31 May 2012

"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ( အပိုင်း-၆)" (Aung Moe Win)+ "လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ(အစ အဆုံး)" (ထင်လင်းအောင်)

- "မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ( အပိုင်း-၆)" (Aung Moe Win) January 25, 2012
- "လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ(အစ အဆုံး)" (ထင်လင်းအောင်)
"ကိုထိန်လင်း၊မနန်းအောင်ထွေးကြည်၊ကိုညီညီကျော်၊ကိုထင်လင်းအောင်၊ ကိုထွန်းအောင်ကျော် နဲ့ကျနော်"- -ဦးသန်းဆွေ(မြေနီကုန်း)-
"ခွင့်လွှတ်လို့ရတဲ့ အမှားရှိသလို၊ခွင့်လွှတ်လို့ မရတဲ့ အမှားလည်း ရှိတယ်။"- (စိုးဝင်းရှိန်)-
"ငရဲပွက်ပမာ သေဆုံးသူတို့၏ AB မြောက်ပိုင်းမှ အရိုးတွန်သံများ"-( အမေ့သား-ဒိန်းမတ်)-

-----------------

အမှတ်တရ ကဏ္ဍ

 - "မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ( အပိုင်း-၆)" (Aung Moe Win) January 25, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများကို တင်ပြခဲ့တာ အပိုင်း (၆) ကို ရောက်ရိှလာခဲ့ပါတယ်။

ဒုတိယအဆင့် ကို ရောက်လာပြီ လို့ ဆိုရပါလိမ့်မယ်။ ဒီ အဆင့်မှာ ကျူးလွန်ခဲ့သူတွေ နဲ့ ကိုယ်တိုင်ခံစားခဲ့ရသူတွေကို လေးလေးနက်နက် တိုက်တွန်းချင်တာလေး တခုရှိပါတယ်။

ကျဆုံးသွားခဲ့တဲ့ ကျောင်းသားတပ်မတော် ရဲဘော်၊သူငယ်ချင်းတွေရဲ့ လိပ်ပြာဝိညာဉ်တွေ၊ ကိုယ့်ရဲ့ ဒဏ်ရာတွေကို သိက္ခာရှိရှိ ကာကွယ်ခုခံသောအားဖြင့်၊ ကာယကံရှင်တွေဟာ သတ္တိရှိရှိ၊ ဗြောင် ထွက်ဆွေးနွေး ကြပါ။

တယောက်ချင်း ဆီဖြစ်ဖြစ်၊ အုပ်စုလိုက်ဖြစ်ဖြစ်၊ လိုအပ်မယ်ထင်တဲ့ စာတမ်းတွေကို တင်ကြဖို့ အချိန်ရောက်ပြီလို့ ယူဆပါတယ်။ သူများရေးတဲ့ဆောင်းပါးတွေမှာ မှတ်ချက်ဝင်ပေးတာမျိုးတွေ၊ ပဟေဠိ ပုစ္ဆာတပုဒ်တွက်သလိုမျိုး မေးခွန်းထုတ်နေတဲ့လုပ်ရပ်တွေ၊ ပြဇာတ်ထဲက ဒဏ်ရာ အနာတရ မင်းသားတယောက် ကိုယ့်ရဲ့ကြေကွဲမှုကို အယားဖြေ တယောထိုး ငိုကြွေးနေတာမျိုးတွေကို ရပ်သင့်ပါပြီ။ ကိုယ့်နှလုံးသားကို ကိုယ့်ဘာသာ သစ္စာရှိဖို့လိုပါတယ်။

ကျနော်ကတော့ ကျနော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဘက်၊ ဗကသ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုထွန်းအောင်ကျော်၊ ကျောင်းသားတပ်မတော် (မြောက်ပိုင်း ဥက္ကဋ္ဌ) ၊ ရဲဘော်စိုးဝင်းသန်း နဲ့ ကျဆုံးခဲ့သော အပြစ်မဲ့ကျောင်းသားများ၊ ကိုယ့်ရဲ့ယုံကြည်မှုကို ရိုးသားသန့်စင်စွာ သတ္တိရှိရှိ ရပ်တည်ခဲ့တဲ့ နန်းအောင်ထွေးကြည်နဲ့ တခြားရဲဘော်တွေအတွက် ဆက်လက်ရပ်တည်တိုက်ပွဲဝင် သွားပါမယ်။

မရှင်းမလင်းလုပ်နေတဲ့သူတွေအတွက် ကျနော်တို့ရဲ့အသံတွေ တစုံတရာမှ ရှိမှာ မဟုတ်ဘူး ဆိုတာကိုတော့ တိတိကျကျပြောချင်ပါတယ်။ ကာယကံရှင်တွေက သူရဲဘောကြောင်စွာ ဆက်လက် ငြိမ်သက်နေမယ် ဆိုရင်တော့ ကြိုတင် သတိပေးလိုက်ပါရစေ။

တတိယအဆင့်မှာ မုန်တိုင်းကို ပို ဖြတ်ကြရပါလိမ့်မယ်။ ပိုပြီး အရှက်တကွဲ အကျိုးနည်းမယ့် ဖြစ်ရပ်တွေကို ကြုံတွေ့ကြရပါလိမ့်မယ်။ ။



”မကောင်းဆိုးဝါးတကောင်ရဲ့ အသံ”

“ရော်နယ်အောင်နိုင် ရဲ့ အသံကို ကြားရတိုင်း ပါဂျောင်စခန်းမှာ ညှင်းဆဲ နှိပ်စက်ခံရတဲ့ အသံတွေကို ကြားနေရတယ်၊ သူ့အသံမှာ မကောင်းဆိုးဝါးတကောင်ရဲ့ အခိုးအငွေ့တွေ ရိုက်ခတ်နေတယ်” လို့ အသက်မသေပဲ ပြည်တွင်းကို ပြန်ရောက်သွားတဲ့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေက ရင်ဖွင့်ပြလေ့ရှိကြတယ်။

တကယ်တော့ ရော်နယ်အောင်နိုင် ဆိုတဲ့သူဟာ လွန်ခဲ့တဲ့အနှစ် (၂၀) လောက်က မြောက်ပိုင်းဒေသမှာ မတရားသဖြင့် စွပ်စွဲ သတ်ဖြတ် ခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုတွေကို လူတွေ မေ့ပျောက်လောက်ပြီ လို့ ထင်နေသလား မသိပါဘူး။ အသံလွှင့်ဋ္ဌာနတွေနဲ့ အင်တာဗျူးတဲ့အခါတိုင်း လူတတ်ကြီး လုပ်ပြီး သတိ လက်လွတ် ပြောဆိုလေ့ရှိတယ်။ သူ့ရဲ့ အင်တာဗျုးတခုကတော့ မြောက်ပိုင်းဒေသမှာ ဒဏ်ရာအနာတရဖြစ်ခဲ့တဲ့ သူတွေအားလုံးကို မီးတောက်လောင်၊ ဒေါသထွက်စေခဲ့တယ်။


(လူသတ်သမား သံချောင်းပုံ။)

မှတ်မှတ်ရရ၊ ၂၀၀၆ ခုနှစ်မှာ လူသတ်သမား သံချောင်းတယောက် စစ်အစိုးရဆီကို လက်နက်ချပြီး ဝင်သွားတဲ့အခါ ၊ စစ်အစိုးရက သံချောင်းရဲ့ လူသတ်မှု၊ ရာဇဝတ်မှုတွေအတွက် သေဒဏ် (၅) ခါ ချမှတ်ခဲ့တယ်။

ရော်နယ်အောင်နိုင်ကို ABSDF ( မြောက်ပိုင်း) နဲ့ ပတ်သက်ပြီး၊ အင်တာဗျုးလုပ်သူက မေးခွန်းတခု မေးတဲ့အခါ၊ သူက လူတတ်လုပ်ပြီး၊ “ ABSDF မှာ ရန်သူ့သူလျှို လို့ ယူဆသူအားလုံးကို သတ်ပစ်ရမယ် ဆိုတဲ့ မူ ရှိတယ်” လို့ ဖြေကြားခဲ့တယ်။ အထဲမှာ နားထောင်လိုက်ရတဲ့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေက သူ့ရဲ့အမေးအဖြေကို နားထောင်ပြီး၊ ပါဂျောင်ဒေသဆီက မချိမဆန့် အန်ထွက်လာတဲ့ ရဲဘော်သူငယ်ချင်းတွေရဲ့ အော်သံတွေကို နာနာကျင်ကျင် ခံစားလိုက်ကြတယ်။

ရော်နယ်အောင်နိုင် ဆိုတဲ့သူက လူသတ်မှုကို မြိန်ရည်ရှက်ရည်ထောက်ခံ ပြောဆိုနေတုံးပါလား ..ဆိုတာ နားလည်သဘောပေါက်လိုက်ကြတယ်။ ရော်နယ်အောင်နိုင်က ဘာလို့ ထင်ယောင်ထင်မှား ကမ္ဘာမှာ ကိုယ့်ဘာသာ လိမ်ချင်နေရတာလဲ။



တကယ်ဆို ထွန်းအောင်ကျော် ဆိုတဲ့ ပုဂ္ဂိုလ်ဟာ မန္တလေးကတည်းက ရင်းနှီးကျွမ်းဝင် ခဲ့တဲ့သူဖြစ်သလို၊ ထောက်လှမ်းရေးမဟုတ်ကြောင်း သက်သေပြခဲ့တဲ့ဖြစ်ရပ်တွေကိုလည်း ကြုံတွေ့ခဲ့ရဖူးတယ်မို့လား။

”ရန်သူ့သူလျှိုတွေဟာ ကျောင်းသားတပ်မတော်ကို ဖြိုခွဲဖို့အတွက် အဆိပ်တွေ ခိုးယူလာခဲ့ပါတယ် ” လို့ စွပ်စွဲခဲ့တယ်။ ကျောင်းသားတွေကို ဖမ်းဆီးနှိပ်စက်တယ်။ အဆိပ်ရှာမတွေ့တော့ လက်ဖြတ်တယ်။ ခန္ဓာကိုယ်ကို မီးရှိှု့တယ်။ ရက်စက်မှုပေါင်းစုံကျူးလွန်ခဲ့ပြီး ခေါင်းဖြတ်သတ်ခဲ့ကြတယ်။

ABSDF (NB) စစ်ကြောရေးခေါင်းဆောင်တွေ ကျောင်းသားတွေထံမှာ ၊ ရှာမတွေ့ခဲ့တဲ့ အဆိပ်တွေက သတင်းထောက်တွေ ရှေ့မှာလည်း ရောက်ရော ဘာကြောင့် အရံသင့် ထုတ်ပြထားတဲ့ သက်သေခံ ပစ္စည်းတွေဖြစ်နေရတာလဲ။ တတ်လည်း တတ်နိုင်ကြလေရဲ့။ ဒါပေမယ့် ဒါတွေဟာ ကိုယ့်ရှူးကိုယ်ပတ်မယ့် ထောက်ကွက်တွေဖြစ်လာခဲ့ပြန်တယ်။

”သက်သေပြချက်တွေ ရှိခဲ့ပေမယ့်..”

တကယ်တော့ ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသားတွေဟာ ”ထောက်လှမ်းရေးမဟုတ်ကြောင်း” သက်သေပြခဲ့ကြတဲ့ ရဲမေ၊ ရဲဘော်တွေရှိကြပါတယ်။ ဒီ အထဲက အထင်ရှားဆုံး သက်သေပြပါဆိုရင် ရဲမေ “သင်းသင်းညီ” ပဲ ဖြစ်ပါတယ်။


(ရဲမေပုံမှာ သင်းသင်းညီ ဖြစ်သည်။)

ABSDF ( မြောက်ပိုင်း) ရဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့ မျိုးဝင်းက သူတို့ဖမ်းထားတဲ့ ရဲမေတွေကို ထောက်လှမ်းရေး ဟုတ် မဟုတ် သေသေချာချာ စစ်မေးနိုင်ဖို့အတွက်၊ “သင်းသင်းညီ” ဆိုတဲ့ ရဲမေလေး ကိုလည်း ဖမ်းဆီးချင်ယောင်ဆောင်ပြီး၊ သူတို့ဖမ်းထားတဲ့ “ ရန်သူ့ထောက်လှမ်းရေး” လို့ စွပ်စွဲခံရသူတွေအထဲကို ထည့်ထားပေးလိုက်တယ်။

“သင်းသင်း” လည်း အဖမ်းခံရတဲ့သူတွေနဲ့ ရက်အတော်ကြာ၊ အတူသွားနေလိုက်ပြီးတဲ့နောက် သဘောပေါက်သွားတယ်။ “သူတို့ဟာ ထောက်လှမ်းရေးတွေ မဟုတ်ဘူး။ စစ်အစိုးရကို တကယ်ဆန့်ကျင်ဖို့ လက်နက်ကိုင်နယ်မြေထဲကို ထွက်လာတဲ့ ကျောင်းသား၊ကျောင်းသူ အစစ်အမှန်တွေဖြစ်တယ်” လို့ ABSDF ခေါင်းဆောင် မျိုးဝင်း ဆီကို ရှင်းပြခဲ့တယ်။

မျိုးဝင်း ဆိုတဲ့ကောင်က “ မဟုတ်ဘူး” ဆိုတဲ့ အဖြေကို မလိုချင်ဘူး။ “ သူတို့ဟာ ထောက်လှမ်းရေးတွေဖြစ်တယ်” ဆိုတဲ့ အဖြေကိုသာ လိုချင်သူဖြစ်တော့၊ “သင်းသင်းညီ” ရဲ့ စကားကို လက်မခံဘူး။ “သင်းသင်း” လည်း ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသူတွေနဲ့ အတူရောပြီး နှိပ်စက် ညှင်းပမ်းခံခဲ့ရတယ်။

”အရိပ်တွေလိုက်လာပြီ”

ရော်နယ်အောင်နိုင်က ၂၀၀၈ မတိုင်ခင်မှာ လန်ဒန်မြို့က ဘီဘီစီမြန်မာပိုင်းဆီကို အမြဲတမ်း ဝန်ထမ်းအဖြစ် လုပ်ကိုင်ဖို့ ရောက်လာခဲ့တယ်။ သူရဲ့ အသံကို ကြားတိုင်း ငရဲကျနေသလို ခံစားနေရတဲ့ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတွေကလည်း ရော်နယ်အောင်နိုင် ကို တခုခု ပြန်တုန့်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။


အော်စတြေရီးယားမှာ အခြေချနေတဲ့ “နန်းအောင်ထွေးကြည်” က ဘီဘီစီ မြန်မာပိုင်း ဋ္ဌာနမှူး၊ ဒေါ်တင်ထားဆွေကို ဖုံးဆက်ပြီးပြောတယ်။ “ အန်တီ တို့ ဘီဘီစီ ဋ္ဌာန က သတင်းထောက်တွေအနေနဲ့ ကျောင်းသားတပ်မတော်မြောက်ပိုင်း မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို မကြားမိဘူးလား။ ကိုအောင်နိုင် နဲ့ ပတ်သက်တဲ့အရာတွေအကြောင်း ပြန်စုံစမ်းသင့်တယ်။ သတင်းထောက်ဆိုတာ ဘက်မလိုက်ဘူး လို့ သေချာရင် ဒီကိစ္စကို အလေးအနက်ထားသင့်တယ်- ဘာညာ ဆိုတာတွေကို ကောင်းကောင်းမွန်မွန် ဆွေးနွေးတယ်။ ဒေါ်တင်ထားဆွေက “ ကိုအောင်နိုင် နဲ့ ပတ်သက် လို့ ဘယ်သူမှ စောဒက မတက်ပါဘူး။ မငယ် တယောက်တည်း တက်လို့လည်း သူ့ကို ရာထူးခန့်ထားရာကနေ ဖယ်ပစ်ဖို့ မဖြစ်နိုင်ဘူး ” ဆိုတဲ့ သဘောမျိုး တုန့်ပြန်တယ်။

နန်းအောင်ထွေးကြည်ကလည်း “ ဒါဆိုလည်း ရပါတယ် အန်တီ” ဆိုပြီး နောက်ထပ်တဆင့် တက်လိုက် တယ်။ ပြည်တွင်းက ကျောင်းသားတပ်မတော်ရဲဘော်တွေရဲ့ တိုင်စာတွေ ..ဘီဘီစီ မြန်မာပိုင်းဋ္ဌာနဆီကို ရောက်လာတယ်။ ဒါပေမယ့် မြန်မာပိုင်းဋ္ဌာနမှူး ဒေါ်တင်ထားဆွေက ရော်နယ်အောင်နိုင် အပေါ် အရေးယူမှုလုပ်ဖို့ မစတင်သေးဘဲ “ ဘယ်လိုလုပ်လိုက်တာလဲ” ဆိုတဲ့ စိတ်အနှောက်အယှက်ဖြစ်တဲ့ လေသံနဲ့ မေးခွန်းထုတ်လာတယ်။


ဘီဘီစီ မြန်မာပိုင်း ဋ္ဌာနဆီမှာ ပို့ထားတဲ့ တိုင်စာတွေအားလုံးကို နောက်ထပ် ပုဂ္ဂိုလ်တယောက်ဆီ ထပ်ပို့လိုက်တယ်။ ဘီဘီစီ ဋ္ဌာန ရဲ့ ဒါရိုက်တာဆီကို ဖြစ်တယ်။ ဘီဘီစီ သတင်းဋ္ဌာနရဲ့ ဒါရိုက်တာက၊ မြန်မာပိုင်းဋ္ဌာနမှူး ဒေါ်တင်ထားဆွေကို ခေါ်ပြီး မေးမြန်းခံရတော့မှ၊ ရော်နယ်အောင်နိုင် တယောက်လည်း ဘီဘီစီ ဋ္ဌာန ကို စွန့်ခွာလိုက်ရတော့တယ်။

အံ့သြဖို့ကောင်းတာက ကာယကံရှင်တွေရဲ့ထွက်ချက်တွေ၊ မြောက်ပိုင်းဒေသရဲ့ သတ်ဖြတ်မှုတွေအကြောင်းတွေကို စာတမ်းတွေ ရေးသားပေးပို့ခဲ့ပေမယ့်၊ ၂၀၀၈ နောက်ပိုင်းမှာထိ၊ ဘီဘီစီ က ဦးမောင်မောင်သန်း လို ပုဂ္ဂိုလ်တွေဟာ ရော်နယ်အောင်နိုင် ကို အင်တာဗျုးလုပ်နေဆဲပဲဖြစ်တယ်။ စာတမ်းတွေကို သေသေချာချာ မဖတ်တာလား။ ဋ္ဌာနမှူးဆီက မဖတ်ရတာလား။ ဒါမှမဟုတ် မတရားသဖြင့် သတ်ဖြတ်ခံရတဲ့ ကျောင်းသားတွေဘက်က သားသမီးချင်း ကိုယ်ချင်းစာနာ စိတ်မရှိတာလား ...ဆိုတဲ့အချက်ကိုတော့ ကာယကံရှင်တွေမှ သိလိမ့်မယ်။

သတင်းသမားတွေရဲ့ ရပ်တည်ချက်အတွက် စိတ်မကောင်းစရာ ပဲ လို့ ပြောရုံမှတပါး ဘာမှ မရှိပါ။

ဘီဘီစီ- မြန်မာပိုင်း ဆီကို စာပို့ခဲ့တဲ့ သင်းသင်းညီ ရဲ့ လက်ရေးမူ ကို ပူးတွဲတင်ပြပေးလိုက်ပါတယ်။


သူမ ရေးခဲ့တဲ့ အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

၁၈ စက်တင်ဘာ၊ ၂၀၀၈

သို့-


ကျမနာမည် သင်းသင်းပါ။ လွန်ခဲ့သော (၁၀) နှစ်ကျော် ကာလက ABSDF ( NB) ရဲ့ အဖွဲ့ဝင်တဦးပါ။ BBC မြန်မာပိုင်း အစီအစဉ် ဋ္ဌာနမှ ကိုအောင်နိုင် အား အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းကို ပြန်လည် စဉ်းစားစေလိုပါသည်။

ကိုအောင်နိုင် သည် ABSDF ( NB ) တွင် အထွေထွေ အတွင်းရေးမှူး အနေဖြင့် တာဝန်ယူစဉ်ကာလတွင်၊ ဖြစ်ပွားခဲ့သော ပြဿနာများကို ပြန်လည်ပြီး သုံးသပ်စေချင်ပါသည်။ ထိုစဉ်က ABSDF (NB) မှ ရဲဘော်ရဲမေများကို ထောက်လှမ်းရေးဟု စွပ်စွဲပြီး၊ ဖမ်းဆီးသော အကွဲအပြဲ ပြဿနာများတွင် ကျမကို ABSDF (NB) မှ တွဲဘက် အထွေထွေ အတွင်းအရေးမှူး မျိုးဝင်းမှ ၊ ဖမ်းဆီးခြင်း ဟန်ဆောင်ပြီး အကျဉ်းသားများကြားတွင် စုံစမ်းစေခဲ့ပါသည်။

ကျမက “အားလုံးထောက်လှမ်းရေး မဟုတ်” ဟု ဆိုသောအခါ၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး မျိုးဝင်းမှ ၊ ကျမကို “သေချာရှာပါ။ရှိကို ရှိတယ်” ဆိုပြီး ဆက်လက် ခိုင်းစေခဲ့ပါသည်။ ကျမကိုလည်း မျိုးဝင်းတို့ ခိုင်းထားသော လူမှန်းမသိသောကြောင့်၊ စစ်ကြောရေးမှာ၊ ကျမကိုယ်တိုင် ရင်ဘတ်ထဲတွင် ကျင်စက်နှင့် တို့ကာ အနှိပ်စက် ခံခဲ့ရပါတယ်။

ထို့နောက် ကျမက “ဒီလိုမျိုး မနေနိုင်ဘူး။ သတ်ရင်လည်း သတ်” လို့ ပြောသောအခါမှ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ”အားလုံးထောက်လှမ်းရေး မဟုတ် ” ဟူသော ကျမ၏ ပြောဆိုချက်ကို လုံးဝ လက်မခံပဲ၊ ညှင်းဆဲ သတ်ဖြတ်မှုများကို တရားမဲ့စွာ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။


အကျဉ်းထောင်ထဲတွင် ကျမကိုယ်တိုင်လည်း ညှင်းဆဲမှုများကို မတရားသဖြင့် ခံခဲ့ရပါသည်။ ထောက်လှမ်းရေးမဟုတ်ဘဲ သတ်ဖြတ်ခြင်းခံခဲ့ရသူများမှာ၊ သမိုင်းကြောင်းအမှန်ကို ပြန်ပြောရန် မတတ်နိုင်တော့ပါဘူး။

ကံကောင်းထောက်မစွာ ကျန်ခဲ့တဲ့ ကျမက သေဆုံးသွားတဲ့ အကိုကြီး ကိုထွန်းအောင်ကျော် ( ဥက္ကဋ္ဌ) ABSDF ( NB) နှင့် သူငယ်ချင်းရဲဘော်ရဲဘက်များကိုယ်စား ပြောရခြင်း ဖြစ်ပါသည်။ အသက်ရှင်ကျန်ပြီး ပြည်တွင်းပြန်ရောက်လာတဲ့ စွပ်စွဲခံရသူများထဲတွင် - နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင် နေသည့်အတွက်၊ ထောင်ကျ နေသူများ၊ ထွက်ပြေးတိမ်းရှောင်နေသူများ၊ အများအပြားပင် ရှိနေသည့်အတွက်၊ ယ္ခုတဖန် ကိုအောင်နိုင်၏ အင်တာဗျူးများကို သိရှိရသည့်အခါ၊ ထိုသူများအစား ကျမ ရင်နာမိပါသည်။

ထိုကဲ့သို့ နောက်ခံသမိုင်းကြောင်း ကောင်းစွာ ရှင်းလင်းခြင်း မရှိသူအား၊ BBC မှ ဝန်ထမ်းခန့်ရန် သင့်- မသင့်ကို ပြန်လည်ပြီး စဉ်းစားစေချင်ပါသည်။

(သင်းသင်း)
ABSDF (NB) ရဲမေဟောင်း
-----------------------------------------------------------------
(မှတ်ချက်)- ABSDF (NB) ဆိုတာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ကို အတိုကောက်ရေးထားခြင်းဖြစ်ပါတယ်။

ခုတော့ ရဲမေ “သင်းသင်းညီ” က ဗမာပြည်ထဲမှာ ပြန်ရောက်နေပါတယ်။ ကျောင်းသားတပ်မတော်မြောက်ပိုင်းမှာ မတရားသဖြင့်စွပ်စွဲ သတ်ဖြတ်ခံရတဲ့ ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး ၊ တေးသီချင်းတွေ သီဆိုထုတ်လုပ်ဖို့ အတွက် လုပ်ဖေါ်ကိုင်ဘက်တွေနဲ့အတူ ပြင်ဆင်နေပါတယ်။ ခွေထွက်လာရင်လည်း အားပေးလိုက်ကြပါဦး...လို့ နှိုးဆော်လိုက်ပါရစေ။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ -အပိုင်း (၇) - မှာ နောက်ထပ် ကျောင်းသားတပ်မတော်ရဲဘော်၊ သက်သေ တယောက်ရဲ့ စာ ကို တင်ပြပေးပါမယ်။

ခင်မင်လေးစားလျှက်-

(အောင်မိုးဝင်း)

-------------------------------------------------------------

- လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ(အစ အဆုံး)
( ထင်လင်းအောင် ) 25-1-2012



ကျနော် ထင်လင်းအောင်သည် ဦးအောင်သန်း ဒေါ်ခင်ရီတို့မှ ၁၉၆၆ ခုနှစ်၊မေလ ၂၄ ရက်နေ့မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် မွေးဖွားခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် အခြေခံ ပညာအလယ်တန်းကျောင်း၊ အလက(၁)သထုံမြို့တွင် မူလတန်းပညာကို သင်ကြားခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် အထက်တန်းပညာ သင်ကြားနေချိန် ဒီမိုကရေစီ အရေးအခင်း ဖြစ်ပွားပါသည်။ ကျနော်သည် ကျောင်းသားသမဂ္ဂ၏ သတင်းနှင့်ဝါဒဖြန့်ချီရေးရုံးတွင် ၀င်ရောက် တာဝန်ထမ်း ဆောင်ခဲ့ပါသည်။ သပိတ်အခြေစိုက်စခန်းမှာ ၀ိဘာဂီဘုန်းကြီး ကျောင်းဝင်းအတွင်းတွင် ဖြစ်ပါသည်။

၁၉၈၈ ခုနှစ်၊စက်တင်ဘာ ၁၈ရက် စစ်တပ်က အာဏာသိမ်းပြီး -၁၉ ရက်နေ့တွင် အမှတ် ၂၄ ခြေလျှင်တပ်ရင်းမှ တပ်ရင်းမှူးကိုယ်တိုင် လာရောက် လူစုခွဲခိုင်းရာ ၂၀ ရက်နေ့ ညနေပိုင်းကျမှ လူစုခွဲလိုက်ပါသည်။

ကျနော်တို့ သပိတ်စခန်းခေါင်းဆောင်များမှာ-

၁။ တင်ဝင်း
၂။ သူရိန်ထွန်း
၃။ တင်အုံး
၎။ ကျော်ကျော်
၅။ ဆန်းအောင်
၆။ မြင့်သူ
၇။ အောင်အောင်
၈။ ကျော်မိုး
၉။ ကိုမျိုးတို့ဖြစ်ပါသည်။

စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျနော်၊ အောင်ဇော်ဦး၊ သံချောင်း၊ ခင်မောင်သိန်း၊ ခိုင်စိုးတို့သည် လက်နက်ကိုင်လမ်းစဉ် ပြုလုပ်ရန်အတွက် သထုံမြို့မှ ထွက်ခွါခဲ့ကြပါသည်။ သထုံမှ မြိုင်ကလေး၊ဘားအံ- ထိုမှတဆင့် -ဖားကပ်၊ မုဂတိ၊မင်းစီ၊ နတ်ကြီး စသည့်ရွာစဉ်များကိုဖြတ်ပြီး ၊ ၂၇ ရက်နေ့တွင် ကေအင် ယူ နယ်မြေရှိ တပ်ရင်း(၂၁) မယ်သလေစခန်းသို့ ရောက်ခဲ့ပါသည်။

၁၉၈၈ ခုနှစ်၊ နိုဝင်္ဘာလ ၅ ရက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတင်ဖွဲ့စည်းချိန်မှာ ကျနော်အပါ အ၀င် အင်အား ၁၀၀ ခန့် ၊ မယ်သလေအနီးရှိ ဆင်တောင်ခြေတွင် သင်တန်းတက်ခဲ့ရပါသည်။

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် မယ်သလေစခန်းကျသဖြင့်၊ ထိုင်းနိုင်ငံ ရိုးကလိုး ဒုက္ခသည်စခန်းအနီးတွင် တပတ်ခန့်ခိုနေပြီး၊ ရေကျော်စခန်းသို့ သွားရောက်ခဲ့ပါသည်။ ရေကျော်စခန်းတွင် စစ်သင်တန်း နှစ်လတက်ရောက် သင်ကြားခဲ့ပြီး ဧပြီလတွင် တပ်ပြောင်းရွှေ့ခွင့် အရ ကျနော်နှင့် စိုင်းထူး(ကျိုက်ထို) နှစ်ယောက်သည် ရေကျော်မှ မဲဆောက်၊ မဲသဝေါ၊ မာနယ်ပလော။ နောက်ဆုံး ဦးသုထသို့ မေလ ၅ ရက်နေ့တွင်ရောက်ရှိခဲ့ပါသည်။ ထိုစခန်းတွင် တပတ်မျှနေထိုင် နေစဉ် ဦးသုထစခန်း ကျပြန်သဖြင့် စခန်းပြောင်းရွှေ့ရာ ၊ သော်လဲထ ။ ၄င်းမှ မဲလထ ။ ၄င်းမှ လဲသာထ သို့ ရောက်ရှိပြီး -အမှတ် ၂၀၉ တပ်စခန်းကို တည်ဆောက်ရပါသည်။

အမှတ် ၂၀၉ တပ်ရင်းတွင် စစ်ရေး၊ နိုင်ငံရေးတာဝန်များကို ထမ်းဆောင်နေရင်း ပလောင် နယ်မြေတွင် ABSDF ၅၀၁ တပ်ရင်းသစ် တခုဖွဲ့စည်းရန်အတွက် ရွေးချယ်ခြင်းခံခဲ့ရပါသည်။

၂၀၉တပ်ရင်းမှ ရဲဘော် ၂၁ ယောက် ၊ သေဘောဘိုးမှ ၃ ယောက်၊ ရ၀မ်ခမှ ၃၊ ဘုရားသုံးဆူမှ ၁ ဦး၊ နယ်မြေရုံးမှ ၂ ၊ စုစုပေါင်း (၃၀) ယောက်ကို ရွေးချယ်ပြီး၊ ၁၉၉၀ ပြည့် ဇန်န၀ါရီလထဲတွင် နှစ်သုတ် ခွဲ ပို့ခဲ့ပါသည်။

ABSDF ဥက္ကဌ ကိုမိုးသီးဇွန်မှ တာဝန်ပေးသဖြင့် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ရပါသည်။

တပ်ရင်းမှူး သိုက်ထွန်းဦး (ဘုရားသုံးဆူ)-ရန်ကုန် သာကေတ ၅ ရပ်ကွက်။
ဒု-ရင်းမှူး သူရဇော် (၀မ်ခ) - မြင်းခြံ
ဆေးတာဝန်ခံ သိန်းထွန်း (၀မ်ခ) - ကျောင်းကုန်း
တပ်စုမှူး ထင်လင်းအောင်(စာရေးသူ)
တပ်စိပ်မှူး ဇော်နိုင် (သေဘောဘိုး) - ရန်ကုန်
တပ်စိပ်မှူး ဇလုံး(ဇော်ဇော်ဦး) - တောင်စွန်း

ရဲဘော်များမှာ-

အငယ်လေး (၀မ်ခ) - မန္တလေး
မောင်မောင် (နယ်မြေရုံး) - ရန်ကုန် ဒလ
သက်အောင် (နယ်မြေရုံး) - ရန်ကုန် ၈ မိုင်
အောင်ဝင်းတင့် (သေဘောဘိုး) - ရန်ကုန်
ဇော်မြင့် (သေဘောဘိုး) - ရန်ကုန်
လှဝေ - ကျိုက်ကော်
အောင်နိုင် - ပဲခူး
မောင်ဦး - ပဲခူး
ဆန်းမြင့်ကိုကို - ပဲခူး
မောင်ဦး - ပဲခူး
မြင့်ဥင်္ီးလေး (မနှဲလေး) - သထုံ
ကျော်ကျော် - ကျိုက်ထို
ဂါမဏိ - ကျိုက်ထို
ထက်ခိုင် - ကျိုက်ထို
စန်းမြင့် - ရန်ကုန်
ဦးနိုင်ဦး - ပဲခူး
သန်းထိုက် - ရန်ကုန်
သန်းထွဋ် - ပဲခူး
အောင်ဆန်းဦး - သထုံ ပေါ်တော်မူ
ကျော်မျိုး - ကျိုက်ထို
နိုင်လင်း - သထုံ ဇင်းကျိုက်
သိန်းလွင် - ရန်ကုန်
စိုးဝင်း - ရန်ကုန်
အောင်ဇော်ဦး - သထုံ

အထက်ပါ ၃၀ ဦးတို့ကို မာနယ်ပလောမှ သော်လဲထ၊၄င်းမှ မယ်ဟောင်ဆောင်၊ ၄င်းမှ မယ်စတီရမ်း၊၄င်းမှ ချင်းမိုင်၊ ချင်းမိုင်မှ မာန်မြို့အနီးရှိ လွယ်ဖာပုပ်တောင်အထိ သွားကြရပြီး၊ အဲဒီမှာ စုပါသည်။

ကျနော်တို့ သွားရမည့် အဖွဲ့များမှာ PSLP,ALP,PDF,ABSDF တောင်ပိုင်းမှ မြောက်ပိုင်းသို့ ထွက်မည့်လူများလည်းရှိပါသည်။

PDF ၂ ဦး၊ ABSDF ၃၄ ဦး၊ ALP ၄ ဦး၊ PSLP ၁၈ ဦးတို့ဟာ ၁၉၉၀ မတ်လ ၈ ရက်နေ့မှ စတင်ခရီးထွက်ခဲ့ကြပါသည်။

မိုင်းဆပ်မှတဆင့် ကျိုင်းတုံ ။ ၄င်းမှတဆင့် ပန်ဆိုင်း (ဗဟိုဌာနချုပ်) သို့ ၁၉၉၀ ၊ ဧပြီလဆန်းတွင် ရောက်ရှိကြပါသည်။ တဖန်ပန်ဆိုင်းမှ မိုင်းမောသို့ ကားဖြင့် ပို့ပေးပါသည်။ လမ်းတွင် တိုက်ပွဲ ၃ ကြိမ်ရင်ဆိုင်ခဲ့ရ၏၊

