8 Apr 2012

သင်္ကြန်သံချပ် ကိစ္စအပေါ် အစိုးရသူ အချင်းချင်း သဘော ကွဲလွဲတာ အန္တရာယ်ကြီး တခု

“သင်္ကြန်မှာ သံချပ်မတိုင်ရ”လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ပိတ်ပင် လိုက်တာဟာ အကြီးအကျယ် လွဲမှားနေပြီး ရှေ့အနာဂတ် တိုင်းပြည် အရေးတွေ အတွက် စိုးရိမ်စရာ ကောင်းနေတဲ့ ကိစ္စပါ။

ပြည်နယ် (သို့) တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို သီးသန့် ဖော်ပြထားတာ ရှိတဲ့အပြင် အဲဒီက ကင်းလွတ်နေတဲ့အခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်းထားခြင်း မရှိမှသာ သက်ဆိုင်ရာ ပြည်နယ် (သို့) တိုင်းဒေသကြီးရဲ့ “ဥပဒေ ပြဌာန်းချက်” အရသာ ဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်။ အမိန့်၊ ကြေညာစာ၊ လမ်းညွှန်ချက်နဲ့ မလုံလောက်ပါဘူး။

အမျိုးသား လွှတ်တော်က ပြောဆိုပြီး နိုင်ငံပိုင် သတင်းစာတွေမှာ အတိအလင်း ဖော်ပြထားတဲ့ ကိစ္စကို ရန်ကုန်တိုင်း ဒေသကြီးက ကြားဝင် စွက်ဖက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်း ဒေသကြီးရဲ့ အစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၁၂) ဆုံးဖြတ်ချက် အပိုဒ် (၁၈) ဆိုတာ အာဏာ သက်ရောက်ဖို့ မဖြစ်နိုင်ပါဘူး။

ပြည်ထောင်စု လွှတ်တော် တခုအပေါ် ပြည်နယ် (သို့) တိုင်းဒေသကြီးတခုရဲ့ အစိုးရတရပ်က သြဇာညောင်း လွှမ်းမိုးနေတဲ့အဖြစ်ကို လက်ခံလိုက်ရင် အစရှိ အနောင်နောင် ဆိုသလို အနာဂတ် မြန်မာနိုင်ငံရဲ့ အရေးဟာ အလွန်ကို စိုးရိမ်ဖွယ်ရာ ဖြစ်လာရပါလိမ့်မယ်။ တနည်းအားဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မလေးစား မလိုက်နာရာ ရောက်သွားဖို့ အစပြုပေးသလို ဖြစ်သွားနိုင်ပါတယ်။

ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလိုက်လို့ မဖြစ်ပါဘူး။ အခြား ပြည်နယ် (သို့) တိုင်းဒေသကြီးတွေကလည်း ကြိုတင် မမှန်းဆနိုင်သေးတဲ့ အခြားကိစ္စတွေမှာ အလားတူ လုပ်ဆောင်လာဖို့ မီးစိမ်းပြသလို ဖြစ်စေပါတယ်။

(၁) အမျိုးသား လွှတ်တော်အနေနဲ့ မိမိပြောဆိုထားပြီးကိစ္စမှာ အခိုင်အမာ ပြတ်ပြတ်သားသား ရပ်တည်စေချင်ပါတယ်။

(၂) လိုအပ်မယ် ဆိုလို့ရှိရင် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ ခုံရုံးကို တင်ပြပြီး ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ခံယူစေချင်ပါတယ်။ (သို့) အရေးပေါ် ပြည်ထောင်စုလွှတ်တော် (လွှတ်တော် ၂ ရပ်ပေါင်း) ကို ခေါ်ယူပြီး မဲခွဲဆုံးဖြတ် အတည်ပြုပေးစေချင်ပါတယ်။

No comments: