်ကျောင်းသားများစွာတို့ သည် စစ်မြေပြင်တွင် ရန်သူအသတ်ဖြတ်နှင့် မကျဆုံးရပဲ အသားထဲကလောက်များ၊ လူယုတ်မာများ၏စံနက်ကြောင့် ကျဆုံးခဲ့ရသည်မှာအင်မတန်မှခါးသီးစရာကောင်းပါသည်။ မကဒတမြောက်ပိုင်း အသတ်ဖြတ်ခံ ရဲဘော်များအရေးနှင့် ပက်သက်ပြီး အနီးစပ်ဆုံးနှင့်၊ လက်လှမ်းအမှီဆုံးမှာရှိနေသော ဗမာပြည် ကွန်မြူနစ်ပါတီ၏ တုံဏိဘာဝေရှိနေခြင်းအပေါ် အားမရဖြစ်ရသည်။ ယနေ့ ထက်တိုင် အာသံ ကုန်းမှာ ၈၈ကျောင်းသားသူရဲကောင်းများ၏ ပုံရိပ်တွေသည်-

ပါးစပ်မှသည်သွေးအလိမ်းလိမ်းစီးဆင်း

လည်မျိုမှသည် ခေါင်းနှင့်ကိုယ်ဖြတ်

တံဆိပ်မကပ်ကြပါနှင့်၊ဦးထုပ်မဆောင်းကြပါနှင့်

ငါတို့ ကျောင်းသားတွေသည် ရာဇ၀င်မှာ ဖိနှိပ်မှုကို တော်လှန် သမဂ္ဂရဲ့ အောင်ပွဲဆက်ဆက်ခံအုံးမည် ကြွေးကြော်သံနှင့် ထာဝစဉ်ရှင်သန်ထမြောက်နေမည် ဆိုတာကို မော်ကွန်းထိုးဖော်ပြနေသည်။

သူရဲကောင်းစိတ်ဓါတ်ကို ဦးညွတ်ဂုဏ်ပြုလျှက်-

စစ်အောင်

-------------------------------------------------------------

ကိုထူးချစ်နဲ့ ကိုအောင်မျိုးမင်း သို့  (မြောက်ပိုင်းကိစ္စ)

(ဘုန်းကျော်)

ကိုထူးချစ် နှင့် ကိုအောင်မျိုးမင်း

ABSDF မြောက်ပိုင်းက အစုအလိုက်အပြုံလိုက်လူတ်မှု့  ကိစ္စကို ကာယကံရှင်တွေက စပြီး အရေးယူဖို့ အကောင်အထည်ဖော်နေပါပြီ။

ဒီလူသတ်မှာ အဓိက ကြိုးကိုင်တဲ့ ဒေါက်တာနိုင်အောင် နဲ့  ကိုရော်နယ်အောင်နိုင်တို့ နှစ်ဦးက မဲ့ဆောက်မှာရှိနေတုန်းပါ။ သူတို့ တွေဟာ အမေရိကန်နိုင်ငံက ခရီးသွားလာခွင့်လက်မှတ်တွေကို ကိုင်ထားတယ်။ တစ်ယောက်က အမေရိကန်နိုင်ငံကထောက်ပံ့တဲ့ အင်တာနယူးစ်မှာ အလုပ်လုပ်နေတယ်။ ဒီလူနှစ်ဦးကို ခံခဲ့ရတဲ့ကာယကံရှင်တိုင်းက သူတို့ ဟာ တရားခံဖြစ်တယ်ဆိုပြီး အထောက်အထားတွေနဲ့ တင်ပြနေပြီ။ ကိုအောင်မိုးဝင်းနဲ့ ကိုထိန်လင်းတို့ တောင် ဒီအမှုတွဲမှာ စတင်ဖော်ထုတ်နေပြီ။ သူတို့ တွေဟာ တကယ်တမ်းပြောရရင် ပြည်ပမှာ နာမည်အတော်အတန်ရှိတဲ့သူတွေပဲ။