ပလောင်နယ်မြေသို့ ဇွန်လတွင်ရောက်ရှိခဲ့ပြီး တလခန့် ရှေ့တန်းတွင် လှုပ်ရှားရပါသည်။ တပ်ရင်း (၂၁၇) မှတပ်ရင်းမှူး စိုင်းစိုးလင်းနှင့်ကျနော် ဦးဆောင်သော တပ်စုတစုသည် မိုးမိတ်၊ မိုးကုတ်၊ နမ်းဆန်နယ်မြေများသို့ လှည့်လည် စည်းရုံးရေး ဆောင်ရွက်ရပါသည်။

ABSDF ဗဟိုမှညွှန်ကြားချက်အရ KIA ဗဟိုသို့ ၁၉၉၀ ၊ ဇွန်လတွင် ခရီးဆက်ခဲ့ရာ ၊ ဇူလိုင်လကုန်တွင် KIA တပ်ရင်း (၈) သို့ရောက်ခဲ့ပြီး ၊ABSDF မြောက်ပိုင်း ရွှေဂူခရိုင်မှူး ရဲလင်းနှင့် တပ်စုတစုကို တပ်ရင်း (၈) တွင်တွေ့ဆုံခဲ့ပါသည်။ ၄င်းတို့နှင့်အတူ သြဂုတ်လတွင် ABSDF မြောက်ပိုင်းသို့ ထွက်ခဲ့ရာ နည်းဗျူဟာ(၂) တပ်မဟာ (၃) KIA စခန်းရှိ ABSDF မြောက်ပိုင်းမှ ဗန်းမော် ခရိုင်မှူး ညီညီကျော်နှင့်အဖွဲ့ကို ထိုစခန်းတွင် တွေ့ရပါသည်။

တပ်ရင်း (၈) တွင် နေထိုင်စဉ်က တပ်ရင်းမှူး သိုက်ထွန်းဦးနှင့် ရဲဘော် စိုးနိုင်ဦးတို့က ABSDF မြောက်ပိုင်းသို့ ကြိုတင် သွားခဲ့ကြပါသည်။ ၄င်းတို့နှစ်ဦးက တရုတ်ပြည်ဘက်မှ သွားခြင်းဖြစ်၏။

တပ်မဟာ (၃) သို့ ကျနော်တို့ရောက်ချိန်တွင် တပ်ရင်းမှူးက လာရောက်ကြိုဆိုပါသည်။ ၄င်း စခန်းမှ ကျောင်းသားရဲဘော်များနှင့်အတူ စစ်ဆင်ရေးပြုလုပ်ရာ၊ မအူပင်တွင် အနီးကပ်တိုက်ပွဲဖြစ်ပွါး ခဲ့သဖြင့်၊ သြဂုတ်လ ၁၀ ရက်နေ့တွင် ကျနော့်ဒူးခေါင်းကို သေနတ်မှန်သဖြင့်၊ KIA တပ်မဟာ (၃)တွင် ဆေးကုသနေစဉ် ကျနော်နှင့် ရဲဘော်ကျော်မျိုးကို ချန်ထားခဲ့ပြီး ကျန်လူများက ခရီးဆက်ထွက်ကြပါသည်။

ဒဏ်ရာသက်သာလာပြီးနောက် တပ်မဟာ(၃)မှ မောင်မောင်ကောင်းနှင့် အတူ ကျနော်နှင့် ကျော်မျိုး တို့လည်း၊ ပန်နိုင်ရွာ၊ ဘင်ခေါင်းရွာ၊ ပထန်ရွာ၊ တအင်းရွာ၊ မအူပင်ရွာများသို့ စည်းရုံးရေးဆင်းရာ အလွန် ပင် အောင်မြင်ခဲ့ပါသည်။

ကျနော်နှင့်ကျော်မျိုးက ၄င်းရွာများကို အမာခံနယ်မြေပြုလုပ်ပြီး စစ်သားသစ်စုဆောင်းခြင်း ၊ရိက္ခာများ အချိန်မရွေး ရရှိအောင် ပြင်ဆင်ခြင်း၊ စေတနာ့ဝန်ထမ်းအလုပ်သမားများ ရရှိအောင်စည်းရုံးခြင်းတို့ကို ဆောင်ရွက်ကြပါသည်။

၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ၂၈ ရက်နေ့တွင် ABSDF မြောက်ပိုင်းသို့ ခရီးထွက်ခဲ့ရာ- တပ်မဟာ (၃)မှ အင်ခေါင်း၊ ကြိုးတံတား၊ နောင်ရာပါရွာများကို ဖြတ်ကျော်ကာ၊ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက် နေ့တွင် ABSDF မြောက်ပိုင်းသို့ရောက်ရှိပါသည်။

ကျနော်တို့ရောက်ရှိချိန်တွင် တပ်ရင်းမှူး သိုက်ထွန်းဦးနှင့်အတူ ရဲဘော် ၈ ဦး၊ ရင်း ၅ နယ်မြေသို့ စစ်ဆင်ရေး သွားနေကြောင်း သိခဲ့ရသည်။ ကျနော် လမ်းကောင်းကောင်း မလျှောက်နိုင်သေးပါ။ တပ်တွင်းအခြေအနေများကို ဆွေးနွေးပါသည်။

ကျနော်နှင့် ကိုသိန်းထွန်းသည် ABSDF တောင်ပိုင်း ဗဟိုမှ ချမှတ်ထားသော စည်းမျဉ်းဥပဒေ များနှင့် မြောက်ပိုင်းမှ စည်းမျဉ်းဥပဒေအချို့ ကွာခြားချက်ရှိကြောင်း ထောက်ပြခဲ့ပါသည်။

၁။ သစ္စာဓိဌာန်
၂။ ရဲဘော်များကို စစ်ဆေးရာတွင် ခုံရုံးဖွဲ့ပြီး စနစ်တကျ မစစ်ဆေးဘဲ ပါးစပ်မိန့်ဖြင့် သတ်ခြင်း။
၃။ အထက်နှင့်အောက် ညီမျှမှု မရှိခြင်း။
၎။ မြို့နယ်စွဲများရှိခြင်း။ (အထူးသဖြင့် -ကချင်ပြည်နယ်)
၅။ ရဲဘော်သစ် စုဆောင်းရာတွင် မတရား စုဆောင်းခြင်း၊ မတရားဖမ်းဆီး ခိုင်းစေခြင်း။
၆။ အဖွဲ့ပိုင် ငွေကြေးကို အလွဲသုံးစားလုပ်ခြင်း။
စသည်တို့ကို ဆွေးနွေးရာ သူတို့က ပယ်ချပြီး၊အမှတ်(၁) တွင် အချက် တချက် တိုးပေးပါသည်။ ဗဟိုမှ သတ်မှတ်ထားသော စာသားနှင့်မတူပါ။

ABSDF ကချင်နှင့် ၅၀၁ မှ ကျနော်တို့ နားလည်မှု ကွဲလွဲတာ စတင်ပါတော့သည်။ ကချင်ရှိ စစ်ဗိုလ်ချုပ် သံချောင်းနှင့် ဥက္ကဌမျိုးဝင်းတို့က ၅၀၁ နှင့် ၆၀၁ ကို သူတို့လက်အောက်ခံတပ်ရင်းများ ဖြစ်စေချင်ကြသည်။ ထိုအချိန်တွင် အဆင့်လိုက်တာဝန်ယူမှုမှာ အောက်ပါအတိုင်းဖြစ်သည်။

လူကြီးများထံ ကြေးနန်းပို့ရန် တောင်းဆိုခဲ့ရာ ပို့ခွင့်ရသဖြင့် ကချင်ဆက်သွယ်ရေးစက်ဖြင့် တောင်ပိုင်းဗဟိုဌာနချုပ်သို့ ကြေးနန်းပို့ အကြောင်းကြားပါသည်။

ဗဟိုမှ လူကြီးများဖြစ်သော ကိုမောင်မောင်တိတ်၊( ယခင် ဘဏ္ဍာရေး )
ကိုသန်းဝင်း၊ (DAB တွဲဘက်အတွင်းရေးမှူး၊)
ကျော်ကျော်(ABSDF အတွင်းရေးမှူး)၊
မိုးသီးဇွန် (ဥက္ကဌ)၊
မုတ်ဆိပ် (ဆက်သွယ်ရေး) တို့နှင့် တွေ့ပါသည်။

ကိုသန်းဝင်းနှင့်တွေ့ချိန်တွင် (ယခင်က) ထိုကိစ္စကို တားပါသည်။ ၄င်းက ”ထိုနယ်မြေသို့ မသွားသင့် ၊အန္တရာယ်ရှိနိုင်သည် ။ ဒုတိယအကြိမ် ညီလာခံတွင် ဒီ အကြောင်းအရာကို သူ တင်ပြ ပေးပါမည် ” ဟု ပြောပါသည်။

ကျော်ကျော်နှင့်တွေ့ချိန်တွင် ကျနော်က အကျိုးအကြောင်းပြောပြပြီး ”တောင်ပိုင်းသို့ပြန်လာမည်”ဟုပြောရာ ကျော်ကျော်က ”ပြန်မလာနှင့် ” ဟု တားပါသည်။

ကျနော်က ”တောင်ပိုင်းသို့ မပြန်ရလျှင် ABSDF မှထွက်မည် ” ဟုပြောသဖြင့် ၊ ကျော်ကျော်က ” လက်နက်တွေတော့ ပြန်အပ်လိုက်ပါ။ ပြန်ခွင့်မပြု ”ဟု အမိန့်ချမှတ်လိုက်ပါသည်။

ကျနော်တို့က ကျော်ကျော်ပြောသည့်အတိုင်း စစ်လက်နက်ပစ္စည်းများကို အပ်လိုက်ပါ သည်။ ကျနော်တို့ အလွန်ပင် ချစ်မြတ်နိုးသော ကျနော်တို့ကိုယ်တိုင် ကြိုးပမ်းတည်ဆောက်ထား သော ABSDF အဖွဲ့ကို ခွဲရတော့မည်ဟု သိလိုက်ရပြီး ၊ရင်ထဲမှာ ဖော်မပြနိုင်လောက်တဲ့ ဝေဒနာ တွေကို ခံစားလိုက်ရပါတော့သည်။

ကျနော်တို့ ထမ်းဆောင်ခဲ့တာတွေ အလကားဖြစ်ကုန်ပြီ ။ကျနော်တို့ ရဲဘော်တွေဟာ စစ်မြေပြင်မှာ အသက်ကိုနှင်းပြီး ပြည်သူများအတွက် ကိုယ်ကျိုးစွန့်နေချိန်မှာ လူကြီးပိုင်းမှာတော့ နေရာလုမှုတွေ ၊အဂတိလိုက်စားမှု၊ နယ်မြေလုမှုတွေနဲ့ အချင်းချင်းပြဿနာ ဖြစ်နေကြပါသည်။

အရည်အချင်းရှိတဲ့ ရဲဘော်တွေကို သူတို့လက်အောက်ဝင်ဖို့ သိမ်း သွင်းလို့မရရင် နည်းအမျိုးမျိုးနဲ့စွပ်စွဲပြီး အာဏာနဲ့သတ်ပစ်ကြ၏။

ဒါကို ကချင်က ခေါင်းဆောင်တွေက သိလျက်နဲ့ မသိယောင်ဆောင်နေခဲ့ကြပါသည်။ AB မြောက်ပိုင်းက လက်နက်သိမ်းထားပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ကို မတရား စည်းကမ်းတင်းကြပ်တာတွေ လုပ်ခဲ့ပါသည်။

ဒီအချိန်မှာ ဥက္ကဌ ထွန်းအောင်ကျော်က ထွက်ပေါက်တခု ပေးပါသည်။ ကျနော်တို့တောင် ပိုင်းပြန်ရန် အဆက်အသွယ် ရှာခွင့်ပြုလိုက်တာကြောင့် ကျနော်လည်း ၅၀၁ မှာရှိသည့် ကိုသိန်း ထွန်း (ဆေးမှူး)၊ အောင်နိုင်(ဆေးမှူး) တို့ကို ဆက်သွယ်ပြီး ကျနော်တို့ကို ပြန်ခေါ်ဘို့ ပြောတော့၊ အောင်နိုင်(ဆေးမှူး)ရောက်လာပြီး မကြာခင်မှာ ၊ ၅၀၁ တပ်ရင်းမှူးရဲ့ဆက်သားလုပ်နေတဲ့ စိုး မင်းအောင်က ၁၉၉၁ ရှစ်လေးလုံး နှစ်ပတ်လည် မတိုင်ခင် ABSDF ကနေ ထွက်ပြေးသွားပါသည်။

လိုက်ရှာကြရာ စိုးမင်းအောင်ကို ရွှေလီမှာ ဖမ်းမိလာပြီး ဗန်းမော်ခရိုင်ကို ခေါ်သွားပါသည်။ စိုးမင်းအောင်ကို န၀တ ထောက်လှမ်းရေးဟု စွပ်စွဲပြီး စစ်ဆေးကြပါသည်။

”မဟုတ်ပါဘူး”လို့ ငြင်းသဖြင့် စိုးမင်းအောင်းရဲ့လက်နှစ်ဖက်နဲ့ခြေထောက်ကို ထိပ်တုံးခတ်ထားပြီး ခြေဖ၀ါးနှစ်ဖက်ကို ဒါးနဲ့ခွဲပါသည်။ မီးကင်ပါသည်။ စိုးမင်းအောင်က အာခေါင်သံကြီးနဲ့အော်ပြီး တောင်းပန်ရှာပါသည်။

သံချောင်းချွန်ချွန်တွေကို မီးဖုတ်ပြီး အသားထဲကို ထိုးထဲ့ပါသည်။ ဒါးကို မီးကင်ပြီး ကပ်ပါသည်။ စိုးမင်းအောင်က ပထမတော့ တင်းခံထားပေမယ့်- နာကျင်လွန်းတော့ ”ထောက်လှမ်းရေးပါ ”လို့ ၀န်ခံရှာပါသည်။

နှိပ်စက်တာကို ခံစားရလွန်းတဲ့ စိုးမင်းအောင်က သက်သာလို သက်သာငြား၊ သွေးရူးသွေးတန်းနဲ့ ပြောမိပြောရာ နာမည်ပေါင်း ၅၀ ကျော်ကို ပြောပြီး အသက်ထွက်သွားရှာပါသည်။

အဲဒီအချိန်ကစပြီး တယောက်ပြီး တယောက် အဖမ်းခံရပြီး၊ အနှိပ်စက်ခံကြရ၊ မခံနိုင်တော့ နာမည် တွေ လျှောက်ပြောနဲ့ ၊ လူပေါင်း ၁၀၀ ကျော် ငရဲခံကြရပါတယ်။

ဒီလိုနဲ့ ၁၉၉၁ ၊စက်တင်ဘာလ ၁၀ ရက်နေ့ဟာ ကျနော်တို့အတွက် ကြေကွဲစွာခံစားရတဲ့နေ့ တနေ့ပေါ့၊ ကျနော် ကချင်ကို လာတာ တနှစ်တိတိ ကြာအောင် လာခဲ့ရတာပါ။ ကျနော်တို့ ထမ်း ဆောင်တဲ့တာဝန်နဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ခရီးကို မကြည့်ဘဲ ကျနော်နဲ့ အောင်နိုင်ကို န၀တ ထောက်လှမ်းရေးလို့ စွပ်စွဲပြီး နှိပ်စက်ကြပါသည်။ ကျနော်တို့က စိုးမင်းအောင်အဖြစ်ကို သိ ထားတာကြောင့် ကျနော်က အောင်နိုင်နဲ့တိုင်ပင်ပြီး ၀န်ခံလိုက်ပါသည်။ ကျနော် န၀တထောက် လှမ်းရေး မဟုတ်တာကို ကျနော်ကိုယ်တိုင် အသိဆုံးပါ ။ န၀တ နဲ့တိုက်ပွဲဝင်ရင်း ဆယ်ခါပြန်သေရဲ ပါ၏်။ ကိုယ့်အချင်းချင်းသတ်လို့ သေမှာကိုတော့ ကြောက်တာ အမှန်ပါ။ ဒါကြောင့်အခြေအနေ ကိုကြည့်ပြီး ၀န်ခံလိုက်ပါသည်။ ၀န် မခံရင် သေအောင် နှိပ်စက်ကြမှာပါ။

လွတ်မည့်ရက်ကို စောင့်ရင်း အချုပ်ထဲမှာ ငရဲခံနေရပါသည်။ ညဘက်ရောက်မှာကိုတော့ ကျနော်တို့သိပ်ကြောက်ပါ၏။

ညဘက်ရောက်ရင် မူမူးရူးရူးနဲ့ လာနှိပ်စက်ကြတာကို ခေါင်းငုံ့ခံရပါသည်။ တဖြည်းဖြည်း နဲ့ ကျနော်တို့လို အစွပ်စွဲခံရသူ ၁၃၀ ခန့်ရှိပါပြီ။


သင်းသင်းညီ ဆိုရင် ဒါရိုက်တာ ရှင်လုံးရဲ့သမီးလေး ပါ ။သူ့ အမေ လာခေါ်လို့ လွှတ်ပေးလိုက်ပါသည်။

စိုးမင်း (မန္တလေး) ကိုတော့ ဖမ်းပြီး ၊ မစစ်ဆေးဘဲ ပြန်လွှတ်ပေးလိုက်ပါသည်။

မျိုးဇော်အောင်ကိုတော့ "ဆက်သွယ်ရေးစက် ရှိတယ် "ဆိုတဲ့ စွပ်စွဲချက် နဲ့ နည်းမျိုးစုံ စစ်ဆေးမေးမြန်းကြပါသည်။ ဇောက်ထိုးဆွဲထားပြီး စအိုထဲကို ၀ါယာကြိုးထည့်ကာ လျှပ်စစ်လွှတ်လိုက်တာ... အူပုတ်ပြီး သေသွားပါတော့သည်။ ဒီသတင်းကိုကြားတော့ ဗန်းမော်ခ ရိုင်က ဂါမဏိသက်တင်၊ စိုးကြိုင်တို့ ထွက်ပြေးပြီး ၊ အလင်းဝင်သွားပါတော့သည်။

ဒီအကြောင်းကို သိသွားသော တပ်ရင်းမှူးဘဂျမ်းက ဒေါသူပုန်ထပြီး အချုပ်ခန်းထဲကို သူရဲ့ ပစ္စတိုနဲ့ လိုက်ပစ်ပါသည်။ ဦးအောင်မိုး(ဗန်းမော်)ကို ထိမှန်ပြီး ပွဲချင်းပြီး သေတာကို ခြေသလုံး သားတွေ လှီးပစ်ပါသေးသည်။

အဲဒီညမှာ သက်နိုင်ကို ခေါ်ထုတ်ပြီး မေးတာ၊ မေးလို့မရတော့ သက်နိုင်ရဲ့နားရွက်ကို သေနတ်နဲ့ပစ်ဖောက်ပြီး ပေါက်သွားတဲ့နေရာကို ဒုတ်နဲ့ထိုးထည့်ပါသည်။

နောက်နေ့မှာ ကျော်ဌေးကို ခေါ်ထုတ်ပြီး "ထောက်လှမ်းရေး မဟုတ်လား"လို့ စွပ်စွဲမေးတာကို ကျော်ဌေးက ”မဟုတ်ပါဘူး” လို့ အတန်တန်ငြင်းတာကြောင့်- ကျော်ဌေးရဲ့မျက်လုံးနှစ်ဖက်ကို အပ်နဲ့ထိုးဆွပါသည်။ အဲဒီဒဏ်ရာနဲ့ပဲ ကျော်ဌေး သေပါတော့သည်။

နေ့စဉ် နေ၀င်က မိုးချုပ်ထိ အော်ဟစ် တောင်းပန် ငြီးငြူသံတွေက စိတ်ခြောက်ခြားစရာ ကောင်းလှပါသည်။ ကျော်ဌေး သေခါနီး ပြောစကားအရ ၊ ကျော်ဝေနဲ့ခင်ချိုဦးကို ထပ်ပြီးစစ်ဆေး ကြပြန်ပါရော။

”အဆိပ်တွေ ဘယ်မှာဝှက်ထားသလဲ ”ဆိုပြီး ကျော်ဝေကို ဒါးအဖျားနဲ့ နားရွက်ကို တနေကုန် ရိုက်ပြီး မေးပါသည်။ နောက်ပြီး ချောင်းထဲမှာ ရေနှစ်ပါသည်။ နောက်ဆုံးအဆိပ်ထုတ် မပေးရ ကောင်းလား ဆိုပြီး ကျော်ဝေရဲ့ခြေသန်းတဖက်ကို ဖြတ်ပြီး ပါးစပ်နဲ့ကိုက်ပြေးခိုင်းပါ၏်။
အချုပ်ထဲရောက်တော့ အဲဒီလက်ပြတ်ကို ကြိုးနဲ့သီပြီး လည်ပင်းမှာ ဆွဲခိုင်းထားပါသည်။

ငါးမိနစ်တကြိမ် တယောက်ပြီး တယောက် ၀င်လာပြီး၊ အချုပ်ခန်းထဲက လူတွေကို ရိုက်ပါသည်။ ခင်ချိုဦးကို အဆိပ်လိုက်ပြခိုင်းရာ ခင်ချိုဦးက ”မသိတဲ့အကြောင်း ၊ မရှိတဲ့အကြောင်း” ငိုပြီး တောင်းပန်ရှာသည်။ ဒါပေမယ့် စစ်တဲ့သူတွေက သူရဲပူးနေသလိုဘဲ ၊ ရက်စက်စွာနှင့် ခင်ချိုဦးရဲ့အ၀တ်အစားတွေကို အကုန်ဆွဲချွတ်ပစ်လိုက်ပြီး လိုက်ရှာပါသည်။ မတွေ့တော့ ခင်ချိုဦးကို မြေကြီးထဲ မြှုပ်ထားပြီး၊ ခေါင်းသာ ဖော်ထားပြန်ပါသည်။ ပါးစပ်ထဲကို ဒါးထဲ့ပြီး မွှေပြန်ပါသည်။ ဆံပင်ကိုလည်း ဒါးနှင့်ဖြတ်ပစ်ပါသည်။ တဖန် ဆံပင်ဆွဲပြီး တပ်ဝင်းထဲကို ဒရွတ်တိုက် ဆွဲတာကြောင့် ၊ အ၀တ်မရှိဘဲ ပက်လက်ကြီးပါလာတဲ့ ခင်ချိုးဦးကို မြင်ရတော့ မမြင်ရက် စရာပါ။ ကျနော် မျက်ရည်ကျမိ ပါတော့သည်။


ဘယ်လောက်ယုတ်မာသလဲ ဆိုလျှင် ခင်ချိုဦးရဲ့မိန်းမအင်္ဂါကို ဒုတ်နဲ့ထိုးပြီး ရှာဖွေနေတာ မြင်ရတဲ့ မြင်ကွင်းကတော့- ငရဲပြည်မှာတောင်မှ ဒီလောက် ရက်စက်ယုတ်မာတာ ရှိမယ် မထင်ဘူး။လို့ ပြောချင်ပါသည်။

ခင်ချိုဦးက မခံမရပ်နိုင်လို့ အော်တော့ ၊မကြားဝံ့ မနာသာ ဆဲနေကြတာ ၊ ယောင်္ကျားကြီးတွေ တန်မယ့် မိန်းမယုတ်တွေထက်တောင် အောက်တန်းကျပါတော့၏။ ဆဲရင်း ပါးကို ၀ိုင်းရိုက်နေလိုက်ကြတာ တိရ စ္ဆာန်တွေလိုပါပဲ။

ရန်ကုန်က ပြည့်စိုးနိုင်ဆိုရင် ကျင်ချောင်းကို ကျင်စက်တပ်ပြီး ရှော့ရိုက်တာ ခံရလို့ ပွဲချင်းပြီးပါပဲ။

အောင်မိုးကတော့ ထောင်ထဲမှာ ကြိုးဖြုတ်တယ်ဆိုပြီး မီးဒုတ်နဲ့ လက်ဖျန်ကို တနေရာတည်း ထပ်ကာထပ်ကာ ရိုက်ကြတဲ့အတွက် ၊ အတွင်းကြေ ကြေပြီး ပုပ်စော်နံလာ ကာ လက်ဖြတ်လိုက်ရပါသည်။

တရုတ်ပြည် ရင်ခြမ်းကနေ တောခိုလာတဲ့ ရာကွတ်ဘိုင်ကိုလည်း ”ထောင်ထဲမှာ ကြိုးဖြုတ်ဖို့ လုပ်တယ်”လို့ စွပ်စွဲပြီး လက်ဖျန်ကို ဒါးဦးနဲ့ထောက်ပြီး လှုည့်သွင်းတာ ပေါက်ထွက်သွားပြီး သွေးအများကြီးထွက်လို့ နောက်နေ့မှာ သေဆုံးသွားပါသည်။

ဇော်ဝင်းချစ် (ဗန်းမော်) ကို အမ် ၂၀ သေနတ်နဲ့ မျက်နှာကို ရိုက်နှက်ပြီး၊ နားရွက်ကို တိုင်မှာကပ်ပြီး၊ ဒါးဦးနဲ့ထိုးဖောက်တဲ့အပြင် ၊ နှာခေါင်းကို သံချိပ်နဲ့ ချိပ်ဆွဲပြီး၊ ခြေဖျားထောက် တဲ့ အနေအထားထိ ဆွဲတင်ကာ ချီထားပါသည်။ ဒါတင်မကသေးဘဲ ၊ ပါးစပ်ကို ဟခိုင်းပြီး ၀ါယာ ကြိုးကို ကိုက်ခိုင်းထားကာ၊ လျှပ်စစ်လွှတ်တဲ့အတွက် ၊ နေရာမှာ ပွဲချင်းပြီး သေပါရော။

တင်မောင်အေး (ခ) အားစိုက် (ကသာ)၊ ဌေးဝင်းမြင့်တို့ နေမကောင်းသဖြင့်၊ KIA ဆေးရုံတက်နေရာက ”ရောဂါပျောက်ပြီ ။ လာခေါ်ပါ ” ဟု ဖုန်းဆက်အကြောင်းကြားရာ ၊တဖက်က နားထောင်သူက ”ပျောက်သွားတယ်” ဟုကြားသဖြင့် ၊ သေဒဏ်အမိန့်စာထုတ်ပြီး လိုက်ရှာရာ၊ ဆေးရုံမှာတွေ့ရတာ ကို ပြန်ခေါ်လာပြီး လမ်းမှာပင် သတ်ပစ်လိုက်ပါသည်။

စစ်သင်တန်းဆရာလေး ၀င်းအောင် ဗန်းမော်မှာ တိုက်ပွဲဖြစ်နေစဉ် စခန်းမှာအစောင့် ထားခဲ့ရာ စစ်တပ်က သတ်ပစ်ပါသည်။


နန်းအောင်ထွေးကြည်၊ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီးတို့ သုံးယောက်မက လက်ဝါးကပ်တိုင်မှာ ကြိုးတုတ်ခံရပါသည်။ ရိုးရိုးမဟုတ်ပါ။ ခင်ချိုဦးနှင့်အတူ ၊ အလွန်အေးပြီး ရေခဲနေတဲ့နေရာမှာ ကိုယ်တုံးလုံးနှင့် ထားပါသည်။

နှိပ်စက်မှု မျိုးစုံကိုတော့ ကုန်ဆုံးအောင် မဖော်ပြနိုင်တော့ပါ။


နန်းစောဆိုသူ မိန်းခလေးကတော့ မိန်းမတန်ဆာထဲကို နံပါတ်ဒုတ်နှင့် ထိုးထဲ့ခံရသဖြင့်၊ သားအိမ်ကွဲသွားပြီး တသက်လုံး ဝေဒနာခံစားနေရပါတော့၏။

ညီညီကျော် (ခရိုင်မှူး၊ မန္တလေး) ကို ဆွဲခေါ်သွားကြပြီး? ၃ ရက်အကြာမှာတော့ ပျောက် သွားပါသည်။ ရဲလင်း (ခရိုင်မှူး၊ ရန်ကုန်) ညှင်းပမ်းနှိပ်စက်မှု မျိုးစုံ ခံနေရသည်ကို မိဘများသိ ရှိကာ လိုက်လာပြီး၊ ခံဝန်ကတိပေးကာ ခေါ်သွားပါသည်။

ဝဏ္ဏဇော်(ရန်ကုန်)၊ ဘိုဘို(ရန်ကုန်)၊အောင်ကျော်စိုး (သာယာဝတီ)၊ ညီညီ (မန္တလေး) တို့အားလုံး မိဘများ လာရောက် ခံဝန်ကတိထိုးကာ ပြန်ခေါ်သွားကြပါသည်။


နန်းအောင်ထွေးကြည်ကို KIA မှ အာမခံကာ ခေါ်သွား၏။

ကိုထွန်းအောင်ကျော်ကိုတော့ သံချောင်းကို မီးဖုတ်ပြီး ဒူးခေါင်းကို ထိုးတဲ့အတွက် လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါ။ သို့နှင့် အားမရသေးဘဲ ၊ အဆိပ်နဲ့ဆက်သွယ်ရေး စက် တောင်းပြန်ပါသည် ။ ကိုထွန်းအောင်ကျော်က ”ကျနော့်မှာ မရှိဘူး” လို့ ပြောတော့ မရဘူး။ ကိုထွန်းအောင်ကျော်က အချိန်ဆွဲပြီး ”သူ န၀တ သူလျှို မဟုတ်ဘူး ”ဆိုတာကို ၊ KIA နားလည် အောင် ကြိုးစားပေမယ့် - KIA က- မကာကွယ်ဘဲ မသိယောင် ဆောင်နေခဲ့ပါသည်။

ကိုထွန်းအောင်ကျော်ကို နှိပ်စက်ပုံမှာ -ကိုထွန်းအောင်ကျော် လမ်းနည်းနည်းလျှောက် နိုင်မှန်းသိတော့ လှေခါးက ၀ါးတွေကို ပြောင်းပြန်လုပ်ထားပါသည်။ အဲဒီအပေါ်ကို ဖင်ဒရွတ်ဆွဲ ပြီး တက်နေတဲ့ ကိုထွန်းအောင်ကျော်ကို ကန်ချလိုက်တော့ ဒလိန့်ခေါက်ခွေး ကျသွားပါသည်။ ၀ါးငုတ်တွေပေါ်ကျတဲ့ ဒဏ်ရာကြောင့် အိပ်ယာပေါ်က မထနိုင်တော့ပါ။

သူ့ညီရဲ့လက်ကောက်ဝတ်ကို ဖြတ်ပြီး၊ ပါးစပ်ထဲမှာ ကိုက်ခိုင်းထား၏။ ကျနော်ငိုချင်လာတဲ့အထိ ရင်ထဲမှာ ထိခိုက်စွာ ခံစားရပါသည်။ အားလုံးမြင်နေရပေမယ့် ကိုယ်တိုင်လည်း အနှိပ်စက်ခံ နေကြရတာမို့ တယောက်ကို တယောက် မကယ်နိုင်ကြပါပေ။

နောက်ဆုံးမှာ ကိုထွန်းအောင်ကျော်က ”အားလုံးထောက်လှမ်းရေး မဟုတ်ပါဘူး။ ကျနော် တယောက်တည်းသာ ထောက်လှမ်းရေး ဖြစ်တယ် ”လို့ပြောပြီး ၊ အသက်ပေးသွားပါသည်။ မျိုးဝင်းကိုယ်တိုင် ကိုထွန်းအောင်ကျော်ကို ဒါးနဲ့ခုတ်သတ်လိုက်တာပါ။



ကိုထွန်းအောင်ကျော်ကို အလွန်လေးစားမိပါသည်။ ကျနော် မသေးသမျှ ၊ ဒီ အမှန်တရားတွေကို ဖော်ထုတ်ပါမည် ဟု သံဓိဌာန်ချထားပါသည်။

ကိုထွန်းအောင်ကျော်ရဲ့ညီ -ချိုကြီးကို စစ်ဆေးတာကတော့ ကတ္တရာလိပ် (ရင်ဘောင်ခြမ်း) ကို စက္ကူပတ် မီးရှို့ပြီး ၊ ဗိုက်ပေါ်တင် စစ်ဆေးပါသည်။ မသေခင်တရက်မှာ ညီအကိုနှစ်ယောက်ကို တပြိုင်တည်းခေါ်ပြီး၊ ချိုကြီးရဲ့ ညာဘက်လက်ကောက်ဝတ်ကိုဖြတ်ပြီး ၊ လက်ဖ၀ါးကို ဒါးဦးချွန်နဲ့ထိုးကာ၊ အကိုဖြစ်သူ ကိုထွန်းအောင်ကျော်ရဲ့ ပါးစပ်ထဲကို ထည့်ပြီး ကိုက်ခိုင်းထားပါသည်။ လက်သည်းခွံထဲကို သံချောင်းတွေ ရိုက်ထည့်ထားပါသည်။

မင်းသိန်းကတော့ အချုပ်ထဲမှာပဲ လှမျိုးအောင်က နံချပ်ကူနဲ့ ရိုက်လို့ သေသွားပါသည်။

ဂါမဏိ အလင်းပြန်ဝင်သွားသည်ကို ဗဟိုက လိုက်သတ်တော့၊ သူ့အဖေကိုသာ တွေ့လို့ ၊ အဖေ ကို သတ်ပစ်ခဲ့ကြောင်း သိရပါသည်။ ဦးမိုးလည်း အလင်းပြန်ဝင်တာသိလို့ အသတ်ခံရပါသည်။

မောင်မောင်ကြွယ် (ဒေါ်ချိုချိုကျော်ငြိမ်း မွေးစားသား) ကတော၊့ ဖမ်းဆီးအနှိပ်စက်ခံရပြီး၊ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အဖမ်းခံရသူတွေထဲမှ ၁၄ယောက်ကို ရွေးထုတ်ကာ သတ် ပစ်ကြသည့် အထဲ ပါသွားပါသည်။

၁၉၉၂ခုနှစ် ၊ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ အသတ်ခံရ၍ သေဆုံးသွားသူ ၁၄ယောက်မှာ-

၁။ ကိုထွန်းအောင်ကျော်
၂။ ကိုချိုကြီး (မန္တလေး)
၃။ ကိုလှမြင့်(တပ်ကုန်း)
၎။ ကိုရန်အောင်(ရန်ကုန်)
၅။ ဗိုလ်သာဓု(ရန်ကုန်)
၆။မောင်မောင်ကြွယ်(ရန်ကုန်)
၇။အောင်ဖိုး(ရန်ကုန်)
၈။တပ်ကြပ်ဌေးမြင့်ဝင်း(ရန်ကုန်)
၉။ ခင်ချိုဦး(မန္တလေး NLD)
၁၀။ တပ်ကြပ်ကြီး တူးတူး(မြစ်ကြီးနား)
၁၁။တပ်ကြပ်ကြီးသောင်းမြင့်(စစ်ကိုင်း)
၁၂။ကျော်ကျော်မင်း(မုံရွာ)
၁၃။အေးမြင့်
၁၄။ သက်နိုင်(ရန်ကုန်)

အားလုံးကို ငါးယောက် တကျင်း မြှုပ်ပြီး၊ ခင်ချိုဦးက တကျင်း ဖြစ်ပါသည်။ (သေသွားသည်ကို ပင် မိန်းမအင်္ဂါထဲ ဒုတ်ထဲ့ပြီး မြှုပ်ပါသည်။)

အားလုံး မသတ်မီမှာ၊ ဗဟိုမှ တတိယအကြိမ် စည်းရုံးရေးအတွက် လာရောက်သူ ဒေါက်တာ နိုင်အောင် (ယခု NDD) နှင့်အတူ လှဌေးလည်း ပါလာပါသည်။


ဒေါက်တာနိုင်အောင်က ကျနော်တို့ အချုပ်ခန်းကို လာကြည့်ရာ၊ အချုပ်ခန်းရှေ့ ၀ါးခင်းပေါ် ခြေထောက်တင်ပြီး “ဒီကောင်တွေ သတ်ပစ် လိုက်၊ ငါတာဝန်ယူတယ်”ဟု အမိန့်ပေးရင်း ၊သခင်အားရ -ကျွန်ပါးဝ လုပ်သွားပါသည်။

သူ ဥက္ကဌဖြစ်ရေးကို အရေးထားပြီး၊ မဲပေးမည့် ဗဟိုကော်မတီဝင်တွေကို မျက်နှာလို မျက်နှာရ လုပ်သွားခြင်းပါ။

ရဲဘော်များအပေါ် စာနာစိတ် မရှိသူ ဖြစ်ပါသည်။
တတိယအကြိမ် ညီလာခံမှာ အရှက်နည်းစွာဖြင့် ဥက္ကဌ တာဝန် ရရှိသွားခဲ့ပါသည်။

နောက်ပိုင်းတွင်လည်း ABSDF တောင်ပိုင်းအထိ အဲဒီ ”ထောက်လှမ်းရေးဆိုပြီး ဖမ်းတဲ့ရောဂါပိုး” ပျံ့နှံ့သွားခဲ့ပါသည်။ ဒီလုပ်ရပ်များက ဗကပ ၏ ဖြုတ်ထုတ်သတ်ထက်၊ ABSDF က အပုံကြီး သာသွားပါသည်။

ဒါကြောင့် ABSDF ဟာ နိုင်ငံရေးမှာ တ၀က်လောက် ရှုံးနိမ့်ခဲ့ရပြီး ၊ နောက်ပိုင်းတက်လာတဲ့ ဥက္ကဌတွေ အနေနဲ့ ခုချိန်ထိ ၊ ဒီဒဏ်ကို ခံနေရဆဲပါ။

ကချင်ပြည်နယ်တွင် န၀တ ထောက်လှမ်းရေးဟု စွပ်စွဲခြင်း ခံရသူများ စာရင်းမှာ-

၁။ ထွန်းအောင်ကျော် - မန္တလေး - (သေဆုံး)
၂။ ချိုကြီး ။ ။
၃။ ညီညီ
၎။ ရာပြည့် (ခ) ခင်မောင်တင့်
၅။ စိန်ဝင်း (သေဆုံး)
၆။ ထိန်လင်း - ရန်ကုန်
၇။ လွင်မင်းသန့် (ထိန်လင်း) - မန္တလေး
၈။ ကိုဇင်
၉။ ညီညီကျော်
၁၀။ နိုင်ဝင်းအောင်
၁၁။ ရဲလင်း - ရန်ကုန်
၁၂။မောင်မောင်ကြွယ် (သေဆုံး)
၁၃။ မိုးကျော်သူ
၁၄။ ၀ဏ္ဏဇော်ခင်(ရုပ်ရှင်မင်းသားဟောင်း ဇော်ခင်၏ သား)
၁၅။ နန်းအောင်ထွေးကြည် (မငယ်)
၁၆။အောင်ကျော်ဦး
၁၇။ ကိုအုံးကြိုင်
၁၈။အောင်ကျော် (သေဆုံး)
၁၉။ကျော်နိုင်ဦး
၂၀။ဇော်မိုး
၂၁။ကျော်စွာဝင်းမောင်
၂၂။ တိုးကြည်
၂၃။အောင်ကျော်မြင့် (သေဆုံး)
၂၄။မောင်မောင်
၂၅။ သက်တင်
၂၆။အောင်နိုင်
၂၇။ ဆန်းမြင့်ကိုကို
၂၈။ ဒိုတာ
၂၉။ တင်လွှမ်းမိုး
၃၀။ စည်သူထွန်း
၃၁။ ကံမြင့်ဦး
၃၂။ကျော်မျိုး
၃၃။ လှဝေ
၃၄။ နိုင်လင်း
၃၅။ အားစိုက် (တင်မောင်အေး) -သေဆုံး
၃၆။အောင်ကိုး ။
၃၇။ မိုးဇော်အောင် ။
၃၈။အောင်မိုး ။
၃၉။ကျော်ဝေ ။
၄၀။ကျော်ကျော်ဦး (မုံရွာ) ။
၄၁။ကျော်ကျော်မင်း ။
၄၂။ ဦးသောင်းမြင့် ။
၄၃။ ဦးစိန် ။
၄၄။ကျော်ကျော်ဦး (တဇယ်) ။
၄၅။ ဦးမိုး
၄၆။ သန့်စင်မိုး (အီနွတ်)
၄၇။ ထွန်းဇံ
၄၈။ကျော်ဇင်ထွန်း
၄၉။မောင်မောင်ခင်
၅၀။ မိုးဆန်း
၅၁။မောင်မောင် -သေဆုံး
၅၂။ကျော်ကျော်ဦး(ကသာ) ။
၅၃။ ၀င်းမြင့်
၅၄။အောင်မွန်
၅၅။ ဟန်ဝင်းအောင်
၅၆။ဇော်ထွန်း
၅၇။ နိုင်အောင် PSLP
၅၈။ သိန်းနိုင်ချို
၅၉။ စိုးလေး
၆၀။မြင့်သိန်း
၆၁။ ထိန်လင်း (ဘောကြီး)
၆၂။ သာဓု (သေဆုံး)
၆၃။ ခင်ချိုဦး -သေဆုံး
၆၄။ တူးတူး (မိုးညှင်း)
၆၅။ နန်းစော
၆၆။ ဥတည်ဘွား
၆၇။ ဦးမင်းအောင် -သေဆုံး
၆၈။ တူးတူး (မြစ်ကြီးနား) ။
၆၉။ စံမျိုးအောင် ။
၇၀။ ရန်အောင် ။
၇၁။ မျိုးသန်းဦး ။
၇၂။ သိန်းထွန်း ။
၇၃။ပြည့်စိုးနိုင် ။
၇၄။ဌေးမြင့်ဝင်း ။
၇၅။ ခင်မောင်ဇော်
၇၆။ စိုးလွင်
၇၇။အောင်ဝင်း
၇၈။ကျော်ကျော်နိုင် (ဘောတလုံး)
၇၉။ပေါ်ဦး
၈၀။ ထွန်းဦးနိုင်
၈၁။ သက်တင်
၈၂။ လှမြင့် -သေဆုံး
၈၃။ ညီညီနိုင်
၈၄။ ခင်မောင်ကြည်
၈၅။ မိုးကြီး
၈၆။ တင့်လွင် -သေဆုံး
၈၇။ကျော်ဌေး ။
၈၈။ ရာကွတ်ဘိုင် ။
၈၉။ ခင်မောင်စိုး ။
၉၀။ဇော်ဝင်းချစ် ။
၉၁။ ၀င်းနောင် ။
၉၂။ ၀င်းသိန်း ။
၉၃။အေးမြင့် ။
၉၄။ဇော်ဝင်းချစ် ။
၉၅။အေးမြင့် ။
၉၆။အောင်မိုး ။
၉၇။ စိုးဝင်းသန်း ။
၉၈။ ဂမ်မလိ (ဖခင်အသတ်ခံရသည်။)
၉၉။ စိုးကြိုင် (ပြည်တွင်းမှာအသတ်ခံရသည်။)

ကျနော်ရဲ့တင်ပြချက်တွေ အားလုံး အမှန်ဖြစ်ကြောင်း တာဝန်ယူပါသည်။ ကျနော့်အနေနှင့် "သေဆုံး-အနှိပ်စက်ခံရသူတွေဟာ ထောက်လှမ်းရေး မဟုတ်ကြောင်း " ယခုလို အနှစ် ၂၀ ကာလမှာ စစ်ဆေးနိုင်ပြီ ဆိုတာကို တင်ပြချင်ပါသည်။

ထိုအချိန်တွင် တာဝန်ရှိသူများမှာ-


၁။အောင်နိုင် (ဥက္ကဌ)

၂။ သံချောင်း (CS) (သာယာဝတီထောင်)

၃။ မျိုးဝင်း (BCS) (သေဆုံး)
၎။အောင်ကြီး (ဘဏ္ဍာရေး)
၅။နေဒွန်း (ဦးစီး)

၆။ လှဆိုင်း (ဘဏ္ဍာရေး)
၇။ စိန်အေး (စည်းရုံးရေး)
၈။အောင်သန်း (ဘဂျမ်း) ၇၀၁ တပ်ရင်းမှူး
၉။အောင်ဆွေဦး ၇၀၂ တပ်ရင်းမှူး

၁၀။ သိုက်ထွန်းဦး ၅၀၁ တပ်ရင်းမှူး
၁၁။ မိုးနောင်
၁၂။ သက်လင်း
၁၃။ နိုင်စော
၁၄။မောင်ထွေး
၁၅။ သန်းဇော် (မန္တလေးထောင်)
၁၆။ လှနူးလ်
၁၇။ ကိန်းမြင့်


၎င်းတို့အပြင် ABSDF ဗဟိုမှ ဒေါက်တာနိုင်အောင် (NDD) တို့ပင် ဖြစ်ပါသည်။

အေဘီအက်စ်ဒီအက်ဖ် ကချင်(မြောက်ပိုင်း) တာဝန်ရှိသူ ကော်မတီဝင်များ စာရင်း ကို ထပ်မံ တင်ပြလိုက်ပါသည်။

၁။ ထွန်းအောင်ကျော် (ဥက္ကဌ)
၂။ သံချောင်း (ဒု ။ ) စစ်ရေးတာဝန်ခံ
၃။ မျိုးဝင်း ( ။ )တွဲဘက် စစ်ရေးတာဝန်ခံ
၎။အောင်ကြီး (ဘဏ္ဍာရေး)
၅၊အောင်နိုင် (အတွင်းရေးမှူး)
၆။နေဒွန်း (စီးပွားရေးတာဝန်ခံ)
၇။ ဒူဝါ လှဆိုင်း (ဘဏ္ဍာရေး)
၈။ တင်မောင်အေး
၉။ ဦးစိန် (နိုင်ငံရေးနှင့်စည်းရုံးရေး)
၁၀။ ညီညီကျော် (ဗန်းမော် ခရိုင်မှူး)
၁၁။ ရဲလင်း (ရွှေဂူ ခရိုင်မှူး)
၁၂။ ဗဂျမ်း (အောင်သန်း) ၇၀၂ တပ်ရင်းမှူး
၁၃။အောင်ဆွေဦး ၇၀၁ တပ်ရင်းမှူး
၁၄။ စိန်အေး (စည်းရုံးရေး)

အထက်ဖော်ပြပါ စာရင်းမှ လူများမှာ- ABSDF ကချင်(မြောက်ပိုင်း)ကော်မတီဝင်များဖြစ်ကြပြီး၊ တောင်ပိုင်းမှ လာရောက် တာဝန်ထမ်းဆောင်သူများမှာ-

ကျော်ကျော် (ယခင် ဥက္ကဌ)၊ လှဌေး (စစ်ကိုင်းတိုင်း) နှင့် စိုးလင်း(နိုင်ငံရေးနှင့်စည်းရုံးရေး) တို့ ဖြစ်ကြပါသည်။

”သွေးမဲ့မော်ကွန်း”

တို့ နိုင်ရဘို့အတွက် ကြိုးစားရင်း
ငါတို့ရဲ့…
သွေးတွေ….ချွေးတွေ...
မော်ကွန်းပြောင်းပြန် တင်ခဲ့ပြီ။

(ထင်လင်းအောင်)

--------------------------------------

မခင်စန်းနွယ်၏ မှတ်ချက်။ ။
”မြောက်ပိုင်းကိစ္စမှာ တာဝန်ရှိခဲ့တဲ့သူတွေက ခုအချိန်မှာ ထင်လင်းအောင်ကို ခြိမ်းခြောက်ပြီး နှုတ်ပိတ်ဖို့ ဖိအားတွေ ပေးနေလို့ ထင်လင်းအောင်အနေနဲ့ စိုးရိမ်ထိတ်လန့်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ထင်လင်းအောင် လုံခြုံရေးအတွက် ၀ိုင်းဝန်းကာကွယ်ပေးကြပါလို့ တိုက်တွန်းအပ်ပါတယ်။”

”ကျမ ကိုယ်တိုင်က မြောက်ပိုင်း (ကချင်ပြည်နယ်)ABSDF တပ်ရင်း (၇၀၁)မှာ တောခိုခဲ့သူပါ။ အခုတင်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ စာရေးသူအနေနဲ့ မြောက်ပိုင်းက ထွက်ခွါလာပြီးနောက်- မြောက်ပိုင်းတပ်စခန်းဖြစ်တဲ့ လိုင်စင်တောင် ပါဂျောင်စခန်းမှာ ဖြစ်သမျှကို ၊ ကျမသူငယ်ချင်း ထင်လင်းအောင်က အသေအချာ ရေးမှတ်ထားခဲ့ပါတယ်။ သူရေးမှတ်ထားတာတွေကို ကျမကို ပေးခဲ့ပါတယ်။ ”

”ကျမတို့မိသားစုနဲ့ ထင်လင်းအောင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သုံးနှစ်ခန့် အတူနေခဲ့ကြပါတယ်။ အဲဒီလိုနေကြစဉ် ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျမကို သူကိုယ်တိုင် ပေးခဲ့တာ ဖြစ်ပါတယ်။
သူ့လက်ရေးစာမူက ကျမဆီမှာ ခုချိန်ထိရှိနေပါတယ်။”

(ခင်စန်းနွယ်)
အမေရိက

---------------------------------------------------------------

- ကိုထိန်လင်း၊ မနန်းအောင်ထွေးကြည်၊ ကိုညီညီကျော်၊ ကိုထင်လင်းအောင်၊ကိုထွန်းအောင်ကျော် နဲ့ကျနော်
-ဦးသန်းဆွေ(မြေနီကုန်း)-
25-1-2012


”ကိုထိန်လင်း ၊ မနန်းအောင်ထွေးကြည် ၊ ကိုညီညီကျော် ၊ ကိုထင်လင်းအောင်-”
- သူတို့က ယုတ်ကန်းပက်စက်လှတဲ့အဲဒီငရဲခန်းကြီးကို ကိုယ်တိုင်ခါးစည်းပြီး ဖြတ်သန်းခဲ့ကြရတဲ့ သူတွေထဲက ကံကြီးလွန်းလို့ မသေပဲ လွတ်မြောက်လာသူ တချို့။
တနည်းပြောရရင် ငရဲကောင်တွေကို ငရဲပို့ဖို့၊ လူ့အဖွဲ့အစည်းတရားခွင်မှာ လူမဟုတ်တဲ့ လူတူ သတ္တဝါတွေကို လူ့စည်းဝိုင်းအပြင်ဘက် လူ့သမိုင်းအဆက် ဆက်မောင်းထုတ်ကြဖို့၊ လောကပါလ တရားကိုယ် အရ၊ လိုအပ်မှုအရ ရှင်သန်ခွင့်ရခဲ့ကြတဲ့ လူတွေထဲက တချို့။၊
လူ့အဖွဲ့အစည်းဝင်တစ်ခုဖြစ်တဲ့မြန်မာ့လူ့အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာနဲ့ လူ့ယဉ်ကျေးမှုတန်ဘိုး ”စံ” ကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ဖျက်ဆီးခဲ့ကြတဲ့၊ ဖျက်ဆီးနေဆဲလည်းဖြစ်တဲ့၊ ဆက်ဖျက်ဆီးဖို့လည်း ကြံစည် နေကြတဲ့ ဗီဇယုတ် ငရဲကောင်တွေနဲ့အပေါင်းပါတွေရဲ့အန္တရာယ်က နောက်မျိုးဆက်တွေ လွတ်ကြရအောင် လုပ်ဖို့တာဝန်ရှိတဲ့၊ တာဝန်သိတဲ့၊ခိုင်ကြည်တဲ့ သက်သေ၊ တရားလိုတွေဖြစ်တယ် ။ ကာယကံရှင်တွေဖြစ်တယ်။


”ကိုအောင်မိုးဝင်း”
- သူက စာဖွဲ့လို့ မရနိုင်လောက်အောင်ဖြစ်ခဲ့တဲ့ ဒီပက်စက်မှုကြီးကို စာဖွဲ့ပြီး မှတ်တမ်းတင်နေတဲ့သူ ။
ပြီးတော့ လူ၊ လူ့တန်ဘိုး၊ လူ့ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာ၊ အားလုံးကို တစ်စ မကျန် ဖေါက်ပြန်ကျူးလွန် ခဲ့ကြတဲ့ အဲဒီ အဟိတ်တွေနဲ့ တရားမဲ့မှုကို အပြစ်မဲ့စွာ ခံလိုက်ရတဲ့ ဘက် ၊ နှစ်ဘက်လုံးက အတော်များများနဲ့ ထဲထဲဝင်ဝင် ကျွမ်းဝင်ခဲ့သူ ။
လုပ်ဖေါ်ကိုင်ဘက်၊ ရဲဘော် ၊ မိတ်ဆွေ ၊အသိ အဖြစ် ထိတွေ့ ဆက်ဆံခဲ့ဖူး သူ၊ သူ့မှာ အထောက်အထားတွေရှိတယ်။
သူ့အထောက်အထားတွေကို သူယုံတယ်။ မျှတတဲ့ စိမ်ခေါ်မှု နဲ့ ပြည်သူကို ချပြမယ်၊။
ဓမ္မနဲ့အဓမ္မ ပြည်သူက ဆုံးဖြတ်ပါလိမ့်မယ်။

ဒီဖြစ်ရပ်ကြီးထဲ သူဘာကြောင့် ဝင် ပါခဲ့တယ်၊ သူ့ရပ်တည်ချက် က ဘယ်လိုဆိုတာ စ ဝင်ကတည်းက ” သူ” ဒီလို ရှင်းရှင်းပြောပြီး -ဝင်ခဲ့သူဖြစ်တယ်။


”ကိုထွန်းအောင်ကျော်”
- ABSDF ကို စတည်ခဲ့ကြသူ တွေထဲက တစ်ဦး၊ ပင်မ ဗဟိုအေဘီရဲ့ အစောဆုံးဥက္ကဋ္ဌလည်း ဖြစ်တယ်။
မြောက်ပိုင်းကိစ္စဟာ သူတာဝန်ယူ နေစဉ်ကာလမှာ ဖြစ်ခဲ့တာ မဟုတ်ပေမယ့်- ကျောင်းသား တပ်မတော် ရဲ့ဂုဏ်သိက္ခာကို ထိပါးစေတဲ့ ဘယ်လုပ်ရပ်မျိုးကို မဆို၊ ဆန့်ကျင် တိုက်ဖျက်သွားဖို့ လိုတယ်ဆိုတဲ့အမြင်နဲ့- မြောက်ပိုင်းဗဟိုမှာဖြစ်ခဲ့တဲ့ ပက်စက်မှုကြီးကို သိက္ခာရှိရှိရှင်းကြဖို့၊ တာဝန်သိသိဝင်ပြီး ဆော်သြတဲ့၊ အေဘီဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်တယ်။

ကျနော်က ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ကာယကံရှင်လဲ မဟုတ်ပါဘူး ။
နှစ်ဘက်လုံးနဲ့ထဲထဲဝင်ဝင် သိခဲ့ကျွမ်းခဲ့ပြီး နှစ်ဘက်လုံးနဲ့ ပတ်သက်တဲ့အထောက်အထား တွေ ရှိတဲ့သူလည်း မဟုတ်ပါဘူး ။
ဘယ်နိုင်ငံရေး၊ စစ်ရေးအဖွဲ့အစည်းဝင်မှလည်း မဟုတ်ပါဘူး။

ဒါဖြင့် ဘာကြောင့် ဒီပြဿနာထဲကို ဝင်ပါရတာလဲလို့ သဏ္ဌာန်မျိုးစုံနဲ့မေးလာသူ မိတ်ဆွေများကို ကျနော် တလေးတစား တန်ဘိုး ထားပြီး ဖြေလိုက်ပါတယ် ။” ကျနော်ဟာ မြန်မာနိုင်ငံမှာ မွေးခဲ့တဲ့ မြန်မာ နိုင်ငံသား တစ်ဦးဖြစ်လို့ပါဘဲ” ။


ပြီးတော့ ”လူသား တစ်ဦးအနေနဲ့လူ့ဂုဏ်သိက္ခာ ၊ လူ့တန်ဘိုးကို ထိန်းသိမ်းဖို့တာဝန်ရှိတယ်” လို့အခိုင်အမာ ယုံကြည်လို့ပါဘဲ။

အရင် စာတွေမှာ ကတည်းက ကျနော်ရေးခဲ့ပြီးပါပြီ။
မြောက်ပိုင်းကိစ္စဟာ ဘက်နှစ်ဘက်(နိုင်ငံတော်နှစ်မျိုး) ကြားက ပြဿနာ၊ တပ်စုတစ်စု၊ အဖွဲ့အစည်း တစ်ခုတည်း အတွင်းက ပြဿနာမျှသာ မဟုတ်တော့ဘူး။
နယ်လွန်သွားပြီ၊
မြန်မာ အပါအဝင် တိုင်းရင်းသား လူ့အဖွဲ့အစည်းဝင် အားလုံးရဲ့ယဉ်ကျေးမှု ဂုဏ်သိက္ခာကို ပြောင်ပြောင်တင်းတင်း အသရေဖျက်တာ။

လူ့အဖွဲ့အစည်းဝင်တွေရဲ့ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဘိုးကို မိုက်ရိုင်း စုတ်ပဲ့စွာ စော်ကားလိုက်တာပဲ လို့ ယူဆပါတယ်။

အဲဒီလူ့အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့အဖွဲ့အစည်းဝင် တစ်ဦးဖြစ်တဲ့ကျနော့်မှာ တာဝန်ရှိတယ်လို့ယုံကြည်လို့ အခုလို ဝင်ပြီး ရေးသားခြင်းဖြစ်ပါတယ်။

မိတ်ဆွေများ ခင်ဗျား၊ အားလုံးကို လေးစားပါတယ်။
ဒါကြောင့်လည်း ရေးလက်စ များ ဆက်မတင်ခဲ့တာပါ။
အခုလည်း ကျနော့်အမြင်၊သဘောထားကို ကြားဖြတ်ပြီး ကျနော်တတ်စွမ်းသမျှ ရှင်းပြလိုက်ပါတယ် ။
ကျနော်ဆက် ရေးသွားပါမယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

”ဟေး... အသံတွေ တိတ်ကုန်ပါလားဟေ့......
ခွာရှပ်ပြီး ကန်သင်းကို ထိုးခွဲ ...ဂျိုပဲ သွေးနေတာလား၊
စိတ်ကြိုက်ပြင်ဆင်ပြီးရင် ခတ်ကွင်းထဲ ဝင်ခဲ့တော့ ၊
”ဂျို”ထောင်လား။ ”ဂြိုဟ်” ကောင်လား..။
အံသွားတွေ ကျိကျိမြည်အောင် ကြိတ်ထားတဲ့ ပရိသတ် ကြီးက သိပြီးသား အဖြေကို အေးစက်တဲ့မျက်လုံးတွေနဲ့ကြိုဆို နေကြပါတယ် ။”


ဦးသန်းဆွေ(မြေနီကုန်း)

 
”ခွင့်လွှတ်လို့ရတဲ့ အမှားရှိသလို၊ ခွင့်လွှတ်လို့မရတဲ့ အမှားလည်းရှိတယ်။”
-စိုးဝင်းရှိန်-

25-1-2012
ဦးသန်းဆွေ(မြေနီကုန်း)ခင်ဗျား...

ကျနော်လည်း ဦးသန်းဆွေလို ပါပဲ။


ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့ ကာယကံရှင်လဲ မဟုတ်ပါဘူး ။

ကျနော်ဟာ တောလည်း မခိုခဲ့ဘူးသလို၊ ABSDF အဖွဲ့ဝင်လည်း မဟုတ်ခဲ့ပါ။ အေဘီမြောက်ပိုင်းလူသတ်ပွဲမှာ အသတ်ခံရတဲ့ ကျောင်းသားရဲဘော်ကြီးတွေထဲမှာ ကျနော့် အမျိုး အဆွေ တစ်ဦး တစ်ယောက်မှ မပါခဲ့ပါ။

သို့ပေမယ့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ပြောဆိုခဲ့တဲ့ စကားအတိုင်း ပြောရမယ်ဆိုရင်... ”မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူပဲ..” တဲ့-။


ဒါကြောင့် ဖြစ်ရပ်မှန် သမိုင်းအမှန်ကို သိချင်လို့ ဇန်န၀ါရီလ ၂၂ ရက်နေ့က ဂျပန် ဒမဖ (ဒီမိုကရေစီမဟာမိတ်များ အဖွဲ့ချုပ်)က ကြီးမှူးကျင်းပတဲ့ “ကိုမိုးသီးဇွန်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ သုံးသပ်ဆွေးနွေးပွဲ” တက်ရောက်ခဲ့ပြီး -တချိန်က ABSDF ရဲ့ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ဘူးတဲ့ ကိုမိုးသီးဇွန်ကို မေးမြန်းခဲ့ပါတယ်။


မေးမြန်းထားခဲ့တဲ့ အသံဖိုင်အပြည့်အစုံကို ဟစ်တိုင် အင်တာနက် စာမျက်နှာမှာ တင်ထားပါတယ်။


လင့်ခ်ကတော့-

http://www.hittai.net/?show=rm&fileid=112&t=home17&id=11


ကိုမိုးသီးဇွန်ကတော့ ”သူမှာ တာဝန်မရှိဘူး၊ ခံလည်း မခံစားရဘူး။ ABSDF ဥက္ကဋ္ဌဟောင်းတစ်ယောက်အနေနဲ့ ဖြစ်ပေါ်ခဲ့တဲ့ လူသတ်မှုကိစ္စတွေနဲ့ပတ်သက်ပြီး တာဝန်ယူဖြေရှင်းဖို့ဆိုတာ သူ့ မှာ ဘာ ပါဝါမှ မရှိလို့ ” တဲ့။


ကိုထွန်းအောင်ကျော်ကတော့ ပြတ်တယ်။
”မြောက်ပိုင်းကိစ္စဟာ သူတာဝန်ယူ နေစဉ်ကာလမှာ ဖြစ်ခဲ့တာ မဟုတ်ပေမယ့် ...ကျောင်းသား တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ ဘယ်လုပ်ရပ်မျိုးကို မဆို၊ ဆန့်ကျင်တိုက်ဖျက်သွားဖို့ လိုတယ် ” ဆိုတဲ့အမြင်နဲ့ မြောက်ပိုင်း ဗဟိုမှာ ဖြစ်ခဲ့တဲ့ ပက်စက်မှုကြီးကို သိက္ခာရှိရှိရှင်းကြဖို့၊ တာဝန်သိသိဝင်ပြီး ဆော်သြတဲ့လူ။
ကျနော် သဘောကျတယ်။

(ကိုထွန်းအောင်ကျော်ကို ကျနော်ကိုယ်တိုင် ဆက်သွယ်ပြီး ဂျပန်ကို ပထမဦးဆုံး ခေါ်ခဲ့ဖူးတယ်။

(၂၀၀၅ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့မှာ ကျရောက်တဲ့ ၄၃ နှစ်မြောက် ၇ ဇူလိုင် အထိမ်းအမှတ် အခမ်းအနား ကျင်းပဖို့အတွက်ပါ။
အဲဒီ့တုန်းက ကျနော် စီစဉ်တာက- ၆၂ ကျောင်းသားခေါင်းဆောင် ဦးတင့်ဇော်(ထိုင်း)ရယ်၊
၇၄ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်ရယ်၊
၈၈ ကျောင်းသား ခေါင်းဆောင် ကိုမိုးသီးဇွန်ရယ် ကိုပါ။

စစ်အာဏာရှင်ကို ဆန့်ကျင်အန်တုခဲ့သော ခေတ် ၃ ခေတ် ကျောင်းသားခေါင်းဆောင်များရဲ့ ပွဲသဘောမျိုး စီစဉ်လိုက်တာပါ။ သို့ပေမယ့် အကြောင်းကြောင်းကြောင့် အန်ကယ်ဦးတင့်ဇော်နဲ့ ကိုမိုးသီးဇွန်တို့ ဂျပန်လာဖို့ အဆင် မပြေဖြစ်လိုက်ဘူး။ ကိုထွန်းအောင်ကျော် တစ်ယောက်ပဲ လာဖြစ်တယ် )


ကျနော်တို့ မိုးသောက်ကြယ် အဖွဲ့သားတွေက ကိုထွန်းအောင်ကျော်ကို ABSDF ဖြစ်ပေါ်လာပုံသမိုင်း၊

ABSDF နှစ်ခြမ်းကွဲခဲ့ရတဲ့ အကြောင်း၊
လူသတ်မှုတွေ ပေါ်ပေါက်လာခဲ့ရတဲ့အကြောင်းကို အသေးစိပ်မေးမြန်းပြီး၊၂၀၀၅ ခုနှစ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၈ စာမျက်နှာ ၈၊ ၉၊ ၁၀၊ ၁၁ မှာ စာအက္ခရာအနေနဲ့ ရေးသားဖော်ပြခဲ့ ဖူးတယ်။

ကိုထွန်းအောင်ကျော် ကျနော်တို့ နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းခဲ့သမျှကို အချက်အလက်တွေနဲ့ အေးအေးဆေးဆေး ဖြေခဲ့ ပြောခဲ့တာ အရမ်းမိုက်တယ်။

လူကြီးပီသတယ်။ ခေါင်းဆောင်လည်း ပီသတယ်။

နောက်ပြီးတော့ အဲဒီ့တုန်းက သူ(ကိုထွန်းအောင်ကျော်) ကျနော်တို့ကို ဖြေခဲ့ ပြောခဲ့တဲ့အတိုင်းပဲ။

အခုအချိန်အထိ သူ့စကားသူ တည်ပြီး၊ ABSDF မြောက်ပိုင်းကျောင်းသားတွေ ရက်ရက်စက်စက် အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး သူဆောင်ရွက် နေတယ်။

လိုရင်းပြောရင် အရောင်မပြောင်းဘူးပေါ့ဗျာ။

ဒါကြောင့် ကျနော်က ကိုထွန်းအောင်ကျော်ကို သဘောကျတယ်။ ကြိုက်တယ်လို့ပြောတာပါ။
(ကျနော်တို့ ကိုထွန်းအောင်ကျော်ကို ဗျူးထားတဲ့ အင်တာဗျူးကို ဦးသန်းဆွေ(မြေနီကုန်း) ဖတ်ချင်တယ်ဆိုရင် ပို့ပေးပါမယ်)


ဒေါက်တာနိုင်အောင်နဲ့လည်း ကျနော် ဗျူးဖူးတယ်။
အတိအကျပြောရရင် ပြည်တွင်းထဲမှာ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပေါ်ပြီးစ ၊ ၂၀၀၃ ခုနှစ် ဇွန်လတုန်းက။
သူရယ် သူ့အမျိုးသမီး(မခင်ဥမ္မာ)ရယ် ဂျပန်ကို လာတဲ့အချိန်မှာပါ။
အဲဒီ့အချိန်တုန်းက ကျနော်တို့ရဲ့ မိုးသောက်ကြယ်စာကြည့်တိုက်နဲ့ မိုးသောက်ကြယ်ဂျာနယ်ဆိုတာ မပေါ်ပေါက်သေးတဲ့အချိန်။

ဆရာဦးမင်းညိုရဲ့ မြန်မာ့ရေးရာရုံး (ဂျပန်)က ထုတ်တဲ့ မြန်မာဂျာနယ်မှာ နာမည်မခံပဲ ကျနော်နဲ့ ကိုခင်မောင်ထိုက်နဲ့ (ယခုထိုင်းနိုင်ငံ) နောက်ကွယ်ကနေ လုပ်နေတဲ့ ကာလ။

ကျနော်က မြန်မာဂျာနယ်မှာ လုပ်နေရင်း ဒီပဲယင်းကိစ္စပေါ်လာတော့ ဦးသန်းဆွေ(မြေနီကုန်း)နဲ့ နာမည်ဆင်တူတဲ့ ကိုသန်းဆွေ(ယခု မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူ)ကို သွားစည်းရုံးပြီး၊ ဂျပန်မှာ activist လုပ်ငန်းတွေ အတူလက်တွဲပြီး ပြန်လုပ်ဖို့ ကြိုးစားဆောင်ရွက်နေတဲ့ကာလ။

- ပထမဦးဆုံး ကျနော်တို့ စလုပ်ဖြစ်တာက ဂျပန်မှာရှိတဲ့ မြန်မာ့နိုင်ငံရေး၊ ဒီမိုကရေစီအရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေ၊ အင်အားစုတွေ စုစည်းပြီး အရေးပေါ် ပူးပေါင်းလှုပ်ရှားမှု ကော်မတီ ဆိုတဲ့ခေါင်းစဉ်နဲ့ လုပ်ဆောင်နေတဲ့ကာလ။
အဲဒီ့အချိန်မှာ ဒေါက်တာနိုင်အောင်တို့ လင်မယား ဂျပန်ရောက်တယ်။
ကျနော်က မေးတယ်။ လိုရင်းပြောရရင်.. ဒေါက်တာနိုင်အောင် ကလည်း ကိုမိုးသီးဇွန်လိုပဲ။
အတိအကျ မဖြေဘူး။
(အသံဖိုင်တော့ ကျနော့်ဆီမှာ မရှိတော့ဘူး။ သို့ပေမယ့် ဓါတ်ပုံတွေတော့ ရှိသေးတယ်)


ကျနော့်အယူအဆအရ ပြောရမယ်ဆိုရင်.. သမိုင်းဆိုတာ မေ့ဖျောက်လို့ရတဲ့ အရာ မဟုတ်သလို လိုတိုး ပိုလျော့ လုပ်လို့ရတဲ့ အရာ မဟုတ်ဘူး။


နောက်ပြီး ခွင့်လွှတ်လို့ရတဲ့ အမှားရှိသလို၊ ခွင့်လွှတ်လို့ မရတဲ့ အမှားလည်းရှိတယ်။


အခုကိစ္စဟာ လူ့ဘောင် အဖွဲ့အစည်း လူ့သမိုင်းအနေနဲ့ရော၊ ကျောင်းသားတပ်မတော်သမိုင်း(ABSDF)နဲ့ ဂုဏ်သိက္ခာအတွက်ရော၊ လူသားမဆန်စွာ သတ်ဖြတ်ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက်ရော ဘယ်လိုမှ ခွင့်လွှတ်မေ့ဖျောက်လို့ မရဘူး လို့ ကျနော်ထင်တယ်။


ကျနော့်အယူအဆပြောတာနော်။ မှန်ချင်မှ မှန်မယ်။ ခံစားခဲ့ရတဲ့ ကာယကံရှင်တွေရဲ့ အယူအဆနဲ့လည်း တူချင်မှတူမယ်။


ဦးသန်းဆွေ(မြေနီကုန်း)စကားနဲ့ ပြန်ပြောရမယ်ဆိုရင်- မြောက်ပိုင်းကိစ္စဟာ ဘက်နှစ်ဘက်(နိုင်ငံတော်နှစ်မျိုး)ကြားက ပြဿနာ၊ တပ်စုတစ်စု၊ အဖွဲ့အစည်းတစ်ခုတည်း အတွင်းက ပြဿနာ မျှသာ မဟုတ်တော့ဘူး။

နယ်လွန်သွားပြီ၊ မြန်မာအပါအဝင် တိုင်းရင်းသားလူ့အဖွဲ့အစည်းဝင်အားလုံးရဲ့ယဉ်ကျေးမှု ဂုဏ်သိက္ခာကို ပြောင်ပြောင်တင်းတင်း အသရေဖျက်တာ။

လူ့အဖွဲ့အစည်းဝင်တွေရဲ့ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဘိုးကို မိုက်ရိုင်းစုတ်ပဲ့စွာ စော်ကားလိုက်တာပဲ လို့ ယူဆပါတယ် ဆိုတဲ့ အတိုင်းပဲ။


ဒါကြောင့် သမိုင်းအမှန်ပေါ်အောင် ဖော်ထုတ်သင့်တယ်။ ဖော်ထုတ်တဲ့နေရာ မှာလည်း ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲ၊ အယူဝါဒစွဲ၊ နေရာစွဲ၊ ဒေသစွဲ အစရှိတဲ့ အစွဲတွေဖျောက်ပြီး တိကျခိုင်မာတဲ့သမိုင်း၊ မှားရင်လည်း မှားခဲ့တဲ့အတိုင်း၊ မှန်ရင်လည်း မှန်ခဲ့အတိုင်း ဖော်ထုတ်ကြပါ...