ဘန်ကောက်က မြန်မာသံရုံးမှာတောင် မြောက်ပိုင်းလူသတ်မှုဗွီဒီယိုအခွေရှိတယ်လို့ သိရတယ်။ သံရုံးကလည်း ဒီကိစ္စကို လျှို့ ဝှက်ထားတယ်။ အဲဒိဗွီဒီယိုကို ကြည့်ဖူးတဲ့လူတစ်ဦးက ဘာပြောလဲဆိုတော့ လူသတ်မှုကို အမိန့် ပေးတဲ့လူထဲမှာ ကိုနိုင်အောင်ပါတယ်လို့ ပြောတယ်။ အမိန့် ပေးတာတင်မဟုတ်ဘူး၊ လူသတ်နေတဲ့ နေရာမှာကို ဒေါက်တာနိုင်အောင်ရှိပါတယ်။ အဲဒိအခွေထဲမှာ ဒေါက်တာနိုင်အောင်ကို သူ တွေ့ တယ်လို့ ဆိုတယ်။ ထူးခြားတာက ဘာ့ကြောင့် သံရုံးက ဒီအခွေကို အင်တာနက်မှာ မတင်တာလဲမသိဘူး။

ယနေ့ အချိန်ထိ ထိုင်းနိုင်ငံမှာရှိတဲ့အတိုက်အခံလောကမှာ ရော်နယ်အောင်နိုင်နဲ့ ဒေါက်တာနိုင်အောင်တို့ ဟာ ခေါင်းဆောင်ဆိုတဲ့နေရာမှာရှိနေတုန်းပဲ။ သူတို့ ဟာသူတို့ ခေါင်းဆောင်ဖြစ်နေတာက ပြသနာမဟုတ်ဘူး။ အဓိကပြသာနာက ဒီလိုမျိုးအုပ်စုနဲ့ အနိုင်ကျင့်ပြီး သတ်ချင်တိုင်းသတ်ခဲ့တဲ့ ကျောင်းသားအရည်ခြုံ၊ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရည်ခြုံ လူတွေကို လက်ရှိ ထိုင်းအခြေစိုက်အတိုက်အခံတွေက အသိအမှတ်ပြုလက်ခံထားတဲ့ကိစ္စကို ယနေ့ နိုင်ငံရေးကာလမှာ မေးခွန်းထုတ်ချင်တယ်။

ဘာ့ကြောင့် လူ့ ဘောင်သစ်၊ အေဘီအက်စ်ဒီအက်ဖ်၊ အန်အယ်ဒီ စတဲ့အဖွဲ့ တွေက အသိအမှတ်အပြူပြီး ဒီလူတွေနဲ့ ဖင်လိုးဖင်ခံလုပ်နေကြတာလဲ။ ငွေရှာပေးနိုင်လို့ လား။ အထူးသဖြင့် လူ့ ဘောင်သစ်ဥက္ကဌ ကိုအောင်မိုးဇော်ဟာ ဒီကိစ္စကို မသိတာမဟုတ်ဘူး။ သိသိကြီးနဲ့  FDB မှာ ပါဝင်ပက်သက်တယ်။ ကိုသံခဲဆိုရင် ဒီကိစ္စကို အထူးသဖြင့်ဖော်ထုတ်ဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ ဒီလူတွေ သတ္တိမရှိဘူး။ ကိုယ်နဲ့ ပေါင်းတဲ့ခင်တဲ့လူတွေဆိုပြီး မသိချင်ယောင်ဆောင်နေခဲ့တယ်။