မှားခဲ့တဲ့ လူတွေကလည်း မှားကြောင်း ၀န်ခံရဲတဲ့ စိတ်ဓါတ် သတ္တိတွေ ရှိကြပါ။ မွေးမြူကြပါ။


အကယ်၍ ကျူးလွန်ခဲ့တဲ့သူတွေက တောင်းပန်လို့ သက်ရှိထင်ရှားရှိနေတဲ့ ကာယကံရှင်တွေကရော ...မတရားသတ်ဖြတ်ခံ လိုက်ရလို့ ကျဆုံးသွားခဲ့ကျတဲ့ ကျောင်းသားကြီးတွေရဲ့၊ မိဘ ညီအကို ဆွေမျိုးမိသားစုတွေကရော ခွှင့်လွှတ်တယ် ဆိုရင် ၊မဟတ္တမဂန္ဓီရဲ့စကားနဲ့ ကော်ပီကူးပြီး ပြောရမယ်ဆိုရင် ”ခွှင့်လွှတ်နိုင် ပေမယ့် ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဆိုးကြီးကိုတော့ ဘယ်သော အခါမှ မမေ့ပစ်လိုက်ကြပါနဲ့” ခင်ဗျား...


ရိုးသားမှု အားလုံးကို လေးစားလျှက်-


စိုးဝင်းရှိန်

(မိုးသောက်ကြယ်ဂျာနယ် တာဝန်ခံအယ်ဒီတာတစ်ဦး)
-------------------------------------------

”ငရဲပွက်ပမာ သေဆုံးသူတို့၏ AB မြောက်ပိုင်းမှ အရိုးတွန်သံများ”

-( အမေ့သား -ဒိန်းမတ်-)

25-1-2012
-

သင်တို့၏ မင်းမဲ့စရိုက်ဆန်စွာ အမိန့်အာဏာတို့ဖြင့်

ပါးကွက်သားဆန်ဆန် သတ်ဖြတ်ခဲ့သော
AB မြောက်ပိုင်းမှ တော်လှန်သူတို့၏ အရိုးတွန်သံများသည်
ငရဲပွက်ကဲ့ပမာ ပဲ့တင်ရိုက်ခတ်
ညပေါင်းများစွာတို့ကို တုန်လှုပ်စေခဲ့ပြီး
သင်တို့အား ညစဉ်လိုလို ခြောက်လှန့်စေမည်ဖြစ်သည်။

ပြေးလို့လွတ်မည် မဟုတ်သည့် ထို- ရာဇဝင်သွေးကြွေးတို့ကို

သင်နှင့် ပြုသူအပေါင်းတို့က
ပြန်လည် လည်စဉ်းခံ၍ ပေးဆပ်ကြရမည်ဖြစ်သည်။

သင်တို့၏ အာဏာရမ္မက်ဇောတွေကြောင့်

အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုစနစ်ဆိုးအောက်
များစွာသော AB ရဲဘော်အပေါင်းတို့သည်
ဒုက္ခမျိုးစုံတို့ကို ကြုံဆုံစေခဲ့ပြီး
ဌက်ဖျားမိလို့ အခြေမလှ ပြန်ကြသူတွေလည်း ရှိ၊
တစ်ရက် ဆေးမကူ သေသူတွေလည်း ရှိ၊
ခေါင်းဆောင်ပိုင်းတချို့ ရွှေရ ငွေရ
ဟန်ကျနေသူတွေလည်းရှိ၊
အဲဒီခေါင်းဆောင်တွေပဲ
ရေငတ်လျှင်ဘီယာသောက် -
သရဲကြောက်လို့ အဖော်ခေါ်အိပ်
နောင်ရေးစိတ်အေးဖို့ အိမ်မြေ- ခြံ- ကားတွေလည်း
တိတ်တဆိတ် ဝယ်ယူထားကြလေရဲ့။

မြောက်ပိုင်း အေဘီမှ ငရဲပွက်ပမာ

သေဆုံးသူတို့၏ တောက်ခေါက်သံ ပြင်းပြင်းတို့သည်
နေ့ပေါင်းများစွာတို့ကို တုန်လှုပ်စေခဲ့ပြီး
နေ့စဉ်လိုလို သင်တို့အား
အရိပ့်မဲ့တစ္ဆေကဲ့သို့ ခြောက်လှန့်နေဦးမည်ဖြစ်သည်။

ထိုသူတို့၏ ရာဇဝင်သွေးကြွေးကို ငါတို့ဆပ် အံ့၊

ငါတို့၏ ချွန်မြသော ကလောင်သွားဖြင့်
ရာဇဝင်သမိုင်းမှန်များကို ရေးဖော်ကြ၊

ငါတို့၏ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှအားတို့ဖြင့်

အမှန်တရားကို တူးဖော်ကြ၊
ကမ္ဘာကုန်တည်သ၍ ငါတို့၏ စိတ်အစဉ်ဝယ်
ရက်စက်သူတို့အပေါ်
ဖြေသော် မပြေ-
ချေသော်- မကြေ
ကမ္ဘာမကြေပဲဟေ့းးးးးးးးးးးးးးးး။။

"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၅) (သို့) နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ (၂) ”(အောင်မိုးဝင်း)

"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၅) (သို့) နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ (၂) ”(အောင်မိုးဝင်း)
"ကိုထွန်းအောင်ကျော် ကျဆုံးခြင်း အနှစ် နှစ်ဆယ်ပြည့် အမှတ်တရ” (ဇာနည်-၈၈ ဗကသ)
”သမိုင်းတရားခံ (သို.) ရာဇ၀င်လူဆိုး (သို.) အမျိုးသားသစ္စာဖေါက် ဖြစ်သွားခဲ့ရင်---” (ယူဒီပီ-မြန်မာ)



အမှတ်တရ ကဏ္ဍ

"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၅) (သို့) နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ (၂) ”(အောင်မိုးဝင်း) jan18,2012

အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာတဲ့ ၈၈၈၈ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ ရဟန်းသံဃာတော်တွေရဲ့ ပုံရိပ်တွေကို မြင်ရတာ အားတက်ဂုဏ်ယူမိတယ်။ သူတို့ရဲ့ အင်တာဗျူးတွေကို နားထောင်မိတိုင်း၊ ရင့်ကျက် အမြင်ကျယ်တဲ့ ရပ်တည်ချက်တွေကို ခံစားမိတယ်။ ကျနော်တို့ နေထိုင်ရာ ပြည်ပကို လှည့်ကြည့်မိတော့--- လူသတ်မှုတွေ၊ ခြစားအကျင့်ပျက်မှုတွေနဲ့ ပြည့်နှက်နေတဲ့သူတွေ၊ အုပ်စုဖွဲ့  ခြံခတ် လုပ်စားနေတဲ့ သူတွေ၊ အနာဂတ်ကို လောဘတကြီး ပြေးနမ်းချင်နေကြတာကို တွေ့ရတယ်။

“အတိတ်ဆိုတာ အရိပ်ပမာ လိုက်နေတာကို အခုထက်ထိ နားမလည်နိုင်သေးသူများအတွက်”

"နားထောင်စမ်း-"

ဒီည-- ပါဂျောင် ရဲ့အကျဉ်းထောင်ထဲမှာ

“ ယုဇနပင် နဲ့ ဖဲကြိုးဝါ” သီချင်းဆိုမယ့်သူ မရှိဘူး ။

“ထွန်းအောင်ကျော်” ရဲ့ ဝိညာဉ်တွေက စန္ဒယားခလုတ်တွေပေါ်မှာ ပြေးဆော့နေတယ်။

”သမဂ္ဂ အလံတော်အောက်မှာ--- သမဂ္ဂ အလံတော် အောက်မှာ ”--- တဲ့လေ…………….။ “လှဆိုင်း၊ မျိုးဝင်း၊ သံချောင်း၊ အောင်နိုင်၊ သန်းဇော်” တို့အတွက် ဆယ်ဘဝစာ လိပ်ပြာခြောက်လန့်နေတော့မယ်...........။

မြောက်ပိုင်းဒေသရဲ့ ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့ အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီး အပြီး၊ မန္တလေး စစ်ထောက်လှမ်းရေးတွေ ပြောနေကျ စကားတခုရှိတယ်။ သူတို့ဖမ်းဆီးထားတဲ့ ကျောင်းသားတွေဆီက အဖြေ မရမချင်း -“ ဟေ့ ကောင်တွေ... မှန်မှန်ဖြေနော် -မဖြေရင် ABSDF (မြောက်ပိုင်း)က ကောင်တွေကို ခေါ်လိုက်ရမလား” ဆိုတဲ့ ခြိမ်းခြောက်မှုပဲ ဖြစ်တယ်။

တကယ်တော့ ABSDF ( မြောက်ပိုင်း) ကို ၁၉၉၂ ခုနှစ်အတွင်းမှာ ခေါင်းဆောင်ခဲ့ကြသူတွေ၊ စစ်ကြောရေးစခန်းမှာ ပါဝင်ခဲ့တဲ့ သူတွေဟာ ဖက်ဆစ်အစိုးရက ဆရာတင် ရလောက်အောင် အထိ ရိုင်းစိုင်းကြမ်းကြုတ်ခဲ့ကြတယ်။

ဒါဟာ -ABSDF ( မြောက်ပိုင်း) ရဲ့ သမိုင်းဖြစ်တယ်။

အဖွဲ့ဝင် (၃၀၀) ကျော်လောက်သာ ရှိတဲ့အဖွဲ့မှာ ယုတ်မာသိမ်ဖျင်းတဲ့ အောက်တန်းစား လူတစု ဦးဆောင်ပြီး ကျောင်းသား အယောက် (၁၀၀) ကျော်ကို မတရားသဖြင့်စွပ်စွဲ ၊ တချို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်။

ဒါဟာ ABSDF ( မြောက်ပိုင်း) ရဲ့ သမိုင်းဖြစ်တယ်။


ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ဥက္ကဋ္ဌ နဲ့ ဗကသ ခေါင်းဆောင်တွေ အပါအဝင် -အပြစ်မဲ့ ကျောင်းသားတွေကို လူမဆန်စွာ နှိပ်စက်သတ်ဖြတ်ခဲ့တယ်။ သမိုင်း ဆိုတာ လိမ်ညာလို့ မရဘူး။ ပြင်ဆင်လို့ မရဘူး။ ဖာထေးကာကွယ်လို့ မရဘူး ။

“ နိုင်ငံရေးအတွေ့အကြုံ မရင့်ကျက်ခြင်း” ဆိုတာကို နားလည်နိုင်ပေမယ့်- “ယုတ်မာကြမ်းကြုတ်ခြင်း” ဆိုတာ မိမိကိုယ်တွင်းမှာ ဖွဲ့တည်နေတဲ့ သန္ဓေ ဖြစ်တယ်။

ဒီလို ကမ်းကုန်အောင် ယုတ်မာရက်စက်တဲ့ လုပ်ရပ်ကို အစိုးရဘက်ကပဲ လုပ်လုပ်၊ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေတဲ့ မည်သည့်အဖွဲ့အစည်းကပဲ လုပ်လုပ်၊ လက်ခံလို့မရပါ။ ဆန့်ကျင်တိုက်ဖျက်သွားရပါလိမ့်မယ်။


”ရန်သူ့သူလျှို ဆိုတာ--”

ရန်သူ့ သူလျှို ..ဆိုတဲ့ စကားကို အုပ်စုတစုကချည်း လူပါးဝ စွပ်စွဲပြောဆိုနေမှုကို လုံးဝခွင့်မပြုနိုင်ပါ။ ဒါဟာ ပါဂျောင် မဟုတ်ဘူး။ မာနယ်ပလော မဟုတ်ဘူး။ လက်နက်ကိုင်ထားသူချင်း အုပ်စုဖွဲ့ပြီး အားနည်းသူကို အနိုင်ကျင့်လိုက်မယ်ဆိုတဲ့ ဓါးပြ ဂိုဏ်းဆန်ဆန် အတွေးအခေါ်တွေဟာ (၂၁) ရာစုမှာ အသုံးမဝင်တာ -ဒီကနေ့ စစ်အာဏာရှင်တွေတောင် သဘောပေါက်ပါတယ်။

ရန်သူ့သူလျှိုဆိုတာ- စွပ်စွဲခံခဲ့ရတဲ့ ကျောင်းသားတချို့ထဲမှာလည်း ရှိနိုင်သလို၊ လူသတ်မှုကို ရိုင်းရိုင်းစိုင်းစိုင်းကျူးလွန်ခဲ့ကြတဲ့ ABSDF (မြောက်ပိုင်း) ကို ဦးဆောင်ခဲ့သူ =သံချောင်း၊ ရော်နယ်အောင်နိုင်၊ မျိုးဝင်း နဲ့ လှဆိုင်း တို့လည်းဖြစ်နိုင်တယ်။

ထိုင်းနယ်စပ်မှာ ခြစားအကျင့်ပျက်နေတဲ့ ဒီမိုကရေစီရေး အကြောင်းပြပြီး ချမ်းသာနေတဲ့ အဖွဲ့အစည်းတွေထဲမှာလည်း ရှိနိုင်တယ်။

လူတိုင်းမှာ အုပ်စုရှိတယ်။ လက်ယဉ်တယ် ။ ဝှက်ဖဲတွေရှိတယ် ဆိုတာ မမေ့ဖို့ လိုပါလိမ့်မယ်။


”အနိမ့်ဆုံးသဘောတူညီမှု”

ရန်သူ့ သူလျှို -လို့ ပြောဆိုနေတဲ့ အဖွဲ့တွေကိုလည်း၊ အခြားအဖွဲ့တွေက ပြန်လည် စစ်မေးပိုင်ခွင့်ရှိရမယ်။ ဒါပေမယ့် မန္တလေး၊ ရန်ကုန် ကျောင်းသား လှုပ်ရှားမှု သမိုင်းကို နားမလည်ဘဲ-တော်လှန်ရေးခေါင်းဆောင်ယောင်ယောင် လေသံ နဲ့ အပေါ်စီးက စွပ်စွဲနေမယ် ဆိုရင် - “ ကိုယ် အသုံးမကျတာ၊ ဗဟုသုတ မရှိတာ လူသိတယ်” ဆိုတာမျိုးဖြစ်နေမယ် လို့ သတိပေးပါရစေ။

ဘာပဲဖြစ်ဖြစ် -အနိမ့်ဆုံး သဘောတူညီမှုအဖြစ် “ ဒီ လို ရက်စက်ကြမ်းကြုတ်တဲ့၊ လူမဆန်တဲ့ လုပ်ရပ်” ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြရပါလိမ့်မယ်။

အစုလိုက်အပြုံလိုက် ရာဇဝတ်မှုကို ရာဇဝတ်မှုကြီး အဖြစ် ဆွဲချက်တင်ကြရပါလိမ့်မယ်။

မတရားမှုကို မရှုံ့ချရဲသူတွေ၊ အဖွဲ့အစည်းတွေကို တော်လှန်သူတွေအဖြစ်- မသတ်မှတ်နိုင်သလို၊ တရားမျှတ မှုအတွက် တိုက်ပွဲဝင်ပါတယ် ပြောဆိုနေခြင်းဟာလည်း သံသယဖြစ်စရာ ကောင်းနေပါတယ်။ ဘယ်လိုမှ အထင်ကြီးလို့မရပါ။


"လူသတ်မှုမှာ အဓိက တာဝန်ရှိသူများအတွက် .."

၁၉၉၂ ကာလ- ABSDF မြောက်ပိုင်းလူသတ်မှုမှာ အဓိက တာဝန်ရှိသူတွေက = ရော်နယ်အောင်နိုင်(ယ္ခု-ချင်းမိုင်) ၊ မျိုးဝင်း (သေဆုံး)၊ သံချောင်း (ထောင်တွင်း) ၊ တို့ဖြစ်ပြီး၊

အာသံကုန်းမြင့်ပေါ်မှာ ကျောင်းသားတွေကို ခေါင်းဖြတ်သတ်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ =လှဆိုင်း ( ယ္ခု- ABSDF မြောက်ပိုင်း)၊ နဲ့ သန်းဇော် တို့ အုပ်စုကို “ ယောင်္ကျား ပီသပါ။ သတ္တိရှိပါ၊ လူထုကို မျက်နှာချင်းဆိုင်ရဲပါ” လို့ ပြောလိုက်ပါရစေ။

ဒီလိုလူတွေကို ကာကွယ်ဖို့ ကြိုးစားနေတဲ့သူတွေ၊ အဖွဲ့အစည်းတွေကိုလည်း သမိုင်းရဲ့ ပုတ်ဟောင်နံစော်နေတဲ့ တွင်းနက်တခုမှာ ချန်ထားပစ်ခဲ့ပါမယ်။

"မိတ်ဆွေတွေအတွက် ကတိစကား"

ကာယကံရှင်တွေရဲ့ သူရဲဘောကြောင်မှုတွေဟာ ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတာမို့ -ဖြစ်စဉ်တခုလုံးဟာ ကျနော်တို့ တည်ဆောက်ထားတဲ့ System Dynamics ထဲမှာပဲ စံနစ်တကျ လည်ပတ်နေကြတာဖြစ်တယ်။ ဒါဟာ ကောင်းတဲ့ အချက်ပါ။

{နံရံတိုင်းမှာ နားတွေရှိတယ် }ဆိုတဲ့ စကား ကို မကြာခင်မှာ နားလည်သွားကြပါလိမ့်မယ်။ ။

(အောင်မိုးဝင်း)
----------------------------------------------------------------
နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ ( ဒုတိယပိုင်း) ကို ဆက်လက်ဖေါ်ပြလိုက်ပါတယ်။
----------------------------------------------------------------
”နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ (ဒုတိယပိုင်း)”

ABSDF (မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့သော ထောက်လှမ်းရေးသူလျှိုများအဖြစ် စတင်ခဲ့ပုံမှာ ( ၅၀၁) တပ်ရင်းမှူး သိုက်ထွန်းဦး ( ယ္ခု Australia နိုင်ငံသို့ ရောက်ရှိနေသူ) ၏ အောက်ခြေသိမ်း အလုပ်လုပ်ပေးနေရသည့် ကျောင်းသားရဲဘော် စိုးမင်းအောင် တပ်မှ ထွက်ပြေးရာမှ စတင်ခဲ့သည်။

ထိုတပ်ပြေး စိုးမင်းအောင် အား တရုပ်ပြည်မှ ပြန်လည်ဖမ်းဆီးခေါ်ဆောင်လာပြီး၊ လူမဆန်စွာ ညှင်းပမ်းနှိပ်စက်ပြီး ”ထောက်လှမ်းရေးသူလျှို ဟုတ်ပါသည် ”ဟု မတရား ဝန်ခံခိုင်းသည်။ ညှင်းပမ်းမှုများ ဒဏ်ကြောင့် မခံမရပ်နိုင်ဖြစ်ပြီး မတရားဝန်ခံချက်ကို ”ဟုတ်သည်”ဟု ဖြေကြားခဲ့သည်။ ထိုမှတဆင့် ထောက်လှမ်းရေးသူလျှို၏ အမည်ကို နှိပ်စက်ပြီး မေးလေတော့သည်။ ထို စိုးမင်းအောင်၏ ထွက်ဆိုချက်များအရ၊ ကျောင်းသား ရန်အောင် ကို ဖမ်းဆီးနှိပ်စက်သည်။ ထိုမှတဆင့် အဆင့်ဆင့် နှိပ်စက်ဖမ်းဆီးရာ သူလျှိုများအဖြစ် မတရားဖမ်းဆီးခံရသူပေါင်း၊ ( မိမိ အပါအဝင်) ကျောင်းသား (၁၀၁) ဦး ရှိလာသည်။

ABSDF ( မြောက်ပိုင်း) တွင် ကျောင်းသားအင်အား (၃၀၀) ကျော်ခန့်သာ ရှိချိန်တွင် ထောက်လှမ်းရေးသူလျှိုအဖြစ် ဖမ်းဆီးနှိပ်စက်ခြင်းခံရသူပေါင်းမှာ (၁၀၁) ဦးရှိခဲ့သည်။ ပထမဆုံး ဖမ်းဆီးနှိပ်စက်ခြင်းခံရသော ကျောင်းသား စိုးမင်းအောင်မှာ စစ်ကြောရေးဒဏ်ဖြင့် သေဆုံးသွားခဲ့ရသည်။ ညှင်းပမ်းနှိပ်စက်မှုကြောင့် စစ်ကြောရေး ဒဏ်ဖြင့် သေဆုံးသွားရသော ကျောင်းသားရဲဘော်မှာ (၁၃) ဦးရှိပြီး တရုပ်ပြည် ယင်ကျန်းတွင် လုပ်ကိုင်စားသောက်နေသော အရပ်သား (၁) ဦးရှိသည်။ ၁၉၉၂ ပြည်ထောင်စုနေ့တွင် ရက်စက်စွာသတ်ဖြတ်ခံရသူ (၁၅) ဦးရှိသည်။ ထိုသေဒဏ်ချမှတ်ရာတွင် အဓိကတာဝန်ရှိသော (၃) ဦးမှာ ထိုကာလတွင် ABSDF ( မြောက်ပိုင်း) ၏ ထိပ်တန်းတာဝန်ယူထားသော ကျောင်းသားတပ်မတော် ခေါင်းဆောင်ဖြစ်သည့်-

(၁) အောင်နိုင် ( ABSDF-မြောက်ပိုင်း ဥက္ကဋ္ဌ) ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဋ္ဌာနမှ နှုတ်ထွက်ခဲ့ရသူတဦးဖြစ်ပြီး ယ္ခုအခါ ချင်းမိုင် နေထိုင်ကာ အင်တာနယူးအေဂျင်စီတွင် လုပ်ကိုင်နေသောသူဖြစ်သည်။

(၂) သံချောင်း (ခ) မြင့်စိုး (၂၀၀၆ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့စွဲပါ ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာအရ စစ်အစိုးရမှ ဖမ်းဆီးခံခဲ့ရသူ)

(၃) မျိုးဝင်း ( ၁၉၉၂ မေလ ကုန်ခန့်တွင် တိုက်ပွဲကျဆုံး)

ABSDF ( မြောက်ပိုင်း) တွင်ဖြစ်ပွားခဲ့သည့် တပ်မတော် ထောက်လှမ်းရေးသူလျှိုများဟု ဖမ်းဆီးရာတွင်- တာဝန်ရှိသည့် ကျောင်းသားဦးဆောင်သူများမှာ -

(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)

(၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်တာဝန်ယူခဲ့သည်။)

(၃) ဗိုလ်ကြီး မျိုးဝင်း

(တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား

(၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)

(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)

(၆) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)

(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)

(၈) ရဲဘော် မောင်ထွေး ( ဗန်းမော်)

(၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်)

(၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)

”စစ်ကြောရေးအဖွဲ့ဝင်များ”

(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂
( အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။

လှဆိုင်း ဟာ ABSDF ( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းစဉ်မှာ ပါဝင်နေဆဲဖြစ်သည်ဟု သိရသည်)

(၂) စိန်အေး
( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)

(၃) အောင်သန်း
(မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)

(၄) သက်ထွန်း ( မိုးညှင်း၊ တပ်ခွဲမှူး)

(၅) စောရင်ထွေး (ရွှေကူ ၊တပ်ခွဲမှူး)

(၆)သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)

(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( ထလရ အဖြစ်အဖမ်းခံရ)

(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထလရ အဖြစ် အဖမ်းခံရ)

”ထောင်မှူး တာဝန်ခံများ-”

(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း) ၊ တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်)
(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း) ၊ ရဲဘော် လက်သီး

(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)၊ -တပ်ကြပ်ကြီးစောမြမောင်

(၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့် သေဒဏ်ချ သတ်ဖြတ်ခံရသည်။)
-----------------------------------
”၁၉၉၂ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့တွင် သေဒဏ်ချပြီး ရက်စက်စွာ သတ်ဖြတ်ခံရသည့် (၁၅) ဦး”

(၁) ရဲမေ ခင်ချိုဦး ( ရန်ကုန်) -
(အသတ်မခံရခင် ကိုယ်တုံးလုံးချွတ်ပြီး ABSDF ( မြောက်ပိုင်း) ရဲဘော်များအား ဖျော်ဖြေခဲ့ရ-) သူမ၏ တောင်းဆိုမှုအရ သံချောင်းမှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

(၂) တပ်ကြပ် ဋ္ဌေးမြင့်ဝင်း( ရန်ကုန်)
( တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့။ အသတ်မခံရခင် မျိုးဝင်းမှ ”မင်းဘာတတ်နိုင်သေးလဲ ” ဟု အငြိုးတကြီး ကြိမ်းမောင်းခဲ့ ။)

(၃) ရဲဘော်မောင်မောင်ကြွယ် (ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၄) ရဲဘော်သက်နိုင် ( ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၅) ဗိုလ်သာဓု (ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၆) ရဲဘော် အောင်ဖိုး ( ရန်ကုန်)
( သေဒဏ်မချခင် ခြေထောက်တွင် မိုင်းချည်ပြီး မိုင်းခွဲခြေဖြတ်ခြင်း ခံခဲ့ရ)

(၇) ဥက္ကဋ္ဌ ထွန်းအောင်ကျော် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၈) ရဲဘော်ရန်အောင်( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၉) ကိုချိုကြီး ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၀) ကိုလှမြင့် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၁) ရဲဘော်မောင်မောင် ( ကသာ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

၁၂) ရဲဘော် အေးမြင့်( ကသာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

၁၃) ရဲဘော် ကျော်ကျော်မင်း ( မုံရွာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၄) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၅) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

အထက်ပါ (၁၅) ဦးတွင်- မခင်ချိုဦးနှင့် ဋ္ဌေးမြင့်ဝင်းမှာ မိမိ (နန်းအောင်ထွေးကြည်)နှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လုပ်အားပေးခဲ့ပြီး- ABSDF ( ကချင်ပြည်နယ်) သို့ ရောက်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မေလ စစ်သင်တန်း အမှတ်စဉ် (၃) ကို တက်ရောက်ခဲ့သည်။

သူတို့နှစ်ဦး၏ တောင်းဆိုချက်အရ သံချောင်း မှ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။

ကျန် (၁၃) ဦးမှာ ရက်စက်စွာ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ခေါင်းဖြတ်သတ်ခြင်းကို “မျိုးဝင်း” နှင့် “လှဆိုင်း” တို့ နှစ်ဦးမှ ပြုလုပ်ခဲ့သည်။

လှဆိုင်းမှာ ယ္ခုအခါ ABSDF ( မြောက်ပိုင်း) တွင် ပြန်လည်ပါဝင်လုပ်ကိုင်နေကြောင်းသိရသည်။

”ကြေငြာခြင်းမရှိဘဲ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသူ (၅) ဦး။”

(၁) ကိုကျော်ဝေ ( မန္တလေး) –

စစ်ကြောရေးကာလတွင် အဆိပ်နှင့်လက်နက်များထုတ်မပေးနိုင်သောကြောင့် လက်ကို မိုင်းခွဲဖြတ်ခြင်းခံခဲ့ရသည်။ ဒုတိယအကြိမ် အဆိပ်ထုတ်မပေးနိုင်သဖြင့် ဦးခေါင်းကို ထင်းတုံးပေါ်တင်ပြီး “မျိုးဝင်း” မှ ခေါင်းဖြတ်သတ်ခဲ့သည်။

(၂) စိုးဝင်းသန်း ( မန္တလေး)

၁၉၉၂ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ညတွင် တပ်သား တရုတ်ကြီး ၏ လွဲမှားသော သတင်းပေးမှုကြောင့် သတ်ဖြတ်ခြင်းခံရသည်။ ဖြစ်ရပ်မှာ- စိုးဝင်းသန်း မှာ နာမကျန်းဖြစ်ပြီး KIA ဆေးရုံတွင် ဆေးကုသ ခံယူရသည်။ KIA မှ-” စိုးဝင်းသန်း နာမကျန်းမှု ပျောက်ကင်းပြီဖြစ်ကြောင်း” ဆက်သွယ်ရေးဆက်နှင့်အကြောင်းကြားမှုကို ၊ သတင်းလက်ခံသော တရုတ်ကြီးမှာ “ စိုးဝင်းသန်း ပျောက်ဆုံးနေသည် ” ဟု သန်းဇော်မှ တဆင့် မျိုးဝင်းထံ သတင်းပို့ခဲ့သည်။

မျိုးဝင်းတို့က အုပ်စု (၂) စုခွဲကာ ”တွေ့သည့်နေရာ ခုတ်သတ်ဖို့ ”အမိန့်ပေးခဲ့သည်။ အုပ်စု တစုမှာ- တရုပ်ပြည်လမ်းကြောင်းကို သွားပြီး၊ တစုမှာ KIA ဆေးရုံသို့သွားကာ ”မည်သို့မည်ပုံ စိုးဝင်းသန်း ပျောက်ဆုံးကြောင်း” သတင်းရယူသည်။

သို့သော် စိုးဝင်းသန်း မှာ ထွက်ပြေးခြင်း မဟုတ်ဘဲ ရောဂါပျောက်ကင်းသဖြင့်- ABSDF ကျောင်းသားများ လာခေါ်မည်ကို စောင့်ဆိုင်းနေသည်။

သို့သော်လည်း- မျိုးဝင်းမှ “ ငါ သေဒဏ်ချခဲ့ပြီး ဖြစ်တဲ့အတွက် ၊ တခါတည်း လူသတ်ကုန်းပေါ် ခုတ်သတ်လိုက်တော့ ..” ဟု ပြောရာ၊ ထိုအမိန့်ကို နာခံပြီး၊ သန်းဇော် တို့အုပ်စုက “ စိုးဝင်းသန်း” ကို သတ်ဖြတ်ခဲ့သည်။

(ထိုဖြစ်စဉ်ကို မိမိတို့ အတိအကျ သိရှိနေရခြင်းမှာ- ထိုနေ့ည ( ဖေဖေါ်ဝါရီ ၁၉) ရက်နေ့ တွင် မျိုးဝင်းနှင့်အောင်နိုင် တို့မှ မိမိအပါအဝင်၊ ဘိုဘို ( ရန်ကုန်)၊ ဝဏဇော် ( ရန်ကုန်)၊ ရဲလင်း ( ရန်ကုန်)၊ ညီညီအောင် ( ပဲခူး)၊ ကျော်နိုင်ဦး (သာယာဝတီ)၊ ကိုညီညီ ( မန္တလေး)၊ စုစုပေါင်း (၇) ဦးအား မိဘများထံ-” မိမိတို့မှာ ထောက်လှမ်းရေးသူလျှိုများဖြစ်ပြီး ကျောင်းသားတပ်မတော်၏ ဖမ်းဆီးခြင်းခံနေရပါသည်။ သို့သော် မိမိတို့အား လာရောက်ခေါ်ဆောင်ပါက၊ ကျောင်းသားတပ်မတော်မှ သဘောထားကြီးစွာဖြင့် မိမိတို့အား အချုပ်မှ လွတ်မြောက်ပြီး၊ အိမ်သို့ ပြန်လည် ထွက်ခွာခွင့်ပြုမည်”ဟု ကတိပေးသဖြင့် ၊ မိမိတို့ (၇) ဦး၊ မိဘများထံ စာရေးဆက်သွယ်ရသော နေ့၊ အချိန်ဖြစ်နေပါသည်။)

(၃) ဝင်းနောင် ( ရန်ကုန်)

၁၉၉၂ ဧပြီလဆန်းပိုင်းခန့်က ဗန်းမော်ခရိုင်တွင် သတ်ဖြတ်ခံခဲ့ရသည်။

(၄) ရန်ရှင်း

( ရက်စက်စွာ နှိပ်စက်ပြီး ခုတ်ထစ် သတ်ဖြတ်ခြင်းခံခဲ့ရသည်။)

(၅) ဦးကျော်ကျော်အုန်း ( ခရိုင်မှူး)

( ရှေ့တန်းတွင် လူမဆန်စွာ ညှင်းပမ်းနှိပ်စက်ခံခဲ့ရသည်။)

”လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ဦး”

(၁) ရဲဘော် စိုးမင်းအောင်

(၂) ဗဟိုကော်မတီဝင် ဦးစိန် ( ရန်ကုန်)

(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)

(၄) ရဲဘော် အေးကျော်

(၅) ရဲဘော် ကျော်ဋ္ဌေး

(၆) ရဲဘော်ကျော်ကျော်ဦး

(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)

(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)

(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)

(၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)

(၁၁) အောင်မင်း ( မန္တလေး)

(၁၂) အရှည်ကြီး ဝင်းသိန်း

(၁၃) ရဲဘော် စိုးကြီး

(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)

”စစ်ကြောရေးကာလတွင် ထွက်ပြေးလွတ်မြောက်သွားသူ (၄) ဦး။”

( ၁) ညီညီကျော် ( မန္တလေး)

(၂) ရဲဘော် သက်တင် ( ဗန်းမော်)

(၃) ဂမ်လီ ( လဇွန် ဂမ်လီ)

(၄) စိုးကြိုင်

"မျိုးဝင်း ၏ အမိန့်အရ ထောင်မှ လွတ်ခဲ့သူ (၃) ဦး။"

( ၁ ) တပ်ကြပ်ကြီး ခင်မောင်ဇော် ( မန္တလေး ) ဗဟို စစ်ရုံးတာဝန်ခံ

(၂) ရဲဘော် မိုးဇော်ထွန်း (ခ) မိုးကြီး ( ရန်ကုန်)

(၃) ရဲမေ သင်းသင်းညီ ( ရန်ကုန်)

ဥက္ကဋ္ဌ အောင်နိုင် နှင့် VCs မျိုးဝင်းတို့၏ သဘောအရ ၊ ၁၉.၂. ၁၉၉၂ တွင် မိဘများထံ စာရေးခေါ်သောကြောင့် ၊ မိဘများ ABSDF( မြောက်ပိုင်း) သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုစဉ်က မိမိတို့အား -”မိဘများ လာရောက်ခေါ်ဆောင်ပါက အိမ်ပြန်ခွင့်ပေးမည့် ” ကတိကို ABSDF(NB) ခေါင်းဆောင်များက ကတိဖျက်ခဲ့ပြီး” မိမိတို့ အိမ်ပြန်လိုပါက ပြန်နိုင်သည်။ သို့သော် မိဘများအားတောတွင်း တွင် ခေါ်ဆောင်ထားမည် ” ဟု အကြပ်ကိုင်သဖြင့် မိမိတို့မှာ လာရောက်ခေါ်ဆောင်သည့် မိဘများအား “အမေတို့အိမ်ပြန်ကြပါ။ မိမိတို့ ကျောင်းသားတပ်မတော်မှာပင် ဆက်လက်နေထိုင်သွားမည် ”ဟု ပြောခဲ့ပါသည်။

ထိုအခါ မိမိ၏ မိခင်မှာ မြေပေါ်တွင် ဒူးနှစ်ဘက် စုံထောက်ပြီး လက်အုပ်မိုးကာ ကျောင်းသားခေါင်းဆောင်များအား ရှိခိုး ငိုယိုတောင်းပန်ကာ- ”မိမိတို့ (၇)ဦးအား သနားသဖြင့် အချုပ်မှ လွှတ်ပေးရန် ”ပြောဆို ပန်ကြားခဲ့ပါသည်။ မိမိတို့၏ အသနားခံမှု နှင့် အချုပ်မှ လွှတ်မြောက်ခဲ့သူ (၇) ဦးမှာ-

(၁) ရဲမေ နန်းအောင်ထွေးကြည် ( ရန်ကုန်)

(၂) ရဲဘော် ဝဏ္ဏဇော် ( ရန်ကုန်)

(၃) ခရိုင်မှူး ရဲလင်း (ရန်ကုန်) ( စစ်အစိုးရမှ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်။)

(၄) ရဲဘော် မိုးကျော်သူ (ခ) ဘိုဘို ( ရန်ကုန်) ( စစ်အစိုးရမှ ထောင်ဒစ် ၂၁ နှစ် ချမှတ်ခဲ့သည်။)

(၅) ရဲဘော် ညီညီအောင် (ခ) ဒိုဇာ ( ပဲခူး)

(၆) ကိုညီညီ ( မန္တလေး)

(၇) ရဲဘော်ကျော်နိုင်ဦး (ခ) ကြောင် ( သာယာဝတီ)

မိမိတို့ (၇) ဦး ထောင်မှ လွတ်လာပြီး မကြာမီ -ထောင်အတွင်းတွင် ကျန်ရှိနေသော ကျောင်းသား (၅၆) ဦး ထောင်ဖောက် ထွက်ပြေး လွတ်မြောက်သွားကြသည်။ ထို ညတွင်းချင်းပင် မိမိတို့ (၇) ဦး နှင့် ခင်မောင်ဇော်၊ မိုးကြီး တို့အား ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခဲ့သည်။ အကျဉ်းသား (၅၆) ဦး ထောင်ဖောက်ပြေးမှု နှင့် ပတ်သက်ပြီး၊ ထိုစဉ်က တာဝန်ကျခဲ့သော ထောင်မှူး လှမျိုးအောင် အပါအဝင်၊ ကျောင်းသား (၃) ဦးအား တာဝန်ပေါ့လျော့မှု နှင့် သတ်ဖြတ်ပစ်ခဲ့သည်။

ABSDF (NB) ရှိ တပ်ရင်း (၇၀၁)၊ (၅၀၁) နှင့် (၄၀၁) တွင် အင်အားစုစုပေါင်း (၂၀၀) မျှသာ ကျန်တော့သည်။ မတရားဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကြောင့် ပြည်တွင်း ပံ့ပိုးမှုများ ရပ်ဆိုင်းခဲ့ပြီး၊ မည်သူမှလည်း ပူးပေါင်းလာခြင်း မရှိတော့ပါ။

တပ်ရင်းများအတွက် လူအင်အားဖြည့်ဆီးရန် လိုအပ်လာသဖြင့် ထိုအချိန်ကာလ ABSDF ( မြောက်ပိုင်း) ဥက္ကဋ္ဌ ရာထူးကို တိုးမြှင့်ရယူလိုက်သော အောင်နိုင် ( ယ္ခု - ချင်းမိုင် တွင် သတင်းသမား လုပ်နေသူ)၊ သံချောင်းတို့၏ သဘောတူညီမှု၊ ဦးဆောင်ဆုံးဖြတ်မှုများဖြင့်၊ ကျေးလက်တောရွာများတွင် နေထိုင်ကြသော ငယ်ရွယ်သူများကို လက်နက်ပြ ခြိမ်းခြောက်ပြီး ABSDF ( မြောက်ပိုင်း) မှ ပို့ချသော စစ်သင်တန်းတက်ရောက်ခိုင်းပြီး ကျောင်းသားရဲဘော် ရဲမေ များ အဖြစ် မတရားသိမ်းသွင်း တာဝန်ထမ်းဆောင်စေခဲ့သည်။

မှတ်မိသလောက်ဆိုလျှင်- ၁၉၉၂ ဇွန်လ ပိုင်းလောက်ခန့်လောက်ဖြစ်နိုင်သည်။ ထောက်ဖောက်ပြေးသော အကျဉ်းကျ ကျောင်းသားများ ( ၂၁.၅.၉၂) နောက်ပိုင်း၊ မျိုးဝင်း တိုက်ပွဲကျခဲ့သည်။ ( ၁၉၉၂ မေလ)။

နောက်ပိုင်းတွင် လက်ရှိ ထိုင်းနိုင်ငံတွင် သတင်းထောက်လုပ်နေသူ၊ အောင်နိုင် နှင့် မြင့်စိုး (ခ) သံချောင်းတို့၏ ဦးဆောင်မှုဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်နောင် ကျေးရွာနှင့် မြို့လှ၊ သာယာကုန်းရွာတို့တွင် ဝမ်းစာရှာ စားသောက်နေသော အရပ်သား လူငယ်လူရွယ်များအား လက်နက်ပြ ဖမ်းဆီးပြီး ABSDF ( မြောက်ပိုင်း) ကျောင်းသားတပ်မတော်၏ အင်အားအဖြစ် ဖြည့်ဆည်းခဲ့သည်။ စစ်သင်တန်း အမှတ်စဉ် (၈) နှင့် အမှတ်စဉ် (၉) ဖွင့်လှစ်ပြီး သင်တန်းပေးခဲ့သည်။

နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ (၂) ပြီး၏။
-----------------------------------------------------
"အရိုးတွန်သံ အပိုင်း (၆) အဖြစ် မျက်မြင်သက်သေ နောက်ထပ်တယောက်ရဲ့ စာ ကို တင်ပြပေးပါ့မယ်။ စိတ်ဝင်စားစရာအပြည့်ပါ။"
(အောင်မိုးဝင်း)

----------------------------------------------------

”face book ကွန်မန့် မှတ်ချက်များ”

Maung Maung Wann

မနေ့က သူငယ်ချင်း ပန်းချီ ထိန်လင်း ကဖုန်းဆက်ပြောလာတယ်...အရေးကြီးတဲ့ အချက်ပါ....ကိုပေါ် (မင်းကိုနိုင် ) ( ထောင်ထဲမ၀င်ခင် )..ဒီမြောက်ပိုင်း ကိစ္စကို ရှင်းကိုရှင်းရမယ်...ထွန်းအောင်ကျော်ဟာ တို့လူ....ကျောင်းသားသမဂ္ဂခေါင်းဆောင်အစစ်...လို့ပြောတယ်တဲ့....ခု ကျနော်တို့ ရဲဘော်ကြီးတွေ လွတ်လာပြီ...ရှင်းမယ်.....သူလျှိုဟုတ်လား..မဟုတ်လား ဆိုတာကို ကမ္ဘာကျော် ကျောင်းသားခေါင်းဆောင်တွေ သက်သေခံလိမ့်မယ်။ လူထုက တခဲနက်ထောက်ခံနေတဲ့ ဒီလူတွေက သူလျှိုမဟုတ်ပါဘူး...ကျောင်းသားခေါင်းဆောင်အစစ်ပါလို့ သက်သေခံတာကို ငြင်းပယ်ပြီး...သူလျှိုပါလို့ ဆက်သတ်မှတ်ချင်သေးရင်...ကိုယ့်လူတို့...လူထုနဲ့ဝေးရာဆီကိုသာ လျှောက်ကြပေတော့.....
-----------------------------------------------
Aung Moe Win

အင်း- ကိုမောင်ဝမ်းရေ- ဒီကောင်တွေထဲက တယောက်က ဒီလိုဆိုခဲ့တယ်ဗျ။ ”သူတို့သတ်တဲ့အထဲမှာ မှားယွင်းပြီးသတ်ခဲ့တဲ့သူ တယောက်ပါရင် ကြိုးစင်တက်သွားမယ် ” တဲ့။ ဒါဆိုလည်း -”ကြိုးစင်တက်ဖို့သာ ပြင်ထားပေရော့ ” လို့ပဲ ပြောလိုက်ချင်ပါတယ်။
---------------------------------------------------
Aye Aye Soe Win

ပြောချင်တာက မြောက် ပိုင်း ABSDF မှာ သူ ယုတ် မာ၊ အာဏာ ရူး တွေ ပျော် ပျော် ကြီး ဆင် နွှဲ ခဲ့ တဲ့ လူ သတ် သ မိုင်း ကို ဖော် ထုတ် ချင် တယ် ဆို တဲ့ သူ တွေ က လည်း ၊ ဘယ် လို အ ကြောင်း နဲ့ မှ အ လံရှူး မ ဖြစ်သွား ဖို့ ၊သူ့ ဖက် ငါ့ ဖက် မ လိုက် ဖို့ ၊မနက် နေ့လည်ည အ ချိန် သုံး ပါး လုံး မှာ တ စိတ် ထဲ ဖြစ် နေဖို့ -လို ပါ တယ်။ ဒီ မှာ အ မှန် တ ရား ရှိ ပါ တယ် ဆို သူ တွေ က သူ တို့ ရဲ့ တက်တက် ကြွကြွ ရှိ တဲ့ အ သံ ကို နေ ရာ တိုင်း မှာ သ မာ သ မတ် ထား ဖို့ လိုပါ တယ်။

Ko Aung Moe Win နဲ့ Ko Htein Lin ရဲ့ ဆောင်းပါး တွေ ကို ဖတ် ပြီး၊ စိတ် ထဲ မှာခံစား ထိခိုက် ရ တဲ့သူ တွေ အား လုံး ကို ပြော ချင် ပါတယ်။

အ သတ် ခံ ခဲ့ရ တဲ့ နှစ်20 တိုင် နာမည် အ ဖျက် ခံ ရ တဲ့ သူ တွေ ကို ” ငါ တို့နဲ့ ကြုံ ခွင့် ဆုံ ခွင့် မ ရ ခဲ့ ရ တဲ့ အကိုတော် ညီ မတော် များ၊ ရဲ ဘော်သူရဲ ကောင်း များ ”လို့ မိမိ တို့ နှလုံးသား ထဲ ထည့် စဉ်း စား ပေး ကြပါ။

သူတို့ တွေ သိတ် ကို ကံ ဆိုး ခဲ့ တဲ့ သ မိုင်း ကို င ရဲ နဲ့ တူ တဲ့ နေ ရာ တ ခု မှာ မမြှုပ် ပစ် ကြ ပါနဲ့။ သူတို့ တွေ ရဲ့ အ ဖြစ် ဆိုး ကြီး ကို တ ကယ် ကာယကံ ၊ဝစီကံ ၊မနောကံ သုံး ပါး နဲ့ ကိုယ် ချင်း စာ ပေး နိုင် ကြ ပါ စေ။ အားလုံး အောင် မြင် သွား မှာ ပါ။
------------------------------------------------------------
Sit Aung

အဲဒီသံချောင်းကို တပ်မတော်က ဖမ်းမိခဲ့တယ်။ သံချောင်းအကြောင်းသိတဲ့ အရာရှိတချို့က သတ်ပစ်ဖို့လုပ်တော့ -အထက်ကနေ ”မလုပ်နဲ့။ ဥပဒေအတိုင်း လုပ်ပါ” ဆိုလို့ စစ်ဆေးထောင်ချခဲ့တာ အခု သာယာဝတီထောင်မှာ ရှိသတဲ့။ သူ့ကို အေအေပီပီက နိုင်-ကျဉ်းစာရင်းထဲ ထည့်ထားတယ်။ ဒီလိုလူမျိုး လွှတ်ပေးသင့်သလား ။စဉ်းစားကြပါကုန်။
-----------------------------------------------------------------
Udp Myanmar

ABSDF (မြောက်ပိုင်း)က သမိုင်း သိပါတယ် ဆိုတဲ့ ကျောင်းသားတွေက အစဉ်အလာနဲ. အင်မတန် မွန်မြတ်လှတဲ့ ပြည်ထောင်စုနေ. ဖေဖေါ်ဝါရီလ ၁၂ ရက်နေ.ကိုမှာ ယစ်ပူဇော်သလိုမျိုး- ကျောင်းသားတွေ ဒီမိုကရေစီအင်အားစုတွေ -လူတွေကို ခေါင်းဖြတ် သတ်ဖြတ်ခြင်းဟာ အတော်ကို ရင့်သီးရာ စော်ကားရာ---ပြည်ထောင်စု၏ နေ.ထူးနေ.မြတ်ကို--- အမဲရောင်ဆိုးလိုက်ခြင်းပါ။ ။

နောက် လူသတ်မှုမှာ ခေါင်းဖြတ်တဲ့ Butcher တဦးကို အနှစ် ၂၀ ကြာပြီးတဲ့နောက်မှာ ABSDF က တပ်ဖွဲ.၀င်အဖြစ် ပြန်ပြီး လက်ခံခြင်း ၊တာဝန်ပေးခြင်းဟာလဲ လက်ရှိ လောလောဆယ် ABSDF ခေါင်းဆောင်တွေကိုပါ မေးခွန်းထုတ်စရာပါ။

ဒီကိစ္စကို ကြေညာချက် ထုတ်တော့လဲ လူသတ်သမားတွေ ၊တရားခံတွေ သုံးစွဲခဲ့ -စွပ်စွဲခဲ့သည့် စကားလုံး အသုံးအနှုန်း ဖြစ်တဲ့ ၊ ”ရန်သူ. သူလျို.ဖော်ထုတ်မှု" စကားလုံးနဲ. သေသွားသူတွေကို ထပ်ပြီး စော်ကားလိုက်သလို -အဲဒီကြေညာချက် စကားလုံးကို လူမသိမှာ ၊လူများများ မကြားမှာ၊ မသိမှာ စိုးလို.လား တော့ မပြောတတ်ပါ--။ DVB သတင်းထောက်တွေ သတင်းကြေညာသူတွေကိုပါ အဲဒီ စကားလုံးတွေ အသုံးအနှုန်းတွေကို စကားလုံးအတိအကျအတိုင်း ကော်ပီလုပ်ပြီး ဖြန်ချီပေးခဲ့ပါသည်။ ။

ဒါပေမယ့် -ဒီလူသတ်မှုဟာ အင်တာနက်နဲ. အွန်လိုင်းပေါ်မှာပဲ လူထု သဘောထား ကောက်ခံမှု Public Opinion Poll or Signature Petitions. Signature Campaigns တွေလို ထောက်ခံသူတွေ၊ ကန်.ကွက်သူတွေ ၊ဖာထွေးသူတွေအကြား မဲအနည်းအများနဲ. လူထုသဘောထား စစ်တမ်း ကောက်ခံချက်အရ -Online Vertict နဲ. ပြီးသွားမည့် လူသတ်မှု မဟုတ်ပါ။

ABSDF အဖွဲ.၀င်ဟောင်းတွေနဲ. အေဘီ အဖွဲ.အ၀င် မဟုတ်သူတွေ အကြား စကားရည်လု-Debate လုပ်ပြီး အဖြေရှာတာမျိုးနဲ. အဆုံးသတ်မှာ မဟုတ်ပါ။

နောက်တခုက- ABSDF အဖွဲ.က စုံစမ်းရေးကော်မတီဖွဲ.ပြီး တွေ.ရှိချက်ကို လူထုထံ ထုတ်ပြန်ရုံနဲ. ဒီလူသတ်မှုက ရပ်သွားမှာ မဟုတ်ပါ။

ဒါကြောင့် Online Verdict, Opinion Poll, Signature Petition Compaign မျိုး ။ ABSDF Investigattion Committee's Report ဟာ အခု အရိုးတွန်နေတဲ့ လူသတ်မှုကြီးကို ဆုံးဖြတ်မှာ ၊ရပ်တန်.မှာ မဟုတ်ပဲ ၊ ဥပဒေကြောင်းအရ လူသတ်တရားခံတွေ တရားခွင်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါသည်။

ဥပေဒ၏ အဆုံးဖြတ်အချက်နဲ. သေသွားသူတွေ နစ်နာသူတွေအတွက် Justice ရရှိအောင် ဖော်ဆောင်ရမည့် ရာဇ၀တ်မှုဆိုတာ အားလုံးသိပါ---

Jutsice will previal one day. That one day is coming soon. The dawn of justice is just seconds and minutes, days and months away.

------------------------------------------------------------------------------------

”ကိုထွန်းအောင်ကျော် ကျဆုံးခြင်း အနှစ် နှစ်ဆယ်ပြည့် အမှတ်တရ” -ဇာနည် (၈၈ ဗကသ)

ရဲဘော်များ ၊သူငယ်ချင်းများ ခင်ဗျား ...

အမိမြေ အဝေးတနေရာကို ရောက်နေကြတဲ့ ကျနော်တို့တွေ အားလုံး သတင်းစာမျက်နှာများပေါ်မှာ ပြည်တွင်းက ကျနော်တို့တွေ လေးစားချစ်ခင်ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ တချိန်က ရဲဘော်ရဲဘက် ညီအကို သူငယ်ချင်းတချို့ အကျဉ်းထောင်အသီးသီးက ပြန်လည်လွတ်မြောက်လာကြပုံ၊ သူတို့ကို မိဘပြည်သူတွေက ထိုက်ထိုက်တန်တန် သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြပုံတွေကို ရင်သပ် ရှုမော ကြည့်ကြရင်း ပီတိမျက်ရည်တွေ ကျခဲ့ရပါသည်။

ဒီလိုမြင်ကွင်းမျိုးတွေကို လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလက ကျနော်တို့တွေ လုံးဝ မျှော်လင့်မထားခဲ့ကြပါဘူး။ အဲဒီလို ပြည်တွင်းက ကျနော်တို့ရဲ့ခေါင်းဆောင်တွေ ညီအစ်ကို သူငယ်ချင်းတွေအတွက် ၀မ်းသာပီတိ ဖြစ်ခဲ့ရတာနှင့် တပြိုင်တည်း ၊ ကျနော်တို့ရင်ထဲမှာ ဒီအနှစ် ၂၀ ကျော်ကာလ အတွင်း လမ်းမတွေပေါ်မှာ၊ အကျဉ်းထောင်တွေထဲမှာ၊ တောတွေတောင်တွေထဲမှာ ပြည်သူ့ဘ၀ လွတ်မြောက်ရေးအတွက် ဘ၀ပေါင်းများစွာ အသက်ပေါင်းများစွာ စွန့်လွှတ် စတေးခဲ့ ကြ သူတွေကိုပါ တပြိုင်နက် သတိရ တမ်းတ မိခဲ့ကြရပါသည်။

ဒီမြင်ကွင်းတွေဟာ ကျနော်တို့ရဲ့ကျဆုံးသွားသော ရဲဘော်များ၏ အသက်သွေးတွေနဲ့ ရယူခဲ့ရတဲ့ သမိုင်းစာမျက်နှာတွေ ၊ အခန်းကဏ္ဍတွေ၊ အသီးအပွင့်တွေဆိုတာကို ကျဆုံးခဲ့သော ရဲဘော်များ အားလုံး သိစေ မြင်စေ တွေ့စေချင်တဲ့ ဆန္ဒနဲ့အတူ ၀မ်းနည်းမှုကို ပါ ခံစားခဲ့ကြရပါသည်။

အဲဒီလိုခံစားခဲ့ရပြီး -တချိန်က အခုလွတ်မြောက်လာကြတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ လက်တွဲ တိုက်ပွဲ ၀င်ခဲ့ပြီး မြန်မာပြည်မြောက်ပိုင်းတစ်နေရာမှာ လူမသိ သူမသိ ၊ မတရား ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခံခဲ့ရတဲ့ -၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်ကို သတိရမိပြီး၊ သူ့ရဲ့ ရုပ်ပုံလွှာ တပိုင်းတစကို ကျနော် ခံစားရေးခဲ့မိပါသည်။

ကျနော်တို့တွေအတွက် ၀မ်းနည်းစရာ အကောင်းဆုံးကတော့ ဒီအနှစ်နှစ်ဆယ်ကျော် တိုက်ပွဲကာလမှာ တချိန်က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးကို သတ်ဖြတ်ခဲ့သူတွေ၊ သတ်ရာမှာ အလိုတူ အလိုပါ တကြိတ်တည်း တကြံတည်း တာဝန်ရှိသူတွေဟာ အခုပြည်တွင်းက အပြောင်းအလဲတွေနဲ့ ဒီမိုကရေစီ ဆွမ်းကြီးလောင်းပွဲတော်ကြီးကို ခါတော်မီ ၀င်ရောက်ဆင်နွှဲကြဖို့ ခြေလှမ်းတွေ ပြင်ဆင်နေကြတာကို တွေ့နေရပါတယ်။

တကယ်တော့ ဒီလူသတ်သမားတွေနဲ့ အပေါင်းအပါတစုဟာ နယ်စပ်ဒေသမှာ အနှစ် ၂၀ လုံးလုံး၊ လူတွင်ကျယ်တွေအဖြစ်နဲ့ ကျနော်တို့လေးစားချစ်ခင်တဲ့ ကျဆုံးရဲဘော်တွေရဲ့ ၀ိဥာဉ်တွေပေါ် တက်နင်းပြီး၊ ရဲဘော်တွေရဲ့ အသက်သွေးတွေနဲ့ ရင်းနှီးရယူခဲ့တဲ့ အသီးအပွင့်တွေကို ခိုးယူ ယစ်မူး စားသုံးနေကြသူတွေ ဖြစ်ပါတယ်။

ဒီလို ဂုဏ်ရောင်ပြောင်လှတဲ့ သမိုင်းစာမျက်နှာပေါ်မှာ အဲဒီ လူသတ်သမား လူယုတ်မာ ဇာတ်ပျက်လောက်ကောင်တွေကို ကျနော်တို့ လုံးဝနေရာမပေးနိုင်ပါ။

ဒီကြီးကျယ်မြင့်မြတ်လှတဲ့ တော်လှန်ရေး အသီးအပွင့်တွေနဲ့ ၎င်းတို့ဟာ လုံးဝ မထိုက်တန်သူတွေ ဖြစ်ပါတယ်။

ဒီဇာတ်ပျက် လောက်ကောင် လူယုတ်မာ အချောင်သမားတွေကို သန့်စင်ဖယ်ရှားရေးဟာ ကျန်ရစ်ခဲ့တဲ့ ကျနော်တို့ ရဲဘော်အားလုံးရဲ့ တာဝန်ဖြစ်တယ် လို့ ရိုးသားစွာ ရင်ဖွင့်လိုက်ပါရစေ။

“ဗောဓိသတ္တတွေလို စွန့်လွှတ်အနစ်နာ ခံခဲ့ကြတဲ့ တိုက်ပွဲဝင် သူရဲကောင်းတွေကို ဦးညွှတ် ဂုဏ်ပြုကြ။”

“၀ဿကာရ လို ဇာတ်ပျက် လူယုတ်မာ ၊ လူသတ်သမား လောက်ကောင်တွေကို ၀ိုင်းဝန်း ဆန့်ကျင် ဖယ်ရှားကြ။”


လေးစားလျှက်.......

ဇာနည် (၈၈ ဗကသ)

PH....(801) 859 8835

------------------------------------------------------

”IF Being Historic Culprits/Criminals or National Traitors-”
”-သမိုင်းတရားခံ (သို.) ရာဇ၀င်လူဆိုး(သို.) အမျိုးသားသစ္စာဖေါက် ဖြစ်သွားခဲ့ရင်---”
by (Udp Myanmar) on Monday, January 16, 2012 at 8:08am


သမိုင်းမှာ တရားခံဖြစ်သွားခဲ့ပြီဆိုရင်တော့ ပေးဆပ်ရမည့် တန်ဘိုးက မနည်းပါ။ ပြောရရင် တဆွေလုံး တမျိုးလုံး လူ.ငရဲကို အရှင်လတ်လတ် ကျသလိုပါ။ ဒါကြောင့် သမိုင်းတရား ခံ မဖြစ်ဖို. ၊အမျိုးသားသစ္စာဖေါက် ဖြစ်မသွားဖို.ကတော့ အသိတရား သတိထားပြီး ဆောင်ရွက်ရမည့်အရာတွေပါ။

မြန်မာ့သမိုင်းမှာ သမိုင်းတရားခံ (သို.မဟုတ် ) အမျိုးသား သစ္စာဖေါက် စာရင်းမှာ ဦးစောနဲ. ဦးနေ၀င်းတို.ဟာ လူအများ သိထားတဲ့ ရွံရှာဖွယ်ရာ အော့နှလုံးနာစရာ လူတွေလို. ဆိုရင် မှားမယ် မထင်ပါ။ ။

အစဉ်အလာကောင်းတဲ့ လုပ်ငန်းတွေမှာ ပါဝင်ခဲ့သူ ခေါင်းဆောင်တွေ ဖြစ်ခဲ့ပေမယ့် ဘ၀နိဂုံးမှာတော့ ဒီလို လူမျိုးတွေကို ကိုယ့်သားသမီးတွေကို ဘယ်သူမှ မဖြစ်စေချင်တဲ့ သမိုင်းတရားခံတွေအဖြစ်နဲ. မှတ်တမ်းတင် ခံရသူတွေ မဟုတ်ပါလား။

သူတို.၏ လုပ်ရပ်တွေ ပြစ်မှုတွေကြောင့် သူတို.ဟာ သမိုင်းတရားခံတွေ အမျိုးသားသစ္စာဖေါက်တွေ ဖြစ်ယုံသာမက၊ ကျန်ရစ်တဲ့ မိသားစုတွေ သားစဉ်မြေးဆက်အထိ၊ သူတို.၏ အမဲစက် အရိပ်မဲတွေက လွတ်မြောက်ဖို. မလွယ်ပါ--- ။

လူကြားသူကြားမှာလဲ မျက်နှာ ငယ်ရ ၊ ဂုဏ်ငယ်ရ-၊ နောင်တ အခါခါရနေရမည့်---ဖျောက်ဖျက်လို.မရတဲ့ Criminal Record တွေက တွဲ ပါလျက်ရှိ နေတာ မြန်မာပြည်သူတွေ အသိဆုံးပါ။

သမိုင်းပြောတိုင်း ရှက်စရာ သိမ်ငယ်စရာ အဖြစ်တွေနဲ. ကျန်ရစ်သူတွေ ရင်ဆိုင်တတ်ရတာပါ။

အကြောင်းတစုံတရာကြောင့် သက်ရှိထင်ရှားဘ၀မှာ ကိုယ်ပြုခဲ့သည့် ပြစ်မှုတွေအတွက် ရာဇ၀တ်မှုအရ အရေးယူ အပြစ်ပေးမခံရဘဲ ၊ ဘ၀နိဂုံးချုပ်သွားသော်လဲ အဲဒီ ပြစ်ဒဏ်ထက် ဆိုးတဲ့- ကြီးလေးတဲ့ အပြစ်ကတော့ ”သမိုင်းတရားခံ” ဆိုတဲ့ ရာဇ၀တ်ကောင်ဘ၀ကို ရာသက်ပန် ရရှိလိုက်ခြင်းပါ။

ဒီ ပြစ်ဒဏ်ဟာ ထောင်နန်းစံရတဲ့ ဘ၀ထက် ဆိုးပြီး၊ ဒီသမိုင်းဆိုးဟာ ကိုယ်သေ သွားရင်တောင် ကျန်ရစ်တဲ့ နောင်လာနောက်သား သားစဉ်မြေးဆက် နှိပ်စက် အပြစ်ပေးနေမည့် -ပြစ်ဒဏ်ပေးမှုတခုပါ။ ဒီစာရင်းထဲကို ဦးနေ၀င်း ပါလိမ့်မယ်လို. ဆိုနိုင်ပါသည်။

ဦးနေ၀င်း ဟာ သူကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် ထောင်ချ အပြစ်ပေးခြင်း မခံလိုက်ရပေမယ့်၊သူပြုခဲ့သည့် မတရားမှုတွေကြောင့် သမိုင်းမှာ ရာဇ၀င်တွင်ရစ်သည့် လူဆိုး လူမိုက်စာရင်း ၀င်သွားရပြီ မဟုတ်ပါလား---။

ဒါကြောင့် မင်းတို.၏ သြဇာအာဏာနဲ. စည်းစိမ်တို.ဆိုတာ လူဘ၀နဲ. ယှဉ်လိုက်ရင် ဘာမှ မတည်မြဲ ၊ အာမခံချက် မရှိတဲ့ ”ရေပွက်ပမာ- ခဏတာ ”ဆိုတဲ့ မတည်မြဲတဲ့ တရားကို သိထားသူတွေ အတွက် -မိုက်မဲတဲ့ (အထူးသဖြင့်) သမိုင်းတရားခံအဖြစ် ကျန်ရစ်စေမည့် အရာတွေကို မလုပ်မိဖို. ရှောင်ရှားဖို. သတိတရား ထားဖို.လိုပါသည်။

ဦးနေ၀င်းဟာ မြန်မာ့လွတ်လပ်ရေးကို အရယူပေးတဲ့ သမိုင်းအစဉ်အလာကောင်းတဲ့ တို.ဗမာ အစည်းအရုံး သခင်အဖွဲ.တွေ မှာ -တပ်မတော် တည်ထောင်သူ ရဲဘော်သုံးကျိပ်ဝင် အဖွဲ့မှာ...စတဲ့ အင်မတန် အစဉ်အလာ ကြီးမြတ်တဲ့ အဖွဲ.အစည်းတွေမှာ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူ။ လှုပ်ရှားခဲ့သူပါ။

ဒါပေမယ့် ..သူရဲ့နောက်ပိုင်း လုပ်ဆောင်ချက်တွေကြောင့် မြန်မာပြည်ကို စစ်အာဏာရှင် စနစ်ကို စတင် ဇာတ်သွင်းခဲ့ပြီး၊ လူပေါင်း ထောင်ပေါင်းများစွာ ဘ၀တွေ ပျက်စီး။ ပြည်သူတွေလဲ သန်း နဲ. ချီပြီး ဘ၀တွေ ထိခိုက်ကာ တိုင်းပြည် တခုလုံး ချွတ်ခြုံကျရတဲ့အထိ နိုင်ငံတော်ကို ဇောက်ထိုးကျအောင် တွန်းချခဲ့သူမို. သူဟာ မြန်မာ့သမိုင်းတရားခံအဖြစ် မှတ်တမ်းတင်ရစ်ပါသည်။

သူခင်းတဲ့ဇာတ် ၊ သူသွင်းတဲ့ စနစ်ကြိုးဟာ နောက်ဆုံး သူကိုယ်တိုင်ရော သူ.သားသမီးနဲ. မြေးတွေလဲ ပြေးမလွတ်ဘဲ၊ သမိုင်းဘီးမှာ ရစ်ပတ်ချည်နှောင်ခံရပါသည်။