လူသတ်ပွဲမှာ မသေလို့ ကျန်ခဲ့တဲ့ အမနန်းအောင်ထွေးကြည်ဟာ အခုလက်ရှိ မျက်မြင်သက်သေအဖြစ်နဲ့ သြစတျေးလျမှာရှိတယ်။ သူ့ ရဲ့ စောက်ဖုတ်ကို မညှာမတာ ဒုတ်နဲ့ အထိုးခံရတဲ့အထိ လုပ်ခဲ့တာ ဘယ်သူလဲ။ ဒီလူတွေကတော့ ၈၈ ကျောင်းသားခေါင်းသားခေါင်းဆောင်ဆိုတဲ့ ကိုနိုင်အောင်နဲ့  ကိုအောင်နိုင်ပဲ။

ဒီအမှု့ မှန်ပေါ်ဖို့ အတွက် တော်လှန်ရေးမှာ ပါခဲ့တဲ့လူတိုင်း အမှန်တရားကို ချစ်တဲ့သူတိုင်း ကူညီဖို့ အရေးကြီးတယ်။ တာဝန်ရှိတယ်လို့ ကျနော်တော့ ယုံကြည်တယ်။ ကိုအောင်မျိုးမင်း နဲ့ ကိုနိုင်အောင်တို့ ဟာ ဖင်လိုးဖင်ခံနေတဲ့လူတွေဆိုတာ ကျနော်သိတယ်။ ဒါပေမဲ့ ရာဇ၀တ်မှုမှာတော့ ဒီလိုဆက်ဆံရေးမျိုး မရှိသင့်ဘူး။ ရှိနေတယ်ဆိုရင် အားပေးတဲ့လူဖြစ်တယ်။

ကိုထူးချစ်နဲ့ ကျနော်လည်း အတော်ရင်းနှီးပါတယ်။ ဘာ့ကြောင့် ကိုထူးချစ်နဲ့ ကိုအောင်မျိုးမင်းတို့ ဒီကိစ္စမှာ ရေငုံနှုတ်ပိတ်နေတာလဲ။ တကယ်လို့ အမျိုးသားသင့်မြတ်ရေး နဲ့  လူ့ အခွင့်အရေးကိုလုပ်နေတဲ့လူတွေဆိုရင် ဒီကိစ္စမှာ ၀ိုင်းပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်။

ကိုထိန်လင်း၊ ကိုအောင်မိုးဝင်းတို့ ဦးဆောင်ပြီးဖွဲ့ ထားတဲ့ အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့ ကူညီသင့်တယ်။ ဒီအဖွဲ့ က ခံခဲ့ရတဲ့ကာယကံရှင်တွေ အချက်အလက်တွေနဲ့ တရားစွဲနိုင်အောင်လို့ လုပ်ထားတဲ့အဖွဲ့ ဖြစ်တယ်။

ကျနော့်မှာ အိုင်ဒီယာတစ်ခုရှိတယ်။ ဒါကတော့ အဓိကလူသတ်မှုမှာ အမိန့် ပေးတဲ့လူနှစ်ဦးက ကိုနိုင်အောင်နဲ့ ကိုအောင်နိုင်ဖြစ်တယ်။ သူတို့ က ထိုင်းမှာလက်ရှိနေတယ်။ ထိုင်းမှာ လူ့ အခွင့်အရေးကော်မတီဆိုတာရှိတယ်။ ဒီကော်မတီမှာ တိုင်ကြားလို့ ရတယ်။ အချက်အလက်လုံလောက်ရင် သူတို့ နှစ်ဦးကို ထိုင်းအစိုးရက ဖမ်းလိမ့်မယ်။

နောက်တစ်ခုက နိုင်ငံတကာနဲ့ ပက်သက်တယ်။ ဖင်လန်နိုင်ငံမှာ နိုင်ငံတကာလူ့ အခွင့်အရေးကော်မရှင်ဆိုတာ ရှိတယ်။ အဲဒိမှာလည်း ခံခဲ့ရတဲ့ကာယကံရှင်တွေအမှုဖွင့်တိုင်ကြားနိုင်တယ်။ ဥပမာ ကိုထိန်လင်းရဲ့ ထွက်ဆိုချက်၊ နန်အောင်ထွေးကြည်ရဲ့ ထွက်ဆိုချက်နဲ့ တောင် ဖမ်းဆီးဖို့ လုံလောက်တယ်။ အခြားလူတွေကပါ ထပ်ပြီး ထွက်ဆိုချက်ပေးရင် ကိုနိုင်အောင်နဲ့ ကိုအောင်နိုင်တို့ ပြေးမလွတ်ပါဘူး။