ထို.အတူ -သူကိုယ်တိုင် လက်သပ်မွေးထား မြှောက်စားခဲ့သည့် သားတပည့် ဗိုလ်ချုပ်ကြီး ဦးခင်ညွှန်.နဲ. လက်ကိုင်တုပ် ထောက်လှမ်းရေးအဖွဲ.ကြီး တခုလုံးလဲ ၊ ဒီသံသရာ ရဟတ်ချားမှာ ဖတ်ဖတ်ခါအောင် လှည့်ပတ် ရင်းနဲ. ” နောက်ဆုံးတော့ သူတို.လဲ သူတို.စီးတဲ့ ဘီးလုံးကြီးနဲ.ပဲ ပြန်နင်းခံရလို. ဖိပြားခံလိုက်ရတာ မဟုတ်ပါလား။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန်.ကို မြန်မာနဲ. ကမ္ဘာပြည်သူတွေက အခုလို Disgraced and Deposed Leader အဖြစ်နဲ. ဂုဏ်သိက္ခာ ငြှိုးငယ်စွာဖြင့် လူတွေ မြင်ကြရလိမ့်မယ်လို. လွန်ခဲ့သည့် ၁၀ နှစ်က ဘယ်သူတွေ ပြောရဲ စဉ်းစားရဲမှာလဲ။ ဘယ်သူမှ ဒီလို ဖြစ်သွားမယ်လို. မထင်ကြပါ။ သူကိုယ်တိုင်လဲ ထင်ခဲ့မည် မဟုတ်ပါ---။ ဒါပေမယ့် မသေခင်မှာ အမြင်မှန်ရပြီး သံဝေဂတရားနဲ. ကံ ကံ၏ အကျိုးကို သိခွင့်ရရှိလိုက်တာမို. တခြားသူတွေနဲ.စာရင် -နန်းကျဘုရင်ဖြစ်လင့်စကား---ကံကောင်းပါသေးသည်။ ပြင်ဖို. လုပ်ဖို. အချိန်တွေ အများကြီး ကျန်သေးတာမို.- ရှိသေးတာမို.---ပိုပြီး ကံကောင်းနိုင်ပါသည်။

အဖိုးတွေ အဖေတွေ အာဏာစက် ပြင်းတဲ့အချိန်မှာ နိုင်ငံ၏ အိမ်ရှေ.မင်းသားတွေလား---။လိုင် စင်ရ လူမိုက်ဂိုဏ်း စတားတွေလား--။ အင်မတန်မှ လူတွေ ကြောက်ရ လန်.ရ သတိထားပြီး ရှောင်ရှားခဲ့ရသည့် ဦးနေ၀င်း၏ မြေး-- ဇွဲနေ၀င်း၊ ဗိုလ်ချုပ်ကြီးခင်ညွှန်.၏သား ရဲနိုင်ဝင်းနဲ. တပ်ချုပ်ကြီးဦးသန်းရွှေ၏ မြေး ဖိုးလပြည့်တို.ဟာ အမေရိကန်က Hell Angels ။ အီတလီက Mafia Gang sters မခြား- မြန်မာပြည်က မြို.ကြီးများမှာ တန်ခိုးအာဏာ ထွားခဲ့ပါသည်။

ဒါပေမယ့် သမိုင်းဘီးတပတ် ပြန်ပြီးလည်တဲ့အခါ ဦးနေ၀င်း၏ မြေး=ဇွဲနေ၀င်းလဲ ထောင်ထဲ ရောက်သွားသလို ၊ဦးခင်ညွှန်.၏သား ရဲနိုင်ဝင်းလဲ ထို.နည်းတူပဲ ထောင်ကျသွားခဲ့ရပါသည်။

ဘ၀ရေစက် တထပ်ချင်း ကျခဲ့လေသလား---။ထောင်ကနေ လွတ်လာတော့လဲ တနေ.တည်း ဖြစ်နေပြန်ပါသည်။ ကဲ -တချိန်က မြို.ပြကို အပိုင်စားခဲ့တဲ့ လမ်းသရဲဗိုလ်တွေဟာ အခုတော့ -အဖိုးတွေ အဖေတွေကတော့ အာဏာမဲ့သူ အနားယူသူတွေဖြစ်နေပြီး ၊ အခုတခါ ဘယ်သူတွေက အာဏာစက် ထက်ကျမလဲ--- အစွယ်မရှိတဲ့ အစွယ်ကျိုးနေတဲ့ ကျားရဲတွေမို. အရင်လို လက်ရဲ ဇက်ရဲ မလုပ်ရဲတော့ပဲ- စရိုက်တွေ ပြောင်းသွားမလား--။ စောင့်ကြည့်ရမှာပါ။

ဒါပေမယ့် သေချာတာကတော့ အရင်လို လုပ်လို.ကတော့ ဒီခေတ်မှာ ပြဿနာတက်ဖို. များ ပါသည်။ ခေတ်ကြီးလဲ ပြောင်းနေသလို ဆက်သွယ်ရေးနဲ. နည်းပညာတွေလဲ မြင့်နေတာမို. အရင်လို ဖိလို. ဖုံးလို. မလွယ်တော့ပါ။

ဒါကြောင့် ဘယ်သူတွေပဲ ဖြစ်ဖြစ် -ဘယ်လို သမိုင်း တွင်တဲ့ အဖွဲ.အစည်းတွေမှာပဲ ပါခဲ့ ပါခဲ့- ဥပဒေမဲ့နဲ. လူတွေကို သတ်မယ် ဖြတ်မယ် ညှဉ်းပမ်း နှိပ်စက်ခဲ့မယ်ဆိုရင် ပေးဆပ်ရမယ်ဆိုတာ သတိထားဖို. လိုပါသည်။

အခုဆိုရင် တောတွေ တောင်တွေထဲမှာ အချင်းချင်း ခေါင်းဖြတ် -လက်ဖြတ် -လူသတ် -ပေါင်းသားလှီးပြီး ရိုင်းစိုင်း ယုတ်မာတဲ့ အကျီးတန်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ထားသူ =ABSDF (မြောက်ပိုင်း)က လူသတ်မှုမှာ တာဝန်ရှိသူတွေလဲ ..ဒီအတိုင်းပဲ ပြန်ပြီး ပေးဆပ်ဖို. သမိုင်းဘီးတပတ် ပြန်လည် လာပါသည်။

ဘယ်လောက် သမိုင်းအစဉ်အလာရှိတဲ့ အဖွဲ.အစည်းဖြစ်ပါစေ-- ။ဘယ်လို အလံတော် အောက် မှာ ရှိနေပါစေ ။ လူတွေကို မတရား ဖမ်းဆီး ညှင်းပမ်း သတ်ဖြတ်ခဲ့မယ်ဆိုရင်တော့ ဒီရာဇ၀တ်မှု တွေအတွက် ဘယ်အရာကမှ ကာကွယ်ပေး၊ ခွင့်လွှတ်ပေးလို.ရမည် မဟုတ်ပါ။

ဦနေ၀င်းကို တို.ဗမာအစည်းအရုံးဝင်ဖြစ်လို.” သခင်တဦးမို.၊ လွတ်လပ်ရေး တိုက်ပွဲဝင်တဦးမို.၊ တပ်မတော်ကို တည်ထောင်သူ ရဲဘော်သုံးကျိပ်ဝင်ဖြစ်လို.၊ နိုင်ငံတော် သမ္မတကြီး ဖြစ်လို.”ဆိုတဲ့အရာတွေက သူ၏ မိုက်မဲတဲ့ပြစ်မှုတွေအတွက် သမိုင်းက မျက်နှာသာပေး ခွင့်လွှတ်ပေးမှာ မဟုတ်ပါ။

သမိုင်းဟာ သမိုင်းပဲ မဟုတ်ပါလား- ကောင်းတာလုပ်သူ အနစ်နာခံသူတွေကို သူရဲကောင်း အဖြစ် မှတ်တမ်းတင်မှာ ဖြစ်သလို -ရက်စက်ယုတ်မာသူတွေ အတွက်ကတော့ သမိုင်းတရားခံ တွေအဖြစ် နာမည်ဆိုးနဲ.ကျန်ရစ်ခဲ့မှာပါ။

ထို.အတူ ဘယ်လောက်ကြီးတဲ့ ဗိုလ်ချုပ်ပဲ ဖြစ်ဖြစ် ။ဘယ်လောက် အစဉ်အလာကြီးတဲ့ တိုင်းရင်းသား ခေါင်းဆောင်ပဲ ဖြစ်ဖြစ်၊ ဥပဒေမဲ့ ”လူသတ်မယ် -လူဖမ်းမယ် -ညှင်းပမ်းနှိပ်စက်မယ် ”ဆိုရင်---သမိုင်း အစဉ်အလာတွေအရ ပေးဆပ် ရတဲ့ သာဓကတွေကြောင့် ၊သမိုင်းတရားခံတွေ -အမျိုးသား သစ္စာဖေါက်ဘ၀တွေ ရောက်မသွားကြဖို. သတိပေး တိုက်တွန်းရခြင်း ဖြစ်ပါသည်။

ဒါကြောင့် တောထဲ ဖြစ်ဖြစ် ၊တောင်ပေါ် ဖြစ်ဖြစ် ၊ကိုယ့်စခန်းထဲမှာပဲ ဖြစ်ဖြစ် ၊ လူတွေ ကို ဥပဒေမဲ့-သတ်ခဲ့မယ် ။ရာဇ၀တ်မှုတွေကို ကျူးလွန်ထားမယ်ဆိုရင်---- တချိန်ချိန်မှာတော့ ကိုယ့်ပြုခဲ့သည့်ကံ ကိုယ်ပြန်ခံ ၊ ကိုယ့်ထံ ပြန်ရောက်မည်သာမှတ်။

မဟုတ်ရင်လဲ ကိုယ်စိုက်ခဲ့တဲ့ ပျိုးခင်း စပါးခင်းဟာ ကိုယ်ပဲ ပြန်ရိတ်သိမ်းကြရစမြဲ မဟုတ်ပါလား။

ဘယ်အဖွဲ.မှာ ပါဝင်လို့  ဘယ်အလံတော်အောက်မှာ ရှိနေခြင်းနဲ.မဆိုင်ပဲ ၊ ကိုယ် ဘာလုပ်ခဲ့သလဲ ဆိုတဲ့ လုပ်ရပ်တွေနဲ.ပဲ ၊ သမိုင်းထဲမှာ မှတ်တမ်းတင်ကြရတာပါ။ ဒါကြောင့် အထူးသဖြင့် ..ဘ၀ကို အနစ်နာခံပြီး လုပ်ခဲ့သူတွေအတွက် သမိုင်းတရားခံ (သို.မဟုတ်) အမျိုးသားသစ္စာဖေါက်ဘ၀နဲ. နိဂုံးချုပ် မသွားအောင် ဆင်ခြင် အသိတရားနဲ. လုပ်ကိုင်ဆောင်ရွက်ဖို. အထူးလိုအပ်ပါသည်။

မဟုတ်ရင် ...ဦးစော၊ ဦးနေ၀င်းတို.၏ စာရင်းမှာ သင့်နာမည်လဲ ထပ်တိုးသွားမည်

30 May 2012

"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၄) (သို့) နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ”(Aung Moe Win)+ညီလာခံ အတွင်း နေ၀င်းအောင်ကိစ္စ၊မကဒတ နှစ်ခြမ်းစကွဲခြင်း” (ဆလိုင်း ကိုကိုဦး) (ABSDF တောင်ပိုင်းမှာ အတွင်းရေးမှုး မျိုးဝင်း ကိုယ်တိုင် ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရသော ကိုနေ၀င်းအောင်ရဲ့ ဖြေရှင်းချက် မူရင်းစာ)



 "မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၄) (သို့) နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ”(Aung Moe Win) jan08,2012
"အာဏာရူးတို့ ၏ လုပ်ရပ်များနှင့်မြောက်ပိုင်းလူသတ်မှု” (သန်းဝင်း)
"ABSDF တတိယ ညီလာခံတွင် ဖြစ်ပျက်ခဲ့သော အာဏာရူးတို့၏ လုပ်ရပ်များ"(သို့) "MTZ ဗဟိုကော်မီဝင်တွေကို... NAဗဟိုက ဖမ်းမိန့်ထုတ်ခြင်း၊တတိယ ညီလာခံ အတွင်း နေ၀င်းအောင်ကိစ္စ၊မကဒတ နှစ်ခြမ်းစကွဲခြင်း” (ဆလိုင်း ကိုကိုဦး)
(ABSDF တောင်ပိုင်းမှာ အတွင်းရေးမှုး မျိုးဝင်း ကိုယ်တိုင် ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရသော ကိုနေ၀င်းအောင်ရဲ့ ဖြေရှင်းချက် မူရင်းစာ) 


အမှတ်တရ ကဏ္ဍ

"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၄) (သို့) နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ”(Aung Moe Win) jan08,2012

အခုပြောနေတဲ့ ကိစ္စက “ ခင်ဗျား ဘယ်သူ့ကို ချစ်လဲ ” ဆိုတဲ့ မေးခွန်း မဟုတ်ဘူး ။


"ခင်ဗျားဟာ ရက်စက်ကြမ်းကြုတ်၊ ယုတ်မာသူတွေကို ကာကွယ် ခုခံ မလား။ (ဒါမှမဟုတ်) ဒီမိုကရေစီ နဲ့ အပြစ်မဲ့ပြည်သူလူထု ဘက်က ရပ်တည်မလား " ဆိုတဲ့ ရွေးချယ်မှုဖြစ်တယ်။


ဒီ တပွဲမှာ ကိုယ့်ရဲ့သမိုင်းတန်ဘိုးကို ကိုယ့်ဘာသာ သတ်မှတ်ကြရပါလိမ့်မယ်။


အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီးကို ကျူးလွန်ခဲ့သူတွေက “ သူတို့ ကွပ်မျက်ခဲ့တဲ့ ကျောင်းသား (၁၅) ယောက်ဟာ အစိုးရသူလျှိုတွေဖြစ်ကြောင်း ခိုင်မာတဲ့အထောက်အထားတွေ ရှိပါတယ်” လို့ ဆိုခဲ့တယ်။


တကယ်တော့ သူတို့ပြောပြောနေတဲ့ ခိုင်လုံတဲ့အထောက်အထားဆိုတာ “ မြောက်ပိုင်းစစ်ကြောရေးခွေ” လို့ လူသိများတဲ့ ဗွီဒီယို တိတ်ခွေလေးတခုထင်ပါရဲ့။အဲ့ဒီ တိတ်ခွေလေးထဲမှာ နှိပ်စက်ညှင်းပမ်းခံရသူတွေရဲ့ ဖြောင့်ချက်တွေကို တခုတ်တရ ရိုက်ကူးထားတယ်။


သူတို့ကသာ အဲ့ဒီတိတ်ခွေလေးကို ခိုင်လုံတဲ့အထောက်အထားအဖြစ်ယုံကြည်ပြီး ရည်ညွှန်းနေတာ။ ကျနော်ကတော့ အဲ့ဒီတိတ်ခွေဟာ ကိုယ့်ရှူးကိုယ်ပြန်ပတ်တဲ့ သက်သေ ( သို့မဟုတ်) ကိုယ့်လည်ပင်းကို ကိုယ့်ဘာသာပြန်ညှစ်မဲ့ ကြိုးကွင်းလို့ ပဲ မြင်မိတယ်။ အဲ့ဒီ တိတ်ခွေလေးကို သေသေချာချာ ကြည့်ခဲ့မိဘူးပါတယ်။ အဲ့ဒီတိတ်ခွေလေးကို ကြည့်ပြီး၊ “ စစ်ကြောရေးကို ဦးဆောင်သူတွေကလဲကွာ ဒီလောက်တောင် ညံ့ရသလား၊ ဒီလောက်တောင် ဗဟုသုတ နည်းလှချည်းလား” လို့ တွေးနေမိတယ်။ တကယ်တော့ စစ်ကြောရေးကို ဦးဆောင်ခဲ့ကြသူတွေဟာ မန္တလေးလှုပ်ရှားမှု ကို ကောင်းကောင်းနားလည်ပုံမရပါဘူး။


သတ္တိရှိကြမယ်ဆိုရင်- အဲ့ဒီ တိတ်ခွေလေးကို ဖေ့ဘွတ်မှာတင်ပေးပြီး ပြည်သူအားလုံးကို ပြပေးပါလား။ မန္တလေးကျောင်းသားတွေအတွက်တော့ အထူးလက်ဆောင်တခုဖြစ်မှာပါ။ ကိုယ့်သူငယ်ချင်းတွေ ရီကြရမှာပါ။ ဒါပေမဲ့ သဲလွန်စတခုပေးပြီး အတိတ်ကို နည်းနည်းနိုးဆွထားချင်တယ်။


မန္တလေးကျောင်းသားတွေ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ထောက်လှမ်းရေး (၁)၊ ထောက်လှမ်းရေး (၁၆) ၊ ဗိုလ်ကြီး မြင့်ဦး နဲ့ အမျိုးသားထောက်လှမ်းရေး ဗျူရို ဆိုတာတွေ ပါမယ်ဗျာ။ သူတို့ဘယ်လို လုပ်ထားသလဲ။ စောင့်ကြည့်ကြရအောင်ပါ။


မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း-၄-) အဖြစ် နန်းအောင်ထွေးကြည် ရဲ့ အစီရင်ခံစာ ကို တင်ပြသွားမှာဖြစ်ပါတယ်။


ပထမပိုင်းမှာ- ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စတင်တည်ထောင်ခြင်း နဲ့ အာဏာအလွဲသုံးစားလုပ်မှု၊ ခေါင်းဆောင်တွေရဲ့ အခွင့်ထူးခံလူတန်းစား တည်ဆောက်မှုတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို တင်ပြထားပါတယ်။


ခင်မင်လေးစားစွာဖြင့် -


(အောင်မိုးဝင်း)


---------------------------------


"နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ"


( က )


ကျောင်းသားတပ်မတော် ABSDF ( NB )ကို မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ဒေသဖြစ်သည့် KIA ဗဟို ဌာနချုပ် ပါဂျောင်ဒေသ လိုင်စင်စခမ်း တရုတ်ပြည်နယ်စပ်တွင်တည်ထောင်ခဲ့သည်။


တရုတ်ပြည် ယွေနမ် ပြည်နယ် ရွှေလီမြို့မှ ကားလမ်းခရီးဖြင့် ကေအိုင်အေ ဗဟိုဌာနချုပ်သို့ အလွယ်တကူသွားရောက်နိုင်သည်။


ကျောင်းသားတပ်မတော်ကို ၁၉၈၈ ကာလတွင် ABSDF ( ကချင်ပြည်နယ် ) အနေဖြင့်စတင် ထူထောင်ခဲ့သည်။ ထိုစဉ်က ကိုကျော်ကျော်မှ ကချင်ပြည်နယ် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ပြီး.. စစ်ရေးတာဝန်ခံအဖြစ် မြင့်စိုး ခေါ် သံချောင်းနှင့် အတွင်းရေးမှုးအဖြစ် မိုးညှင်းမြို့နယ် နမ်းမားမှ နမ့်ဆော်လော ရွာနေ…မျိုးဝင်းတို့က တာဝန်ယူ ဦးစီးခဲ့ကြသည်။ ဗဟိုဦးစီးမှုးများအဖြစ် လွှမ်းမိုး နှင့် နေဒွန်းတို့မှတာဝန်ယူခဲ့ကြသည်။


၁၉၈၉ ခုနှစ် ဧပြီလတွင် မိမိနှင့်အတူ ရန်ကုန်မြို့မှ မခင်ချိုဦး ၊ ဌေးမြင့်ဝင်း ၊ အောင်ကျော်ဦး နှင့် သန်းထွန်းစိုး ခေါ် တိုက်ပိတ် ငါးဦးအဖွဲ့ အေဘီအက်စ်ဒီအက်ဖ် ( ကချင်ပြည်နယ် ) သို့ရောက်ရှိခဲ့ကြပြီး သန်းထွန်းစိုးမှအပ မိမိအပါဝင် လေးဦးမှာ ကျောင်းသားတပ်မတော် စစ်သင်တန်းအပတ်စဉ် ( ၃ ) သို့တက်ရောက်ခဲ့သည်။ သန်းထွန်းစိုးမှာ ရန်ကုန်မြို့သို့ စည်းရုံးရေး အင်အားစုဆောင်းရေးအတွက် အမှတ်စဉ် ( ၃ ) သင်တန်းမတက်ရောက်ခဲ့ပါ။


၁၉၈၉ ခုနှစ် နှစ်လည်ပိုင်းခန့်တွင် အမှတ်စဉ် ၁ မှ ကျောင်းသားရဲမေ ခင်မာအေး ( မြစ်ကြီးနား ) ၊ အမဖြစ်သူ မမူနဲ့အတူ ABSDF ( ကချင်ပြည်နယ် ) သို့ရောက်ရှိလာသော မြတ်ကို ဆိုသူအား စစ်အစိုးရ သူလျှို အဖြစ် စွပ်စွဲပြီး သတ်ဖြတ်ခဲ့သည်။


ထိုသတ်ဖြတ်မှု့ကို မျိုးဝင်းနှင့် သံချောင်းတို့မှ ဦးဆောင်ခဲ့သည်။ ထိုစဉ်အချိန်ကာလက ABSDF ( ကချင် ) ဥက္ကဌ ကိုကျော်ကျော်မှာ တာဝန်ဖြင့် မာနယ်ပလောရှိ ABSDF ( တောင်ပိုင်း ဗဟို ) သို့သွားရောက်နေချိန်ဖြစ်သည်။ ABSDF ( ကချင်ပြည်နယ် ) ဦးစီးမှုးများ နှင့် ဗဟိုကော်မတီဝင်များမှာလည်း တာဝန်အသီးသီးဖြင့် ရှေ့တန်းစခမ်းများသို့ရောက်ရှိနေချိန်ဖြစ်သည်။


(ခ)


ABSDF ( ကချင်ပြည်နယ် ) စစ်သင်တန်း အမှတ်စဉ် ( ၄ ) ကို ဗဟိုဌာနချုပ် ပါဂျိုဒေသ လိုင်စင်စခမ်းတွင် ဖွင့်လှစ်ခဲ့သည်။


သင်တန်းအမှတ်စဉ် ( ၅ )တွင် ရန်ကုန်နှင့် မန္တလေးမှ ကျောင်းသားအများအပြား ပါဝင်လာခဲ့သည်။ သန်းထွန်းစိုး ခေါ် တိုက်ပိတ် နှင့်အတူ ရန်ကုန် ၊ ပဲခူးမှကျောင်းသားအချို့ပါလာပြီး သင်တန်းအမှတ်စဉ်( ၅ ) ကိုတက်ရောက်ခဲ့သည်။ ထိုအပတ်စဉ် ( ၅ ) သင်တန်းအချိန်ကာလတွင် တပ်တွင်းမကျေနပ်မှု့များ သင်တန်းသားများအတွင်း၌ဖြစ်ပွားခဲ့သည်။


အတွင်းရေးမှုးတာဝန်ယူထားသော မျိုးဝင်း ၏ ဒေသအစွဲနှင့် သဘောထားကျဉ်းမြောင်းမှု့ အတွေးအမြင် တဘက်သတ်ဆန်မှု့များအပေါ် အဓိကထားပြီး မကျေနပ်မှု့များ တိုက်ခိုက်မှု့များဖြစ်ပွားခဲ့သည်။


ထို အပတ်စဉ် ( ၅ ) နှင့် ( ၆ ) သင်တန်းသားများထဲတွင်.. နောင် ABSDF ( NB ) ဥက္ကဌ ဖြစ်လာမည့် အောင်နိုင် ( ယခု ရော်နယ်အောင်နိုင် ဟူသောအမည်ဖြင့် ယိုးဒယားနယ်စပ်နှင့် ချင်းမိုင်တွင် သတင်းထောက်လုပ်နေသူ ဘီဘီစီ မြန်မာပိုင်းအစီစဉ်မှ ၂၀၀၈ ခုနှစ်တွင် နှုတ်ထွက်စာတင်ခဲ့ရသူ )၊


ရဲလင်း၊ညီညီကျော် ( နောင်တွင် စစ်အစိုးရ၏သူလျှိုများအဖြစ် ဖမ်းဆီးခံရသူ ) တို့သည်..ABSDF ( NB ) ဗဟိုကော်မတီအဖြစ် ရွေးချယ်ခံရသူများပါဝင်ပါသည်။


အပတ်စဉ် ( ၅ ) သင်တန်း မဖွင့်မှီတွင် ABSDF ( ကချင်ပြည်နယ်ကို ) ABSDF ( ၇၀၁ ) တပ်ရင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။


အပတ်စဉ် ( ၅ ) သင်တန်းကာလအတွင်းဖြစ်ပွားခဲ့သော တပ်တွင်းမကျေနပ်မှု့များကြောင့် ABSDF ( ၇၀၁ ) တပ်ရင်း နောက်တန်းရှိ ရဲဘော် ရဲမေများနှင့် အပတ်စဉ် ( ၅ ) ကျောင်းသား သင်တန်းသားများအား မျိုးဝင်းမှ မကျေလည်မှု့များ ဆွေးနွေးရန်အတွက် တပ်တွင်းခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးမှု့များပြုလုပ်ခဲ့သည်။


ကျောင်းသားအများအပြားမှ…..ဦးဆောင်တာဝန်ယူနေသော ကျောင်းသားခေါင်းဆောင်များနှင့် ရဲဘော်ရဲမေများအကြား ကွာဟမှု့များ၊ မျိုးဝင်း၏ တဘက်စွန်းရောက်သော စိတ်ဓါတ်များ၊ မျိုးဝင်း ၏ ဒေသစွဲ တယူသန်အတွေးအမြင်များ၊ မတရားမှု့များကို ဝေဖန်ပြောဆိုခဲ့ကြသည်။


သို့သော်လည်း မျိုးဝင်းမှ “ ငါတို့တော်လှန်ရေးလုပ်ဘို့ တောထဲလာတာ ဒီမိုကရေစီအတွက် လာတာ ဖြစ်တယ် ။ ဒီမိုကရေစီ ခံစားဘို့မဟုတ်ဘူး။ စစ်တပ်မှာ ဒီမိုကရေစီမရှိဘူး။ ရွေးကောက်ပွဲမရှိဘူး ” ဟု ပြောဆိုပြီး တင်ပြမှု့များနှင့် မေးခွန်းများ မေးကြားခြင်းကို ဖြေကြားခြင်းမရှိပဲ ပယ်ချခဲ့သည်။ ညှိနှိုင်းမှု့မရှိပဲ..တွေ့ဆုံဆွေးနွေးပွဲကိုရုတ်သိမ်းခဲ့သည်။ မကျေလည်မှု့များ ပိုမိုပြင်းထန်ခဲ့သည်။


မျိုးဝင်း မှ ထိုတွေ့ဆုံဆွေးနွေးပွဲတွင် သူ့အား ဝေဖန်တိုက်ခိုက်ခဲ့သူများအား အငြိုးကြီးစွာဖြင့် မှတ်သားထားသည်။ အကြောင်းမှာ သူ့အား ဝေဖန်တိုက်ခိုက်ခဲ့သူများအားလုံးသည် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် စတင်ဖမ်းဆီးခဲ့သည့် ..သမိုင်းဆိုးတွင်ခဲ့သည့် ..စစ်အစိုးရ သူလျှိုအဖြစ် အစုလိုက် အပြုံလိုက် ဖမ်းဆီးနှိပ်စက်၊ ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ကြသည်မှာ မိမိအပါဝင်ဖြစ်ပါသည်။


(ဂ)


အမှတ်စဉ် (၅) သင်တန်းပြီးဆုံးပြီး.. ABSDF ( ၇၀၁ ) တပ်ရင်းမှ ABSDF ( မြောက်ပိုင်း ဗဟို ) အဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ပြောင်းလဲ ရေးအတွက် ညှိနှိုင်းရေးများပြုလုပ်ခဲ့သည်။ ဥက္ကဋ္ဌ နှင့် ဗဟိုကော်မတီဝင် အသစ်များပြန်လည်ဖွဲ့စည်းရေးအတွက် စည်းရုံးရေးများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်း ကိုယ်စားလှယ်အဖြစ် သန်းထွန်းစိုး ကို စာရင်းပေးသွင်းခဲ့ကြသည်။ ကိုယ်စားလှယ်အသီးသီးမှာလည်း စည်းရုံးရေးအတွက် တာဝန်များနှင့် ရှေ့တန်းနယ်မြေများသို့ ထွက်ခွာခဲ့ကြသည်။


ယ္ခင်ရှေ့တန်းနယ်မြေမှာ ရှိနေသော ABSDF ( ကချင်ပြည်နယ်) ဦးစီးမှူး လွှမ်းမိုး မှာ နောက်တန်းဗဟို ( ၇၀၁) သို့ ပြန်လည်ရောက်ရှိလာသည်။ လွှမ်းမိုးနှင့် မျိုးဝင်း တို့ နှစ်ဦးကြားတွင် မကျေလည်မှုများ ရှိခဲ့သည်။ လွှမ်းမိုးမှ မျိုးဝင်းအား တပ်တွင်း ရံဘုံငွေ နှင့် ကျောက်စိမ်းရောင်းဝယ်မှုများတွင် မျိုးဝင်းမှ ကိုယ်ကျိုးသုံးကြောင်း စွဲချက်တင်ရန် ကြိုးပမ်းခဲ့သည်။


သို့သော် မျိုးဝင်းက သူ၏ ဒေသခံ နယ်လူများ၏ နောက်ခံအင်အားတောင့်တင်းမှုကြောင့် မျိုးဝင်းနှင့် သံချောင်းတို့ ဦးဆောင်ပြီး၊ လွှမ်းမိုးအား ၁၉၉၀ မတ်လ ခန့်တွင် ဖမ်းဆီးပြီး၊ စစ်အစိုးရ သူလျှိုအဖြစ် စွပ်စွဲခါ နှိပ်စက်ညှင်းပမ်းခဲ့သည်။


တချိန်တည်းမှာပင် ရန်ကုန်တိုင်းတာဝန်ခံ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်မည့် သန်းထွန်းစိုး ကိုပါ ဖမ်းဆီးခဲ့သည်။ ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ဖို့ အကြပ်ကိုင်ခဲ့သည်။ သန်းထွန်းစိုးမှ နုတ်ထွက်ခဲ့သည်။ ရဲလင်း မှ ရန်ကုန်တိုင်း ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရန် သဘောတူခဲ့သည်။


လွှမ်းမိုးအား ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက် စစ်ကြောရေးဝင်နေစဉ်ကာလအတွင်း မျိုးဝင်းမှ ရဲဘော်တဦးအား စေလွှတ်ပြီး မိမိအား စစ်ကြောရေးနေရာသို့ လာရန် အမိန့်ပေးခဲ့သည်။ မိမိမှာ ထိုအချိန်က လွှမ်းမိုး၏ ဦးစီးရုံးတွင် တာဝန်ယူနေခဲ့သူဖြစ်သည်။ လွှမ်းမိုးအား စစ်ကြောနေသောအခန်းထဲတွင် လွှမ်းမိုး၏ ရှေ့တွင်ပင် မျိုးဝင်းက မိမိ ၏ နားထင်ကို သေနတ်ဖြင့် တေ့ပြီး “ လွှမ်းမိုး က မင်းကို ဘာတွေခိုင်းလဲ” ဟု မေးမြန်းခဲ့သည်။


အမှန်စင်စစ်မှာ ထိုအချိန်က မိမိအား ထောက်လှမ်းရေး သူလျှိုအဖြစ် စွပ်စွဲဖမ်းဆီးဖို့ အစီအစဉ်ရှိကြောင်း နောင်မှ သိခဲ့ရသည်။ သို့သော်လည်း ကံကောင်းစွာဖြင့် သံချောင်းမှ “ မငယ် ...မင်းပြန်တော့” ဟု အမိန့်ပေးသဖြင့် အဆောင်သို့ပြန်ခဲ့သော်လည်း ၊ ဘာကြောင့် မိမိ ဦးခေါင်းအား သေနတ် ဖြင့်ချိန်ပြီး မေးမြန်းခဲ့ရခြင်းကို စဉ်းစားမိသည်။


ထိုအဖြစ်အပျက်ဖြစ်ပြီး ၃-၄ ရက်အကြာတွင် မျိုးဝင်းနှင့် သံချောင်း ဦးဆောင်ပြီး၊ လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား လက်နောက် ပြန်ကြိုးတုပ်ပြီး တပ်ရင်း၏ ဗဟိုအလည်ဖြစ်သည့် စစ်ရေးလေ့ကျင့်ရေးကွင်းသို့ ခေါ်ဆောင်လာသည်။ ရဲဘော်၊ ရဲမေများ အားလုံးကိုလည်း လူစစ်၊ တန်းစီ ခိုင်းပြီး သတိဆွဲခိုင်းထားသည်။ ကွင်းလယ်ခေါင်တွင် ကျင်းတူးထားပြီး ထိုကျင်းထိပ်တွင် လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား ကြိုးတုတ်လျှက်နှင့် ထိုင်ခိုင်းထားသည်။


မျိုးဝင်းနှင့် သံချောင်းတို့မှ လွှမ်းမိုးအား “ထောက်လှမ်းရေး သူလျှို မဟုတ်လား” ဟု ကျယ်လောင်စွာ ဒေါသတကြီး မေးသည်။


လွှမ်းမိုးမှ “ ကျနော် မဆလ မဖြစ်ပါရစေနဲ့ ။ဗကပ ( ဗမာပြည်ကွန်မြူနစ်ပါတီ) ပဲ ဖြစ်ပါရစေဗျာ” ဟု ဖြေကြားခဲ့သည်။


သံချောင်းမှ လွှမ်းမိုးအား သေနတ်ဖြင့် ချိန်ပြီး တန်းစီနေသော မိမိတို့ ကျောင်းသားရဲဘော် ရဲမေများ ရှေ့တွင် သွေးအေးစွာ ပစ်သတ်ခဲ့သည်။ လွှမ်းမိုး၏ အသက်ကင်းမဲ့သော ခန္ဓာကိုယ်ကြီးအား တိရ စ္ဆာန်တကောင်ကဲ့သို့ ကန်ချပြီး မြေဖို့ကာ လူသတ်ပွဲကို ကြည့်နေခဲ့ရသော မိမိတို့အား၊ ထိုမြေပုံပေါ်တွင် စစ်ရေးပြ လျှောက်ခိုင်းဖို့ အမိန့်ပေးခဲ့သည်။


သန်းထွန်းစိုးအား ကြိုးတုပ်လျှက် နှင့် ပင် အချုပ်ခန်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ၁၉၉၀ ဧပြီလတွင် သန်းထွန်းစိုး အား အချုပ်မှ လွှတ်ပေးခဲ့သည်။


(ဃ)


လွှမ်းမိုးအား သတ်ဖြတ်ပြီး မကြာမီ၊ စစ်သင်တန်းအမှတ် (၅) သင်တန်းဆင်းခဲ့သူ ရန်ကုန်မှ “ကိုအောင်ကျော်” ဆိုသူကိုလည်း မသင်္ကာ မှု နှင့် မျိုးဝင်းနှင့် သံချောင်းမှ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ နှိပ်စက်ခဲ့သည်။ ထို စစ်ကြောရေး ဒဏ်ရာနှင့်ပင် ကိုအောင်ကျော်မှာ KIA ဆေးရုံတွင် ဆေးကုသမှု ခံရင်းနှင့် အသက်ဆုံးရှုံးခဲ့ရသည်။


များမကြာမီ ဖွဲ့စည်းအုပ်ချုပ်ပုံ ရွေးကောက်ပွဲအတွက် ရှေ့တန်းသို့ ထွက်သွားသူများ၊ ဗဟိုနောက်တန်းသို့ ပြန်ရောက်ရှိလာခဲ့ကြသည်။


ရွေးကောက်ပွဲတွင် ABSDF ( မြန်မာပြည် မြောက်ပိုင်း ဥက္ကဋ္ဌအဖြစ် ကိုထွန်းအောင်ကျော် ( မန္တလေး)၊ အထွေထွေ အတွင်းအရေးမှူးအဖြစ် အောင်နိုင်( မန္တလေး) နှင့် စစ်ရေးတာဝန်ခံအဖြစ် သံချောင်းတို့ကို ပြန်လည်ရွေးချယ်ခဲ့သော်လည်း၊ မျိုးဝင်းမှာ မဲမရပဲ ရှိနေခဲ့သည်။


သို့သော်လည်း ဗဟိုကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အရ၊ မည်သူမျှ မဲပေး ရွေးချယ်ခြင်းမရှိခဲ့သော မျိုးဝင်းအား ABSDF ( ကချင်) အနေဖြင့်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူတဦးအနေဖြင့် ၊ တွဲဘက်အတွင်းရေးမှူး (၁) နှင့် ဒု- စစ်ရေးတာဝန်ခံရာထူးကို ပေးခဲ့သည်။


ABSDF ( မြောက်ပိုင်း) အဖြစ်ဖွဲ့စည်းအပြီးတွင် ယိုးဒယားမြန်မာနယ်စပ်ရှိ မာနယ်ပလော စခန်းမှ ABSDF ဗဟို ဋ္ဌာနချုပ် ဥက္ကဋ္ဌ ကိုမိုးသီးဇွန်မှ အမှတ် ( ၅၀၁) တပ်ရင်းကို ABSDF ( မြောက်ပိုင်း) တွင် အင်အားဖြည့် ပူးပေါင်းဖို့ စေလွှတ်ခဲ့ပါသည်။ ရှမ်းပြည်နယ်မှ (၄၀၁) တပ်ရင်းတို့ရှိလာပြီး၊ ကျောင်းသားရဲဘော် ကိုယ်ပိုင်နံပါတ်မှာ ၅၀၀ ခန့်ရှိလာသည်။ ( အမှန်စင်စစ် လူအင်အားမှာ အကြောင်းအမျိုးမျိုးကြောင့် ၃၅၀ ခန့်သာ ရှိသည်။)


၁၉၉၀ ခုနှစ် နှစ်လည်ပိုင်းလောက်တွင် နောက်တန်းတွင် ရှိနေသော ကျောင်းသားရဲဘော်ရဲမေများ တာဝန်ဖြင့် ရှေ့တန်းသို့ တဖွဲ့ပြီး တဖွဲ့ ပြန်လည်ထွက်ခွာခဲ့ကြသည်။


သန်းထွန်းစိုး မှာ ရှေ့တန်းတွင် စစ်အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အစိုးရ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ မိမိလည်း ရှေ့တန်း ဗန်းမော် ခရိုင်သို့ တာဝန်ဖြင့်ထွက်ခွာခဲ့ရသည်။


ထိုခရီးစဉ်တွင် စစ်ရေးတာဝန်ခံ သံချောင်းတယောက် တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်စွာရပြီး ညာဘက် လက် ဆုံးရှုံးခဲ့ရသည်။


များမကြာမှီ မိမိတို့စစ်ကြောင်း ဗဟိုသို့ ပြန်လည်ရောက်ရှိခဲ့ပြီး၊ တာဝန်ပေးချက်အရ KIA မှ ဖွင့်လှစ်သော ဘဏ္ဍာရေးသင်တန်းသို့ တက်ရောက်ခဲ့ရသည်။


ရှေ့တန်းထွက် ကျောင်းသားရဲဘော် ရဲမေများ တဖွဲဖွဲ နှင့် ဗဟိုနောက်တန်းသို့ ပြန်လည်ရောက်ရှိလာသည်။


ထိုနှစ် ၁၉၉၁ ခုနှစ် ရှေ့တန်းမှ ပြန်လည်ရောက်ရှိလာသော ကျောင်းသားရဲဘော်ရဲမေများ ABSDF ( မြောက်ပိုင်း) ဗဟို ဋ္ဌာနချုပ် သို့ ပြန်လည်ရောက်ရှိခြင်းသည် ပြုပြင်မရတော့သည့် ကျောင်းသားတပ်မတော် ၏ ဆိုးသွမ်းသော သမိုင်းအမှားဖြစ်ရပ်ဆိုးများ ပေါ်ပေါက်ခဲ့ရသည့်နှစ် ဖြစ်စေခဲ့သည်။


ထို အချိန်မှာ တပ်တွင်းရှိ ကျောင်းသားရဲဘော်၊ ရဲမေများ ထမင်း နှင့် ဆားငပိ တို့သာ စားနေရချိန်တွင်၊ တပ်တွင်း ဦးဆောင်နေသော ကျောင်းသားခေါင်းဆောင်တာဝန်ယူထားသူများမှာ တလလျှင် တရုပ်ငွေ ယွမ် (၃၀) လခစားကြသည်။


လူကြီးများအတွက် အသေးသုံးစားစရိတ် ဆိုကာ အခွင့်ထူးခံစားကြသည်။ ကျောင်းသားခေါင်းဆောင်တိုင်းတွင် သူတို့၏ ဝေယျာဝစ္စ ထမင်းချက်၊ အင်္ကျီလျှော်၊ထင်းခွေ၊ ကိုယ်ရေးကိုယ်တာ ခိုင်းစေရန်အတွက် တော်လှန်ရေး လုပ်ရန် လာသည့် ကျောင်းသားငယ်များအား အနားတွင်ထားပြီး ခိုင်းစားကြသည်။


(နန်းအောင်ထွေးကြည်)


အစီရင်ခံစာ ပထမပိုင်း ပြီး၏။


-----------------------------------


နန်းအောင်ထွေးကြည် ရဲ့ အစီရင်ခံစာ ကို ဆက်လက်တင်ပြသွားပါမယ်။ ဒုတိယ ပိုင်းမှာ လူဖမ်းပွဲ စတင်ဖြစ်ပေါ်ခြင်းတွေကို အသေးစိတ်ဖတ်ရှုရမှာ ဖြစ်ပါတယ်။(အောင်မိုးဝင်း)


------------------------------------------------


"ABSDF တတိယညီလာခံတွင် အာဏာရူးတို့ ၏ လုပ်ရပ်များနှင့်မြောက်ပိုင်းလူသတ်မှု" (သန်းဝင်း)


ကိုကိုဦး ရေးသားခဲ့သော "ABSDF တတိယ ညီလာခံတွင်ဖြစ်ပျက်ခဲ့သောအာဏာရူးတို့၏လုပ်ရပ်များ" ကို သူ၏ ညီလာခံကော်မရှင်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် ရင်ဆိုင်ဖြေရှင်းသိခဲ့ရသော အဖြစ်အပျက်များကို အသေးစိပ် တင်ပြခဲ့သော လုပ်ရပ်များသည် တကယ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် အမှန်။ သမိုင်းရဲ့ဖြစ်ရပ်မှန်ဖြစ်ကြောင်း ထောက်ခံရေး သား တင်ပြအပ်ပါတယ်။


အဘယ်ကြောင့်ဆိုသော် ကျနော်ကိုယ်တိုင် ဒီသမိုင်းတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့လို့ဘဲဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို ပိုမိုမှန်ကန် ခိုင်မာစေဖို့ တရားဝင်မှတ်တမ်းများကို တင်ပြပေးသော ကိုစစ်အောင် ကို အထူးကျေးဇူးတင်ရှိပါတယ် ။ လေးစားပါတယ် ။


ကိုဝင်းမောင်က ကိုထွန်းအောင်ကျော်နှင့်ကိုကိုဦးကို ..ရေးတဲ့စာဖတ်ရတယ် ။ဒီကိစ္စမှာ ကိုဝင်းမောင် တော်တော် မှားနေပြီလို့ ယူဆတယ် ။ ကျနော်တို့က ABSDFကို ချီးထုပ်ဖြစ်အောင် လုပ်နေတာ မဟုတ်ဘူး ၊။ ABSDF ကို အာဏာရူးအစွန်းရောက်တစုက ချီးထုပ်ဖြစ်အောင်လုပ်ခဲ့တာကို အမှန်တရားကို ဖေါ်ထုတ်ကယ်တင်နေတာ ဖြစ်တယ်၊


ကျနော်တို့တော်လှန်တိုက်ပွဲဝင်တယ်ဆိုတာ ဒီလိုလုပ်ရပ်တွေကို မကြိုက်လို့ အာဏာရှင်တွေကို တော်လှန်လာတာဆိုတာကို မမေ့ပါနဲ့။တော်လှန်တဲ့အာဏာရှင်တွေလုပ်သလို ကိုယ်ကိုယ်တိုင်က လုပ်တယ်ဆိုရင် ဘယ်လောက်ထိ အကျည်းတန် အရုပ်ဆိုးသလဲ၊ဘယ်လောက်ပြည်သူလူထုရဲ့ အယုံအကြည်ကင်းမဲ့မလဲဆိုတာ ခင်ဗျားစဉ်းစားပါ၊


ကျနော်တို့ရဲ့ တော်လှန်ရေး ဘယ်လောက်ထိခိုက်နစ်နာသလဲ၊အမဲစက်စွန်း သလဲဆိုတာ ခင်ဗျားနားလည်ပါ။


တော်လှန်ရေးဆိုတာ ပြည်သူ အယုံအကြည်မဲ့ပြီဆိုရင် ဘယ်လိုဆက်လုပ် မလဲ ။ စဉ်းစားပါ။ ကျနော်တို့ လုပ်တဲ့ တော်လှန်ရေးဆိုတာ ပြည်သူအတွက် မဟုတ်ဘူးလား၊ဒီကိစ္စကြောင့် ဘယ်လောက် ထိခိုက်နစ်နာသလဲဆိုတာ စဉ်းစားပါ။


(၁) တိုင်းပြည် ၊ပြည်သူအတွက် ခံယူချက်ပြင်းစွာ ဘ၀ကို အရင်အနှီးပြု တိုက်ပွဲဝင် နေကြသူများကို နစ် နာစေတယ်။


( ၂ ) အပြစ်မဲ့စွာ ကိုယ်ကိုယ်တိုင်ညှင်းပမ်း ၊နှိပ်စက်ခံရပြီး စတေးခံသွားရသူတွေ အတွက် သိပ်နစ်နာလှ ပါတယ်၊တကယ်လို့ ခင်ဗျားကိုယ်တိုင် ဒီလိုနှိပ်စက်ခံရတာထဲမှာ ပါခဲ့မယ်ဆိုရင် ခင်ဗျားဘယ်လိုခံစားရမလဲ ဆိုတာ စဉ်းစားပါ၊ကိုယ်ချင်းစာစမ်းပါဗျာ ၊


ကိုဝင်းမောင်..ကျနော်မေးပါရစေ။ ခင်ဗျား ဘာအတွက်တော်လှန်ရေး လုပ်လာတာလဲ ? ၊ဒီမေးခွန်းကို ဖြေဖို့လိုအပ်တယ်နော်--။ ခင်ဗျားစာ အသွားအလာရ ပြုမူခံရသူဘက်ထက် ၊ပြုမူသူ ထိခိုက်မှာစိုးလို့ ကာကွယ်ရေးသလိုဖြစ်နေတယ်၊ခင်ဗျားဖြေရှင်းဘို့ လိုအပ်တယ်နော်၊ ကျနော်တို့ဟာ အား အားယားယားအဓိပ္ပါယ်မရှိလုပ်နေတယ်လို့ ခင်ဗျားမထင်ပါနဲ့၊


ကိုထွန်းအောင်ကျော်၊သန်းဝင်း ၊ကိုကိုဦး ဆိုတာ ABSDF စတင်တည်ထောင်ကတည်းက ဥက္ကဋ္ဌ ၊အတွင်းရေးမှူး ၊တွဲဘက်အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေပါ ၊ABSDFသမိုင်းမှာ ဘယ်သမိုင်းမဆို ခေါင်းဆောင်ပိုင်းမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ့ သူတွေဖြစ်တယ်။


ကျနော်တို့ဟာ စံတင်လောက်တဲ့ခေါင်းဆောင်ဖြစ်ချင်မှဖြစ်မယ် ။ ဒါပေမယ့်လို့ ခေါင်းရှောင် တဲ့ခေါင်းဆောင်တွေ မဟုတ်ဘူးဆိုတာ သမိုင်းကိုကြည့်ရင် ခင်ဗျားသိမှာပါ၊


ကျနော်တို့ဟာ တာဝန်ရှိ တယ်ထင်လို့ ဘာကြောင့်လုပ်ရတယ် ဆိုတာ ရှင်းပြမယ်၊


ကျနော်တို့ဟာABSDF ကို စတင်တည်ထောင်သူထဲ မှာ ခေါင်းဆောင်ပိုင်းမှာ တာဝန်ယူတည်ထောင်ခဲ့သူတွေဖြစ်တယ်။


ABSDF သမိုင်းရဲ့ဆိုးခြင်း ၊ကောင်းခြင်း ဟာကျနော် တို့မှာတာဝန်ရှိတယ်လို့ ကျနော်တို့ယူဆတယ်၊ABSDF ဟာ ၈၈၈၈ မျိုးဆက်မှပေါက်ဖွား လာတဲ့အစဉ်အလာကြီး တဲ့ တခုတည်းသော ကျောင်းသားတပ်မတော်ဖြစ်တယ်၊


ဒီတပ်မတော်အောက်မှာ တိုင်း ပြည်အတွက် မျှော်လင့် ချက် တခုကလွဲလို့ မိမိအတွက်ဘာကိုမှ မမျှော်လင့်ဘဲ ကျဆုံးသွားကြတဲ့ သူ ရဲကောင်းတွေ အများကြီး ရှိသလို၊မကျဆုံးသော်ငြား ပုံစံမျိုးစုံ။ ဒဏ်ရာပေါင်းများစွာဖြင့်ရှင်သန်ရပ် တည်နေကြသော သူရဲကောင်းတွေ လည်း အများကြီးဆိုတာ အားလုံးသိမှာပါ။


ဒါကြောင့် သူတို့ရဲ့ မွန်မြတ်တဲ့ စိတ် ဓါတ် ၊ဂုဏ်သိက္ခာ ၊မျှော်လင့် ချက်တွေကို ကာကွယ်ဘို့တာဝန်ရှိတယ်လို့ ယုံကြည်လို့ ဒီလိုလုပ်ရ တယ်ဆိုတာကို နားလည်စေချင်တယ်။ မိမိ တို့ အကျိုးအတွက် ဘာမှရှိမယ်လို့ ကျနော်တို့မထင်ပါ။ အမှန်တရား အတွက်တော့ အကျိုးရှိမယ်လို့ ကျနော် တို့ ထင်ပါတယ်၊


ကျောင်းသားတပ်မတော်ဆိုတာ ၁၉၂၀ ကစခဲ့ တဲ့ ကျောင်း သားတွေ ရပ်တည်ချက်အတိုင်း တသွေမတိမ်း ရပ်တည်တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ အစဉ်အလာကြီးသော တပ် မတော်ဖြစ်တယ်။ ၊ဒါကို အာဏာရူးတစု လုပ်ရပ်ကြောင့် အရုပ်ဆိုးအကျည်းတန် အမဲစက်စွန်း ခဲ့တာဟာ ABSDF ယုံကြည်ချက် လမ်းစဉ် မဟုတ်ဘူး ၊လုပ်ရပ် မဟုတ်ဘူး ၊လုံးဝဆန့်ကျင်ဘက်ဖြစ်တယ်။


ဒါကြောင့် ဒီကိစ္စမှာ တာဝန်ရှိတဲ့သူတွေ တာဝန်ယူဖြေရှင်းပါ ။မဖြေရှင်းဘူးဆိုရင်တော့ ဖြေရှင်းတဲ့အထိ နောက် မဆုတ်တမ်း တိုက်ပွဲဝင်သွားမှာဖြစ်တယ်၊ယုံကြည်လိုက်ပါ။


တရားဝင် အရေးယူဆောင်ရွက်ဘို့ဆိုတာ ကျနော်တို့နဲ့မဆိုင်ပါ ၊ပြုလုပ်သူနဲ့ ၊ပြုလုပ်ခံရသူနှင့်သာ သက်ဆိုင် ပါတယ်။အမှန်တရားဆို ဘာလဲ ဆိုတာ ဖြေရှင်းပေးကြပါ။


ကျနော်တို့ကတော့ မိမိတို့လူမျိုး ၊ မျိုးဆက် ၊ ABSDF ဂုဏ် သိက္ခာ အတွက် ပြည်သူရဲ့ နှလုံးသားတရားရုံးကို အပြီးတင်မှာ ဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါတယ် ။


တိုင်းပြည်၊လူမျိုး ၊ မျိုးဆက်ရဲ့ ဂုဏ်သိက္ခာကိုထိမ်းသိမ်းလိုသောဆန္ဒဖြင့်-


(သန်းဝင်း)


၈၈ မျိုးဆက်ကျောင်းသား


အထွေထွေအတွင်းရေးမှူး ( ၁၉၈၈ )ABSDF


(မှတ်ချက် ) အာဏာရူးတစုဟာ မြောက်ပိုင်းမှ အဖြစ်အပျက်အတိုင်း တောင်ပိုင်းမှာဖြစ်ဘို့ ကြိုးစားဖန်တီး ခဲ့ကြတယ် ၊ တချို့တော့ ကံနိမ့်စွာဖြင့် အရင်းနှီးပြုစတေးသွား ခဲ့ကြရတယ် ၊ဒါပေမဲ့ အားလုံး မအောင်မြင်ခဲ့ကြဘူး။ကိုလှဋ္ဌေးနဲ့တာဝန်ရှိသူအားလုံးဖြေရှင်းပါ။


---------------------------------


"ABSDF တတိယ ညီလာခံတွင် ဖြစ်ပျက်ခဲ့သော အာဏာရူးတို့၏ လုပ်ရပ်များ"(သို့) "MTZ ဗဟိုကော်မီဝင်တွေကို... NAဗဟိုက ဖမ်းမိန့်ထုတ်ခြင်း၊တတိယ ညီလာခံ အတွင်း နေ၀င်းအောင်ကိစ္စ၊မကဒတ နှစ်ခြမ်းစကွဲခြင်း”(သို့)"ပန်းနဲ့ပေါက်တာလောက်ပဲ ထင်တယ်...သူငယ်ချင်းတို့ရေ.."
(ဆလိုင်း ကိုကိုဦး)

စာဖတ်သူတွေကိုနားလည်ထားစေချင်ပါတယ်။ ကျနော်က လောလောဆယ် သူ့ ဖက် ကိုယ့်ဖက်ကိစ္စကို ဒီအထဲမှာ မရောထွေးစေချင်သေးဘူး။ သမိုင်းဆိုင်ရာ အချက်အလက်တစ်ချို့ကို ကျနော်တို့သက်ရှိထင်ရှားရှိနေစဉ်မှာ ရေးသား ဖေါ်ပြရမဲ့အချိန်ကိုရောက်လာပြီလို့ယူဆမိလို့ပါ။


ရေးသားတဲ့နေရာမှာ အဖြစ်အပျက်ကို အမှန်အတိုင်း အခြေခံပြီးရေးရရင် တစ်ချို့အသုံးအနှုန်းတွေက ရှောင်လို့မရပါ၊ အစားထိုးစရာ စကားလုံးလည်းရှာမတွေ့ပါ၊ တကယ်တန်းအုပ်စုနှစ်ခုလိုဖြစ်နေခဲ့တဲ့ ဖက်နှစ်ဖက်ကိုအခြေပြု ပြီး ရေးသားပြမှသာ အဖြစ်မှန်ကိုသိနိုင်မှာမို့ ခုလိုအသုံးအနှုန်းကိစ္စကို နားလည်ပေးစေချင်ပါတယ်၊


စာဖတ်သူတွေကိုနားလည်ထားစေချင်ပါတယ်၊ အများကြီးကို အသေးစိတ်ရေးဖို့ အချိန်မရသေးတာမို့ အရေးပါတဲ့သိထားသင့်တဲ့တယ်လို့ ယူဆတာလေးတွေ တချို့တော့ ပြောပြထားချင်တယ်၊


ဒီနေရာမှာတစ်ချို့သောသူတွေဟာ မြောက်ပိုင်းကိစ္စကို အုပ်စုတိုက် ပွဲ အသွင်ဖန်တီးလာတာတွေ့ရတော့ ဖက်တစ်ဖက်မှာ ရပ်ခဲ့ဘူးတဲ့သူတွေကို နည်းလမ်းပေါင်း စုံနဲ့တိုက်ခိုက်လာတာတွေ တွေ့လာရတယ်၊


နောက်တစ်ဖက်မှာ သမိုင်းဆိုင်ရာအချက် တစ်ချို့ကို မပျောက်မပျက်အောင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတွေက ပြောပြရမယ့် တာဝန် တွေလည်း ရှိနေပါတယ်။


ဒီနေရာမှာ ဖျောက်ဖျက်လို့မရတဲ့ အခိုင်အမာ တိတ်ခွေတွေ .. မကဒတရဲ့သုသေသနဌါန မှာ ရှိနေသေးတဲ့အတွက်တစ်ကြောင်း၊ အတူတူလုပ်ဆောင်ခဲ့ဘူးတဲ့ နှစ်ဖက်ဗဟို ကော် မီတီတွေကလည်း ရှိနေသေးတာမို့ ကျနော်ရေးသားချက်တွေကို ကျနော်ရေးချင်တိုင်း ရေးလို့မရဘူးဆိုတာ နားလည်တယ်၊ အဖြစ်မှန်ကို ကျနော်ကြုံခဲ့တဲ့ ထောင့်က ရေးခဲ့ရတာမို့ အားလုံးပြည့်စုံသည်ဟု လုံးဝ မဆိုလိုပါ ခင်ဗျား၊


”စစ်အစိုးရ(ရန်သူ)အလိုကျ ထုတ်ပြန်ကြေ ငြာချက်နဲ့အတူ ..MTZ ဗဟိုကော်မီဝင်တွေကို... NAဗဟိုက ဖမ်းမိန့်ထုတ်ခြင်း၊”(MTZ =မိုးသီးဇွန်။NA=နိုင်အောင်(ဒေါက်တာ))


တတိယအကြိမ်ညီလာခံကို နိုဝင်ဘာလ လကုန်ပိုင်းလောက်မှာ စတင်ခဲ့တယ် ထင်ပါတယ်၊ မကဒတ ဗဟိုကော်မီတီရဲ့သုသေနဌါနမှာတော့ ရက်အတိအကျရှိမှာပါ၊


ကျနော်ကစိတ်ထဲမှာ မှတ်ထားရတာမို့ နေ့ရက်အတိအကျ မဖေါ်ပြနိုင်တာကို နားလည်ပေးစေချင်ပါတယ်၊


ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ စွဲနေတာမို့ လုံးဝမမေ့သေးပါ၊ တတိယအကြိမ်ညီလာခံမှာ ဖက်နှစ်ဖက် ဖြစ်လာရပြီး ဗဟိုတစ်ခုစီဖြစ်လာရတဲ့အချိန်က ၁၉၉၁ခုနှစ်၊ စစ်ပူနေချိန် စက်တင်ဘာလလ ထဲမှာဖြစ်ပြီး၊ (မြောက်ပိုင်း)ကိုထွန်းအောင်ကျော်တို့ကို သတ်တဲ့အချိန်က ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့မှာဖြစ် ပါတယ်၊


ကိုနိုင်အောင် (ဗဟို) က မြောက်ပိုင်းABSDF ဟာ သူတို့နဲ့ပူးပေါင်းပြီး သူတို့ဗဟိုရဲ့ဦးဆောင် မှုကို ခံယူကြောင်း၊သူတို့ရဲ့ဗဟိုကော်မီတီစတင်ဖွဲ့စည်းတဲ့နေထုတ်ပြန်ကြေငြာချက်မှာပါခဲ့ပါတယ်၊ ပြီးတော့MTZ ဗဟိုဟာ ခွဲထွက်အဖွဲ့သာဖြစ်ပြီး၊ သူတို့ကိုပါ ဖမ်းဆီးပေးဖို့ သူတို့ DABကို တရားဝင်စာပို့ခဲ့ပါတယ်၊


MTZ ဗဟိုဟာ NAဗဟိုဖွဲ့ပြီး သုံးရက်လောက်ကြာပြီးမှဖွဲ့ဖြစ်ခဲ့တယ်၊ DAB ကနှစ်ဖွဲ့စလုံးကို DABအဖွဲ့ဝင်အဖြစ်လက်ခံခဲ့ပြီး ..မာနာပလောခမ်းမမှာ နှစ်ဖက်စလုံးက ခေါင်းဆောင်တွေရှေ့မှာ သဘောထားရှင်းလင်းပွဲကို DAB က လူကြီးတွေရှေ့မှာ ရှင်းလင်းပြောကြားခဲ့တယ်၊


သူတို့က နေ၀င်းအောင်နှင့်စိုးလင်းကိုပါ ထပ်ဖမ်းပြီး..MTZဖက်မှာရှိတဲ့ ဗဟိုကော်မီတီအားလုံးကိုပါ ဖမ်းမိန့်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို NA ဗဟိုကော်မီတီဖက်မှာ ချခဲ့တယ်၊


DAB က အဲဒီစာကို ကျနော်တို့ကိုပြပြီး အသိပေးခဲ့တယ်၊ ဒါဟာ ကျောင်းသားစိတ်ရှိသူတွေက ကျောင်းသားစစ်စစ်တွေ လုပ်ရပ်နဲ့မတူပဲ အာဏာရှင် ထောက်လှမ်းရေးတွေ လုပ်နေကြဖြစ်တဲ့ တန်ပြန်ထောက်လှမ်းရေး၊ချေမှုန်းရေးပုံစံဖြစ်နေမှန်း သတိပြုမိခဲ့တယ်၊


ပြီးတော့ ကိုအောင်ထူးရဲ့ Statement ထွက်လာခဲ့တယ်၊ မြောက်ပိုင်းကိစ္စ ကို၎င်းတို့ NAဗဟိုအနေနဲ့လုံးဝတာဝန်ယူပါတယ်လို့ ..စစ်အစိုးရ(ရန်သူ) အလိုကျ ထုတ်ပြန်ကြေ ငြာချက် ထွက်လာတဲ့အခါမှာတော့ ဒီကိစ္စဟာ မကဒတ (ABSDF)ကို စနစ်တကျဖြိုခွဲဖျက်ဆီး နေပြီဆိုတာ ရိပ်မိလိုက်တယ်၊


ကျနော်တို့ဗဟိုကော်မီဖက်က DABကို အမြန်ဆုံးဝင်ရောက် ဖြေရှင်းပေးဖို့ ကျနော်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး စာပေးပို့ခဲ့ပါတယ်၊


ပြီးတော့နိုင်ငံ တကာ သတင်းဌါနတွေသိအောင်English Statementထဲမှာ မြောက်ပိုင်းက ဂိုင်းဆန်ဆန်လုပ်ရပ် ကို လုံးဝရှုံ့ချကြောင်း ကျနော်ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး သတင်းဌါနတွေကိုပေးပို့ ခဲ့ရပါတယ်။


DAB ကလည်း သူတို့အခက်အခဲနဲ့သူတို့ ..ပြီးတော့ တပ်မ သုံးမလောက်ရှိတဲ့ ရန်သူ စစ်တပ်က မာနာပလောကို ရှင်းလင်းဖို့ လာနေပြီဖြစ်တဲ့အတွက် စစ်ပူနေရချိန်မှာ အဆိုပါ ကိစ္စကို ၀င်ရောက်ကူညီပေးနိုင်ခြင်း မရှိခဲ့ပါဘူး၊


သေချာတာတစ်ခုကတော့ NAဗဟိုဖွဲ့စည်းပြီးနောက် ဘယ်လိုညွန်ကြားချက်၊ဘယ်လိုအမိန့်ပေးခဲ့တယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခဲ့ သူတွေပြောမှပဲ သိရတော့မှာပဲ၊


တစ်ချို့က အပြင်းအထန်ကန့်ကွက် တဲ့ သူတွေ ရှိတယ်လို့ကြား သိထားခဲ့ရပါတယ်၊ ဘာဖြစ်လို့ ဒီလို အပြင်းအထန် ကန့်ကွက်တဲ့သူတွေ ရှိနေတဲ့ကြားက ဒီလောက်အထိ ရန်သူအလိုကျ ဖြစ်ခဲ့ရသလည်းဆိုတာ စဉ်းစားကြည့်ရင် ABSDF ဗဟိုဟာ အနုကြမ်းစီးခံလိုက်ရသလား?လို့ပါ စိတ်ထဲက ခံစားမိခဲ့ရပါတယ်၊


သဘောချင်းမတိုက်ဆိုင်လို့ ကွဲခဲ့ရတဲ့ ညီနောင် ရဲဘော်ရဲဘက်တွေအပေါ် ဖမ်းဆီးမိန့်ပေးပြီး မြောက်ပိုင်းမှာလုပ်သလိုမျိုး တောင်ပိုင်းမှာဖြစ်အောင်လုပ်ဖို့ သူတို့ကြိုးစားခဲ့လေသလား။ သံသယဖြစ်မိခဲ့တာ အမှန်ပါပဲ၊


ကွန်မြူနစ်တွေကြီးစိုးထားတယ်....တဲ့။


MTZဗဟိုမှာ ကွန်မြူနစ်တွေကြီးစိုးထားတယ်လို့ NGOs တွေကို သူတို့ပြောထားပြီး အကူအညီ မရအောင် သူတို့လုပ်ခဲ့ကြတယ်၊ ဒါကြောင့် အကူအညီတွေပြတ် မသွားခင် ပင်လယ်ပြင်ကိစ္စကို တာဝန်ယူဖို့ ကျနော်ကိုဗဟိုကော်မီတီကတာဝန်ပေးလို့ ထပ်စကဲဒေသမှာ ကျောင်းသားတပ်မတော်ရဲ့ကိုယ်ပိုင်စခန်း(သို့)လွတ်လပ်သောစခန်းတစ်ခု ဖြစ်အောင်လုပ်ယူခဲ့ရတယ်၊ အနီးအနားမှာရှိတဲ့ မဟာမိတ်တွေကို မိမိတို့ရပ်တည်ချက်ကို သဘော ပေါက်အောင် သူတို့လက်ခံလာအောင် လုပ်နိုင်ခဲ့လို့ ကျနော်တို့စခန်းမကျခင်အထိ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ခဲ့တယ်၊


တကယ်ဆိုရင် မိုးသီးဇွန်ရဲ့ကွန်မြူနစ်ဆန်ဆန်ပြုမူပြောဆိုမှုကနေ တော်လှန်ကော်မီတီကို နောက်ကွယ်ကနေ ကြိုးကိုင်မှုကနေ သူတို့ထိုးနှက်ခွင့်ရသွားကြတာပါ၊ တကယ်ဆိုရင်ကျနော် တို့ အများစုက ကွန်မြူနစ်များ မဟုတ်ကြသလို ကွန်မြုနစ်စနစ်က ယုံကြည်သူများကိုလည်း လေးစားနားလည်ကြသူတွေပါ၊


စစ်အာဏာစနစ်ကို တော်လှန်ရာမှာ မကဒတဟာ လူတန်းစားပေါင်းစုံ အယူအဆပေါင်းစုံရှိသူတွေကို မကဒတရဲ့ဖွဲ့စည်းပုံစည်းမျည်းအောက် မှာ ပါဝင့်ခွင့်ပေးထားပေမယ့် သူတို့ဟာ ဒီစည်းမျည်းဥပဒေတွေကိုဖေါက်ချက်ပြီး။NGOsတွေနဲ့ တိုက်ပေးတာဟာ ၊ သံသယဖြစ်လာစရာဖြစ်လာပြန်တယ်၊


ဘာဖြစ်လည်းဆိုတော့ စစ်အာဏာ ရှင်တွေဟာ ရှစ်လေးလုံးလူထုတော်လှန်ရေးကြီးကို ကွန်မြူနစ်လုပ်တာပါ လို့ကမ္ဘာကြီး ကို ၀ါဒဖြန့်ပြီး လူထုတော်လှန်ရေးကို မှေးမှိန်အောင်လုပ်ခဲ့ကြတာကိုအမြဲတန်း အမှတ်ရနေ လို့ပါ။ ဘာဖြစ်လို့ သူတို့လုပ်ရပ်တွေက အာဏာရှင်တွေ ၀ါဒဖြန့်နေတာနဲ့သွားတူနေပါသလဲ၊


”တတိယညီလာခံအတွင်း နေ၀င်းအောင်ကိစ္စ” ”နေ၀င်းအောင် ”


ပြည်တွင်းမှာ မိုးသီးဇွန်နဲ့သိခဲ့လို့ မိုးသီးလူ လို့ တော်တော်များများ ယူဆခဲ့ကြတယ်၊သူဟာ မာနာပလောကို ယူဂျီကိစ္စနဲ့ပထမဦးဆုံးရောက်လာခဲ့ပြီး သူလုပ်ဖေါ်ကိုင်ဖက်အတူ လာ ခဲ့သူတွေပြည်တွင်းကိုပြန်ဝင်လာခဲ့ကြတယ်၊ ကိုဗသက်အောင်နဲ့ကိုသန်းထွန်းတို့ဟာ နှင်းပုလဲဘူတာမှာ အဖမ်းခံခဲ့ရကြတယ်၊


ကိုနေ၀င်းအောင်ကတော့ ကံကောင်းစွာလွတ်သွားခဲ့ တယ်၊ နောက်တော့မှပြည်တွင်းမှာ နေလို့မရတော့ဘူး ဆိုပြီး နယ်စပ်ကိုပြန်ထွက်လာခဲ့တယ်၊


ဘယ်စခန်းသွားမလဲ စီစဉ်ကြတော့ သူဟာ သံလွင်စခန်းမှာအဖွဲ့ဝင်ဖြစ်လာခဲ့တယ်၊ သံလွင်စခန်းမှာ တတိယအကြိမ်ညီလာခံကို ကျင်းပတော့ မကဒတဖွဲ့စည်းပုံစည်းမျည်းအရ သူ့မှာညီလာခံကိုယ်စားလှယ်ဖြစ်ခွင့်မရှိသေးဘူး၊ညီလာခံကိုယ်စားလှယ်အများစုက လက်ခံရင်ဖြစ်ခွင့်ရှိတယ်ဆိုပြီးတော့ ညီလာခံသဘာပတိအဖွဲ့ကိုတင်ပေးလိုက်တော့ သူဟာ ညီလာခံကိုယ်စားလှယ်အများစုရဲ့ထောက်ခံမှုနဲ့ကိုယ်စားလှယ်ဖြစ် လာခဲ့တယ်၊