ဝန်ကြီးဦးအောင်မင်းနဲ့ Personal ဆွေးနွေးတယ်ဆိုတဲ့ ကိုနိုင်အောင်မှာ အကြံအစဉ်တခုရှိပုံရတယ်။ ဒါကတော့ အစိုးရရဲ့ လက်အောက်မှာ ခွန်ဆာလို မျိုးလက်နက်ချမဲ့ပုံစံဖြစ်တယ်။ ဒါဆိုရင်နအဖရဲ့ အကာကွယ်ကို သူရလိမ့်မယ်။ သေဘေးကနေ လွတ်မယ်။ ဒါ့ကြောင့် သူ့ ပါးစပ်က ပါစွန်နယ်တွေ့ ပါတယ်လို့ ပြောနေတယ်။ အဖွဲ့ အစည်းတစ်ခုရဲ့ ခေါင်းဆောင် တပ်ပေါင်းစုရဲ့ ခေါင်းဆောင်တစ်ဦးဟာ ဒီလို နိုင်ငံရေးအခင်းအကျင်းမှာ ပါစွန်နယ်တွေ့ စရာလား။ ကျနော့်ခေါင်းထဲမှာ မရှင်းတဲ့မေးခွန်းပါ။

ကိုထူးချစ်နဲ့ ကိုအောင်မျိုးမင်းတို့ မှာ အထက်ကပြောတဲ့ လူ့ အခွင့်ရေးမှတ်တမ်းတင်တာ၊ တရားစွဲတာ၊ ချန်နယ်တွေကို သိတဲ့ကျွမ်းတဲ့အဖွဲ့ အစည်းနဲ့ လူကြီးတွေဖြစ်တယ်ဆိုတာကို အားလုံးသိတယ်။ ဂုဏ်သိက္ခာရှိတဲ့အဖွဲ့ အစည်း လူပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုရင် မြောက်ပိုင်းလူသတ်မှုကိုလုပ်တာဘယ်သူလဲ၊ လုပ်တဲ့သူကိုအရေးယူဖို့ အတွက် တာဝန်ရှိတယ်ဆိုတာကို ကျနော်ပြောချင်တယ်။

စစ်အစိုးရကြတော့ လူ့ အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး တစ်ချိန်လုံး ရှုံ ချတယ်။ ကိုယ့်ထဲလူတွေ အုပ်စုဖွဲ့ လူသတ်မုဒိမ်းကျင့်တာကိုကြတော့ လက်ပိုက်ကြည့်နေတဲ့လူတွေဟာ ဘယ်လို လူမျိုးတွေလဲဆိုတာကိုတွေးကြည့်ပါ။

ဆိုတော့...ကျနော်တို့ ဟာ ဒီကိစ္စမှာ ပါဝင်ဖို့ တာဝန်ရှိတယ်။ ဒါ့ကြောင့်ဝိုင်းပြီးကူညီပေးပါ။

2 comments:

Anonymous said...

Lucky Club Casino Site - Lucky Club Live
Lucky Club casino is a safe and trusted source of online gambling in Nigeria. Learn about the latest casino games and the games luckyclub.live offered to players in  Rating: 2.9 · ‎21 votes

cacyigarashi said...

Las Vegas Casino & Hotel - Mapyro
Las 광명 출장마사지 Vegas Casino & Hotel in 충청남도 출장샵 Las Vegas, NV. 포커 족보 Mapyro provides you with the most complete information on the best Las Vegas 파주 출장안마 casinos. 계룡 출장마사지