ညီလာခံကိုယ်စားလှယ်ဖြစ်လာပြီးတာနဲ့ နေ၀င်းအောင် အစွမ်းပြလာတာ တွေ့ ရ တယ်။ သူဟာအုပ်စုအားကောင်းတဲ့ NA ဖက်ကို လုံးဝကို ယိမ်းသွားပြီး အကြီးအကျယ်တိုက် ခိုက်မှုကို စလာတော့တယ်၊


.ချီးထုပ်..ဆိုတဲ့စကားလုံးကိုလည်း စတင်ပြောဆိုသုံးစွဲလာသူ လည်း ဖြစ်တယ် ။ ”မင်းတို့ကျောင်းသားတွေ အားလုံး ချီးထုပ်တွေပဲ ” ဆိုတာ မပြောယုံတမယ် .. သူ့ စကားလှလှလေးတွေနဲ့သွယ်ဝိုက်ပြောဆိုခဲ့တာကြားရတော့ သူအပြောင်းအလည်း မြန်ဆန် မှုကိုအံသြရပေမယ့် ၊ သူ့ ကို NAဖက်က ဖမ်းလိုက်တော့ သိပ်တော့ မအံ့သြမိတော့ဘူး၊


တစ်နေ့ Agenda တစ်ခုအပေါ်အခြေခံပြီး ဖက်နှစ်ဖက်လိုဖြစ်နေကြတဲ့ ညီလာခံထဲမှာအကြီးအကျယ်ငြင်း ခုံကြတော့ နေ၀င်းအောင်ကနေ ညီလာခံကိုယ်စားလှယ်အားလုံး ညီလာခံခန်းမ ထဲက တစ် ယောက်မှ မထွက်ရဘူး၊ ဆိုပြီး ညီလာခံကို လုံခြုံရေးယူထားကြတဲ့ ရဲဘော်တွေကို ညီလာခံ ကိုဝိုင်းထားဖို့နေ၀င်းအောင်သူ့သဘာပတိလုပ်ပိုင်ခွင့်ကိုအသုံးချပြီး အမိန့်ပေးခဲ့တယ်၊


ဒီကိစ္စ ကို၊ ကိုမျိုးသန့်(၂၀၈)က တော်တော်ကိုမကျေမနပ်ဖြစ်ပြီး သူ(၂၀၈)တပ်ရင်းကိုအခြေအနေကို အကြောင်းကြားပြီး အသင့်ရှိနေဖို့ အနီးမှာရှိနေတဲ့ ကေအင်ယူအရာရှိတစ်ဦးဆီက ဆက်သွယ်ရေး စက်နဲ့အကြောင်းကြားခဲ့တယ်၊


အဲဒီနေ့မှာ ဘာမှမဖြစ်လိုက်ပေမယ့် အတော့်ကို ဆိုးဝါးတဲ့အခြေ အနေမို့ ကျနော်ညီလာခံကော်မရှင်ဥက္ကဌအနေ့နဲ့ ကေအင်ယူဒုဥက္ကဌဖဒိုစောသန်းအောင်ဆီ သွားရောက်အကြောင်းခဲ့ရပါတယ်။


ဖဒိုစောသန်းအောင်က စစ်လည်းပူနေပြီမို့ ”မင်းတို့အားလုံးမာနာပလောကိုပြန်လာပြီးညီလာခံ ဆက်လုပ်ကြ”ဆိုတော့ ကျနော်တို့က ချက်ခြင်းပြန်ထွက်လာခဲ့ကြတယ်၊


ကချင်ကိစ္စကြေးနန်းဝင်လာတယ် နှစ်ဖက်မကွဲခင်ကလေးမှာဝင်လာတယ်၊ ညီလာခံကျင်းပနေစဉ်ကြေးနန်းအားလုံးကို စစ် ကော်မရှင်ကကိုင်တွယ်သလို လက်ရှိဗဟိုကော်မီတီကလည်း နောက်ထပ်ဗဟိုကော်မီတီ အထိတာဝန်ဆက်ရှိနေသေးတယ်၊


စစ်ကော်မရှင်မှာ ကိုမိုးသီး၊ ဒေါက်တာနိုင်အောင်၊ ကိုလှဌေး(ကချင်)၊ အထွေထွေအတွင်းရေးမှုးကိုကျော်ကျော်တို့ပါပါတယ်၊


ကိုမိုးသီးက ကြေနန်းပါအကြောင်းအရာတစ်ချို့ကိုပြောပြတယ်၊ကိုလှဌေးက ဒါဟာမြောက်ပိုင်းဗဟိုကော်မီ တီကိစ္စပဲဖြစ်တယ်၊မြောက်ပိုင်းဗဟိုကော်မီတီကပဲသီးခြားကိုင်တွယ်သွားမယ်လို့ပြောတယ်၊


ဒီကိစ္စကိုအခုညီလာခံမှာချက်ခြင်းဆွေးနွေးရန်မဖြစ်နိုင်သလို ဘာအချက်အလက်စစ်ဆေးတွေ့ ရှိချက်မရှိပဲနဲ့လည်း ဆွေးနွေးလို့မရသလို ဆုံးဖြတ်ချက်ကိုလည်း ချလို့လုံးဝမဖြစ်နိုင်ပါဘူး၊ ကော်မရှင်ဖွဲ့ပြီးအသေးစိတ်စုံစမ်းစစ်ဆေးရေးတွေလုပ်ရမှာမို့ ဒီကိစ္စရဲ့အတိမ်အနက်ကို ဘယ်ညီလာခံကိုယ်စားလှယ်ကမှာသိခွင့်မရလိုက်ဘူး၊


ညီလာခံဟာ မကဒတရဲ့မူဝါဒကိုအဓိကရေးဆွဲပြီး ပြီးခဲ့သောဗဟိုကော်မီက ချမှတ် လုပ် ဆောင်ချက်တွေအားလုံးကို ပြန်လည်းဆုံးဖြတ်အတည်ပြုရတာဖြစ်တယ်၊ အသစ်ဖြစ်လာတဲ့ ကိစ္စတွေကိုနောက်ဖြစ်လာမဲ့ဗဟိုကော်မီကသာ တာဝန်ယူသွားရမယ်လိုနားလည်ထား ကြပြီး သားမို့ ဘယ်သူကမှ စောဒကတက်ခဲ့ကြတာမတွေ့ဘူး။


အဲဒီအချိန်မှာသတ်ဖြတ်မှုလည်းမဖြစ်သေးတာမို့ အားလုံးက သာမန်စပိုင် တစ်ဦးစ-နှစ်ဦးစ မိထားတယ်လို့ပဲ ထင်ခဲ့ကြတယ်၊ အဲဒီအချိန်မှာ စိုးလင်းက တုန်လှုပ်နေသလိုတွေ့ရပေမဲ့ ကိုလှဌေးကတော့အပေါ်စီးကနေပြီး ကချင်ကိစ္စကိုပြောရေးဆိုခွင့်ရှိသူအနေနဲ့နေသူ အဖြစ်တွေ့ခဲ့ရတယ်၊ ကချင်ကျော်ကျော်ကတော့သိပ်မပြောလှဘူး၊


"မကဒတ နှစ်ခြမ်းစကွဲပြီ၊"


၁၉၉၁ခု၊စက်တင်ဘာလ(၃၀)


NA ညီလာခံကိုယ်စားလှယ် တော်တော်များများ မာနာပလောမှာဆက်လက်ကျင်းပမဲ့ညီလာခံ ကိုမလိုက်ဘူးလို့တင်းထားခဲ့ပေမဲ့ နောက်ဆုံး KNUရဲ့ဒေသဆိုင်ရာလုံခြုံရေးအမိန့်ကိုအား လုံးလိုက်နာပြီး မာနာပလောမှာညီလာခံဆက်လုပ်ကြတယ်၊ DAB ခေါင်းဆောင်တွေကလည်း ညီညွတ်ရေးကိုအတတ်နိုင်ဆုံးကြိုပမ်းပေးခဲ့သော်လည်းမအောင်မြင်ခဲ့၊ ညီလာခံအတွင်းအကြီး အကျယ်ငြင်းခုံကြပြီး ညီလာခံကိုဆက်လက်ကျင်းပရန်မဖြစ်နိုင်တော့အခြေအနေဖြစ်လာရပြီမို့ ညီလာခံကိုခေတ္တရပ်ဆိုင်းကြောင်းDABဥက္ကဌစာရေးသားအကြောင်းကြားခဲ့ပါတယ်၊သူတို့ဟာ ဒီအေဘီရဲ့လာရောက်ညှိနှိုင်းပေးမှုကိုလုံးဝမစောင့်ဆိုင်းတော့ပဲ ညီလာခံကို၎င်းတို့ဖါသာ ဖျက်သိမ်းပြီး ကော်မရှင်အသစ်ကိုဖွဲ့စည်းပြီး စိုးလင်း (ကချင်) ကို ဥက္ကဌလုပ်စေခဲ့ပြီး သူတို့ဟာသူတို့ညီလာခံဆက်လုပ်ခဲ့ကြတယ်။


နှစ်ဖွဲ့ကွဲတဲ့အချိန်မှာ ကိုအောင်ထူးက ကိုမိုးသီးဆီလာပြီး ကျနော်ကိုအထွေထွေအတွင်းရေး မှုးနေရာပေးပါ ကျနော်ကိုမိုးသီးတို့နဲ့တွဲလုပ်ပါမယ်လာပြောတယ်၊ မိုးသီးဘာပြောလိုက်လို့ မသိဘူး၊ ကိုအောင်ထူးပြန်လှည့်ထွက်သွားပြီး ကိုနိုင်အောင်ဖက်ကိုပါသွားတာပါပဲ၊ သူတို့ သံလွင်စခန်းကိုပြန်ပြီး သူတို့ဟာသူတို့ညီလာခံဆက်လုပ်ကြတယ်၊ကျနော်တို့ဖက်ကအစည်း အဝေးတစ်ခုကိုပြုလုပ်ပြီး ဗဟိုကော်မီတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ကြတယ်၊


မကဒတဥပဒေအရ နှစ်ဖက်စလုံးညီလာခံကိုယ်စားလှယ်မပြည့်တဲ့အတွက် ညီလာခံမမြောက်တော့ပါဘူး၊ ညီလာခံ ဖြစ်မြောက်ရေးကော်မရှင်ကိုညီလာခံကိုယ်စားလှယ်တွေကလည်းဖျက်ပိုင်ခွင့်မရှိတဲ့အတွက် ညီလာခံပျက်သွားတယ်လို့ပဲဆိုရမယ်၊ မျှမျှတတပြောရမယ်ဆိုရင်နှစ်ဖက်စလုံးကဗဟိုကော်မီ တီဟာ ညီလာခံကဖြစ်လာတဲ့ဗဟိုကော်မီတီမဟုတ်တော့ဘူး၊


သူတို့သံလွင်စခန်းမှာအစည်း အဝေးကိုဆက်ကျင်းပကြတယ်၊ ကိုဝင်းမင်း၊ကိုအောင်နိုင်ဦးတို့ကမကြာခင်သူတို့ကျင်းပနေတဲ့ အစည်းအဝေးခန်းထဲကလန်ထွက်လာတယ်၊အုပ်လိုက်ဝိုင်းကိုက်လိုက်ကြတယ်ထင်ပါတယ်၊ နောက်တော့သူတို့ကျနော်တို့ဗဟိုကော်မီတီမှာကော်မီတီဝင်တွေဖြစ်လာကြတယ်၊


တော်တော်ဒေါသထွက်ခဲ့ကြတာအမှန်ပဲ


ဗဟိုကော်မီတီတစ်ခုစီဖြစ်လာပြီး သီးခြားအုပ်ချုပ်မှုတွေဖြစ်လာကြပြီး တစ်လအကြာလောက် မှာ မကဒတမြောက်ပိုင်းမှာ ကျောင်းသားခေါင်းဆောင်ကိုထွန်းအောင်ကျော်အပါအ၀င် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသတင်းထွက်ပေါ်လာခဲ့တယ်၊ မိမိတို့ဗဟိုအနေနဲ့လုံးဝမသက် ဆိုင်သော်လည်းပဲ မကဒတတစ်ခုလုံးကိုရိုက်ချိုးခဲ့တဲ့ဖြစ်ရပ်မို့ မိမိတို့အားလုံးဝမ်းနည်းဒေါသ ဖြစ်ခဲ့ကြရတယ်၊


နိုင်ငံရေးအရအလံတော်အတွက် မကဒတရဲဘော်တိုင်းတွင်တာဝန်ရှိလာကြရသည်မို့ ဤကိစ္စကိုတာဝန်ခံလုပ်ဆောင်ခဲ့သူတွေကို စတင်ဖြစ်ကတည်းကပင် တော်တော်ဒေါ သထွက်ခဲ့ကြတာကို လူတိုင်းသိခဲ့ကြပါတယ်၊ ကျနော်တို့အားလုံးမကဒတကိုချစ်ခဲ့ကြတာ မဟုတ်ပါလား၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်ဖက်မှဖြစ်ခဲ့ဖြစ်ခဲ့ အလံတော်တစ်ခုတည်းအောက်မှာရှိနေကြတဲ့ ငါတို့အားလုံးနဲ့ဆိုင်တယ်၊ ဒါပေမဲ့အဓိကတာဝန်ရှိသူတွေကိုတော့လုံးဝဖေါ်ထုတ်အရေးယူ ရမယ်ဆိုတာဘယ်သူမှငြင်းလို့မရဘူး၊


မာနာပလောတိုက်ပွဲကိုလည်း အုပ်ချုပ်မှုတစ်ခုစီအဖြစ်တိုက်ပွဲဝင်ခဲ့ကြပေမဲ့ နှစ်ဖက်စလုံးမှ ရဲဘော်တွေအားလုံး မကဒတနိုင်ငံရေးဆုံးရှုံးမှုအတွက်ဝမ်းနည်းပက်လက်ဖြစ်ခဲ့ကြကိုလည်း တွေ့ခဲ့ရပါတယ်၊ ဒါဟာမြောက်ပိုင်းကိစ္စဖြစ်တယ်ဆိုပြီး ပြောနေလို့လည်း မကဒတရဲ့ဂုဏ်သိက္ခာ ထိခိုက်နေဦးမှာမို့ တာဝန်ရှိသူတွေကိုအရေးယူနိုင်ပါမှ ဒီဂုဏ်သိက္ခာတွေပြန်ဆယ်နိုင်မှာဖြစ် တယ်ဆိုတာကိုလည်းနားလည်ထားတာမို့ ကံယကံရှင်တွေရှိခိုက် သူတို့ဆန္ဒတွေကိုဝိုင်းဝန်း ပံ့ပိုးပေးရမယ်လို့လည်းနားလည်ထားပါတယ်၊ တစ်ချို့တစ်ချို့သောတိုက်ခိုက်မှုတွေ backfire လုပ်မဲ့ဟာတွေကိုလည်းကြိုတင်မြင်ပြီးသားမို့ ဒါတွေကိုဂရုစိုက်နေရင်သမိုင်းအမှန်ပျောက်သွား မဲ့ကိန်းရှိနေပါတယ်၊ ငါဟာငါ့အတွက်လုပ်နေတာမဟုတ်ဘူး၊ ဒီမိုကရေစီအရေးအတွက် လုပ်နေတာမို့ ငါကိုပုဂ္ဂိုလ်ရေးတိုက်ခိုက်လာရုံလောက်နဲ့ ငါနောက်ဆုတ်သွားခဲ့ရင် ကျဆုံးသွား ခဲ့တဲ့ မိမိတို့ညီအစ်ကိုရဲဘော်ရဲဖက်တွေအပေါ်မှာ ငါလုပ်ပေးနိုင်တာတွေစွန့်လိုက်လိုက်ရမှာပေါ့ ငါဘယ်တော့မှနောက်မဆုတ်ဘူး၊


တကယ်တော့ရီစရာမကောင်းဘူး၊ ရွံစရာကောင်းတယ်ပြောရမယ်၊ Ronald Aung Naing ကိုဥက္ကဌလေးဆိုပြီးဆက်ဆံနေကြတဲ့သူတွေကိုကျနော်မြင်နေရပါတယ်၊


သူ့ကိုဥက္ကဌလေး လို့ခေါ်နေကြတဲ့သူတွေကနေပြီး ကျနော်ကိုတိုက် ခိုက်လာတဲ့အတွက် အင်း..လောကကြီးမှာ လူသတ်သမားကိုကိုးကွယ်နေ တဲ့သူတွေလည်းရှိ နေပါသေးလားလို့ တရားကျမိပါရဲ့ဗျာ၊


ပုဂ္ဂိုလ်ရေးခင်မင်မှုကိုလူ့အခွင့်အရေးထက်ပိုမိုတန်ဖိုးထားသူတွေရဲ့ရပ်တည်မှုကိုမြင်လာရပြန်တော့လည်း နောက်ထပ်တရားကျရပြန်သေး၊ တစ်ခုတော့ပြောလိုက်ပါမယ် အမှန်တရား ကို ပြောဖို့အတွက် မတရားအသတ်ခံခဲ့သူတွေဝိညာဉ်တွေ ငါ့ကိုတွယ်ပတ်ရစ်နှောင်ထားသမျှ ငါ့အသက်ခန္ဒာရှိနေသေးသရွေ့ တိုက်ခိုက်မှုတွေအားလုံးကို ပန်းနဲ့ပေါက်တာလောက်ပဲ ထင်တယ်သူငယ်ချင်းတို့ရေ။


ကိုကိုဦး(၁၀၂)


-------------------------------------

(ABSDF တောင်ပိုင်းမှာ အတွင်းရေးမှုး မျိုးဝင်း ကိုယ်တိုင် ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရသော ကိုနေ၀င်းအောင်ရဲ့ ဖြေရှင်းချက် မူရင်းစာ)

စစ်ကော်မရှင်


မ.က.ဒ.တ (ဗဟို)


၁၉၉၆ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်


အကြောင်းအရာ။ ။ စစ်ကော်မရှင်၏ အမှားများကို ၀န်ခံပြင်ဆင်နိုင်ရန် အသိပေးခြင်း။


အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ဖေါ်ပြပါ အချက်အလက်များကို အသိပေးသည်။


၁။ ရဲဘော်နေ၀င်းအောင် (ကပ-၂၁၇။ ၂၀၉) သည် တပ်ရင်း (၂၀၉) သံလွင်စခန်း မကဒတ တပ်ဖွဲ့ဝင် တဦး ဖြစ်သည်။


၂။ မကဒတ ဗဟို၏ တာဝန်ပေးချက်အရ NCGUB ပြန်ကြားရေး ၀န်ကြီးဌါနတွင် ညွှန်ကြားရေးမှုးအဖြစ် ၁၉၉၁ ဖေဖေါ်ဝါရီလမှ ၁၉၉၁ စက်တင်ဘာလ အထိ တာဝန်ထမ်းခဲ့သည်။


၃။ မကဒတ တတိယအကြိမ် ညီလာခံမှ (၁၉၉၁)မှ မကဒတ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီရွေးချယ် တင်မြှောက်ခြင်းခံရသော ဗဟိုဦးဆောင် ကော်မတီဝင် တဦးဖြစ်သည်။


၎။ မကဒတ( မပ)၏ န၀တ သူသျှို ဖြစ်ကြောင်း အကြောင်းကြားစာအရ ကိုစိုးလင်း (မပ)ကို ဖမ်းဆီးရာတွင် ဗဟိုဦးဆောင်ကော်မတီ၏ တာဝန်ပေးမှုအရ မိမိကိုယ်တိုင် ဖမ်းဆီးခဲ့သည်။


၅။ ဗဟိုဦးဆောင်ကော်မတီ၏ တာဝန်ပေးချက်အရ ၁၉၉၁ အောက်တိုဘာလမှ ၁၉၉၂ ဧပြီလအထိ KNU တပ်မဟာ( ၆)နယ်မြေရှိ မကဒတ တပ်ရင်းများ ဖွဲ့စည်းရေး စည်းရုံးရေးတာဝန် တပ်မဟာ(၄)နယ်မြေ မကဒတ တပ်ရင်းများ ဖွဲ့စည်း စည်းရုံးရေးတာဝန် မာနယ်ပလော (ထီပါဝီကြိုး) ခံစစ်တွင်း စည်းရုံးရေးတာဝန် ပြည်တွင်း U.G လုပ်ငန်းအတွက် ဆက်သွယ်ဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့သည်။


၆။ ၁၉၉၂ ဧပြီ(၂၀)တွင် ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး (မာနယ်ပုလော) လုပ်နေစဉ် အစည်းအဝေးခန်းအတွင်း၌ အခြား C.E.C များ ရှေ့မှာပင် အတွင်းရေးမှုး(၂) လှဌေးက သေနတ်ထောက် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဖြေရှင်းခွင့် မေးမြန်းခွင့် လုံးဝမပြု ခေါင်းအ၀တ်စွပ်၍ သင်တန်းကျောင်း အချုပ်ပို့ချုပ်နှောင်ခဲ့သည်။


ရ။ ကျော်ကျော်(အပု-ကချင်)မှ ထိုစဉ်က ၀တ်ဆင်ထားသော မကဒတ ကျောင်းသားတပ်မတော် လက်မောင်း ရင်ဘတ် တံဆိပ်များကို ဒါးဖြင့် ဆွဲဖြဲ ဖြတ်ထုတ်ခဲ့သည်။


၈။ လှဌေး(ကချင်မှ ကိုယ်စားလှယ်)။ ကျော်ကျော်(အပု-ကချင်)။ ခင်မောင်ဆွေ(မိချမ်း) တို့ပါဝင်သော စစ်ကြောရေးအဖွဲ့ ဆိုသူတို့က မိမိကို သူသျှိုဖြစ်၍ စကရက ဖမ်းကြောင်းပြောသည်။ မိမိက မဟုတ်မှန်ကြောင်း အဖွဲ့အစည်းနှင့် တော်လှန်ရေး အကျိုးစီးပွားမထိခိုက် စေလိုကြောင်း မကဒတ တပ်ဖွဲ့ဝင် တဦးဖြစ်၍ အမှန်တရားကို လက်ခံဆောင်ရွက်မည် ဖြစ်ကြောင်း ပြောခဲ့သည်။


၉။ မိမိအား ညလုံးပေါက် စစ်မေး၍ နေ့ဖက်တွင်လည်း အိပ်မရအောင် ပြုခြင်း ထမင်းတနပ်နှင့် ရေ ၁ ဗူးသာ ပေးခြင်း စိတ်ဓါတ်ကျအောင် ပြုမူဆက်ဆံခြင်းများ ပြုလာခဲ့သည်။


၁၀။ ၁၉၉၂ ဧပြီ (၂၀)မှ မေ (၃)ရက်အထိ ကိုယ်ရေးဖြစ်စဉ်နှင့် လှုပ်ရှားမှုများ (ပြည်တွင်း။ တော်လှန်ရေးနယ်မြေ) ကို ညစဉ် ၈ နာရီမှ မနက် ၄ နာရီကျော်အထိ စစ်မေးကြသည်။ မိမိက န၀တ သူလျှို မဟုတ်ကြောင်း မကဒတ တာဝန်ကို ဆောင်ရွက်ရာတွင် နိုင်ငံရေးအတွေးအခေါ် မမှန်ခြင်း မကဒတ မူဝါဒအား ချိုးဖျက်ခြင်း လုပ်ဟန်မှားယွင်းခြင်း ကိုယ်ကျင့်တရားဖေါက်ပြန်ခြင်း လုံးဝမရှိကြောင်းကို အခိုင်အမာပြောခဲ့သည်။


၁၁။ သို့သော် စစ်ကြောရေး အဖွဲ့ ဆိုသူတို့က မေ (၄)ရက်နေ့မှ စကာ မိမိကို န၀တ သူလျှိုဖြစ် ကြောင်း ရိုက်နက် ညှင်းဆဲ၍ ၀န်ခံခိုင်းသည်။


(၁) အမည်ဝှက်


(၂) ကိုယ်ပိုင်အမှတ်


(၃) ရာထူး အဆင့်


(၄) တာဝန်


(၅) အဖွဲ့အစည်း အမည်- စသော မေးခွန်း (၅)ခု ကို သာ ထပ်တလဲလဲ မေးပြီး မေလ (၅)ရက်မှ (၁၃)ရက်အထိ ညလုံးပေါက် နေ့စဉ် ရိုက်နက် ညှင်းဆဲ ထိုးကြိတ် ကန်ကြောက် ခဲ့ကြသည်။ နေ့ဖက်တွင်မြေကျင်းထဲ၌ ချုပ်ပြီး အစားနှင့်ရေ မပေးပဲ ထားခဲ့သည်။


၁၂။ မိမိက မဟုတ်မှန် စွပ်စွဲ မှုကို လုံးဝငြင်းဆိုပြီး မကဒတ တပ်ဖွဲ့ဝင်တဦးရထိုက်သော ဖွဲစည်းပုံပါ အကာကွယ်ကို တောင်းဆိုသဖြင့် ထုတ်တွင် ကြိုးဆွဲ၍ ရိုက်နက် ကန် ထိုးကြိတ်ကြခြင်း ပလပ်စတစ်အိပ်ခေါင်းစွပ်ကာ စစ်ခြင်း သံချွန်ဖြင့် ထိုးဆွခြင်း ရေလောင်းရေနစ်၍ စစ်ခြင်း ညို့တကျည်းကို ဒုတ်ဖြင့်လှိမ့်ခြင်း စသည့် ညှင်းပမ်းနှိပ်စက်မှု မျိုးစုံကို နေ့ရောညပါ လူမဆန်စွာ ပြုခဲ့ ကြသည်။ အကြိမ်ကြိမ် သတိမေ့သွားသည် အထိ ညှင်းပမ်းခဲ့ကြသည်။


၁၃။ တဖန် လျှပ်စစ်မီးထိုး၍ စစ်ခြင်း လိင်အင်္ဂါအား အချိုရည်သုတ်၍ ကရင်နီ ပုရွတ်ဆိပ်များ ကိုက်ခိုင်းခြင်း တောက်တဲ့အား ကိုက်ခိုင်းခြင်း စအို၌ ဒုတ်ထိုး၍ စစ်ခြင်း အ၀တ်အစားမဲ့ထား၍ လိင်အင်္ဂါများကို ထိုးဆွ၍ နှိပ်စက်ညှင်းပမ်းခြင်း များပြုခဲ့သည်။


၁၄။ အတွင်းရေးမှုး မျိုးဝင်း လာရောက်ကြည့်ရှု့ စစ်ဆေးစဉ် မိမိက မိမိသည် သူလျှို မဟုတ် မကဒတ တပ်ဖွဲ့ဝင် ရဲဘော်တဦးဖြစ်ကြောင်း စစ်ကော်မရှင်အနေဖြင့် မှားယွင်းစွာ လုပ်ဆောင်နေပြီဖြစ်ကြောင်း မကဒတ တပ်ဖွဲ့ဝင် တဦးအနေဖြင့် မကဒတ ဖွဲ့စည်းပုံနှင့်အညီ ရသင့်သော ကာကွယ်စောင့်ရှောက်မှု ရထိုက်ကြောင်း ယခုပြုမူပုံမှာ လူ့အခွင့်အရေးနှင့် လူ့ ဂုဏ်သိက္ခာကို ထိခိုက်စေလှသည့် ညှင်းပန်းနှိပ်စက်မှုသက်သက်သာ ဖြစ်ကြောင်း တော်လှန်ရေး အကျိုးစီးပွားကို မထိခိုက်စေလိုကြောင်း တင်ပြခဲ့သည်။ သို့သော် မျိုးဝင်းက ပို၍ ရက်စက်ရိုင်းပြစွာ နေ့ရောညပါ ရိုက်နက်ညှဉ်းဆဲမှုများ ပြုကာ မရရအောင် ၀န်ခံခိုင်းစေခဲ့သည်။


၁၅။ တဖက်မှလဲ မိမိ၏ ဇနီးဖြစ်သူ ဒေါ်ရင်ရင်ဖူးအား ဖမ်းဆီးထားကြောင်း မိမိဝန်မခံလျှင် သူမ၏ လုံခြုံရေးကို တာဝန်မယူ သူမကိုပါ ညှဉ်းဆဲနှိပ်စက်မည် ဖြစ်ကြောင်း(မုဒိန်း ကျင့်မည် ဖြစ်ကြောင်း)လှဌေးနှင့် ကျော်ကျော်တို့က ပြောခဲ့သည်။ အထူးသဖြင့် မြောက်ပိုင်းမှ တိုက်ပိတ်မိန်းမ ခင်ဆွေဦး နန်းအောင်ထွေးကြည် နှင့် နို့လှန်ပြရသော ရဲမေလေး တဦး တို့၏ အဖြစ်ကို သာဓကပြကာ ခြိမ်းခြောက်ခဲ့ကြသည်။ အမျိုးသမီးတဦး၏ အော်ဟစ် ညှဉ်းညူသံများဖြင့်လည်း စိတ်ဓါတ်ကျအောင် ညှဉ်းပမ်းခဲ့သည်။


၁၆။ နှိပ်စက်ညှဉ်းပမ်းမှုများကို မိမိကိုယ် မိမိ မယုံကြည်နိုင်လောက်အောင် တောင်ခံကာ အမှန်အတိုင်းရပ်တည်ခဲ့သော်လည်း ငှက်ဖျားနှင့် ၀မ်းကိုက်ရောဂါ ထပ်ဆင့် ဖြစ်လာပြီး လက်ခြေ လုံးဝ မလှုပ်နိုင်သည့် အခြေအနေ ဖြစ်လာရာ န၀တ သူလျှို ဖြစ်ပါသည်ဟု စစ်ကော်မရှင် (စစ်ကြောရေးအဖွဲ့)၏ အလိုကျ ၀န်ခံခဲ့ရသည်။


၁၇။ အတွင်းရေးမှုး (၂) လှဌေး အရက်မူး၍ ရဲဘော်ငယ် တဥိးခေါ်လာကာ (တက္ကသိုလ်ဆရာ ရိုက်ဖူးတယ်ရှိအောင်ရိုက် ဟု ဆိုကာ ထိုးကြိတ်ရိုက်နက်ခိုင်း ဒါးဖြင့် ထိုးဆွခိုင်းခြင်း မြေကြီးကျင်း တူးခိုင်းပြီး သေနတ်ဖြင့် ချော်ပစ်ခြင်း။ မြေတွင် ကြိုးတုတ် ဒရွတ်ဆွဲ၍ ရိုက်ခြင်း များ ထပ်မံပြုခဲ့သည်။


၁၈။ ကျော်ကျော်( ဒု ဥက္ကဌ) ကိုအောင်ထူး၊ ဒေါက်တာမြင့်ချို၊ ကိုမောင်ဒီ စိုင်းမြင့်သူ(၂၀၉) ကိုမောင်မောင်ကြီး ကိုမောင်မောင်တိတ် မသက်သက်လွင် ကိုထွန်းမြတ်သူ တို့သည် သူလျှိုများ ဖြစ်ကြောင်း မိမိ၏ လူများ ဖြစ်ကြောင်း ရိုက်နက်ဝန်ခံခိုင်းခဲ့သည်။ မိမိမှ မဟုတ်ဟု ငြင်းပယ်ခဲ့သည်။ ၁၉။ ကိုဝင်းနိုင်ဦး ကိုကိုဦး ကိုနေမျိုး ကိုဌေးအောင်( ကုလားလေး) ကိုဌေးနိုင်( ABSDF -မိုးသီးဇွန် အဖွဲ့) တို့သည်လည်း သူလျှိုများဖြစ်ကြောင်း မိမိလူများ ဖြစ်ကြောင်း ရိုက်နက်ဝန်ခံ ခိုင်းခဲ့သည်။


၂၀။ မကဒတ တွင်းရှိ လုပ်သားကောလိပ် ကျောင်းသားများဖြစ်သော မောင်မောင်ကြီး သက်တင်ဦး လှဌေး မောင်မောင်ထွန်းနှင့် သိန်းထိုက်ဦး (R.I.T) ကိုအေးကို (လူ့ဘောင်သစ်) တို့သည်လည်း မိမိ၏ လူ (န၀တ သူလျှိုများ) ဖြစ်ကြောင်း ရိုက်နက်ပြီး ၀န်ခံခိုင်းခဲ့သည်။ မိမိက မဟုတ်သည့် အတွက် ၀န်မခံ ငြင်းပယ်ခဲ့သည်။


၂၁။ တဖန် တပ်ရင်း (၂၀၉)မှ မိမိရဲဘော်များ ဖြစ်သော ကိုအောင်နိုင် ကိုတင်အောင်ဝင်း ကိုမင်းသိမ်းကို ဥာဏ်ထွန်း ကိုတင်မျိုး ကိုအောင်သူ တို့သည် မိမိလက်အောက်ခံ သူလျှို များဖြစ်ကြောင်း ရိုက်နက် ၍ ၀န်ခံခိုင်းသည်။




၂၂။ အထူးသဖြင့် မိမိကျမ်းမာရေး (၀မ်းကိုက်။ ခြေလက်သေ)စဉ် စစ်မေးသော ကိုအောင်သူ။ ကိုဌေးနိုင်တို့သည် န၀တ သူလျှိုများ ဟု ဆိုကာ အပြင်းအထန် နှိပ်စက်၍ ပြောခိုင်း ၀န်ခံခိုင်းသဖြင့် ၀န်ခံခဲ့ရသည်။


၂၃။ မိမိ၏ ၀န်ခံချက်ကို စစ်ကြောရေး အဖွဲ့၏ စိတ်တိုင်းကျ ရေးသား၍ လက်မှတ်ထိုး ၀န်ခံပေးခဲ့ ရသည်။


၂၄။ မကဒတ ဗဟိုစစ်ကော်မရှင် စစ်ကြောရေးအဖွဲ့ ဆိုသူတို့၏ စစ်ဆေးပုံမှာ နိမိတ်ပြ မေးခွန်းများဖြင့် လိုချင် ဖြစ်စေချင်သည်ကို ရိုက်နက် ညှဉ်းဆဲကာ ၀န်ခံခိုင်းခြင်းပင် ဖြစ်သည်။ မိမိ၏ လူသား ဂုဏ်သိက္ခာ အခွင့်အရေးကို ရက်စက်စွာ ချိုးဖျက်ယုံ သာမက မိမိတပ်ရင်း (၂၀၉)၏ ဂုဏ်သိက္ခာ ဇနီး မိဘ၊ ဆွေမျိုး တို့၏ ဂုဏ်သိက္ခာ ကိုပါ ထိခိုက်စေရန် ” စိတ်ဓါတ်ကို ရိုက်ချိုး ပစ်ရမည်” ဟု အတွင်းရေးမှုး မျိုးဝင်း(ထားဝယ်) တွင်း(၂)လှဌေး(ကချင်) တို့က ညွှန်ကြား လုပ်ဆောင်ခဲ့ကြသည်။


၂၅။ ပြောစေလိုသော စကားများကို ကြိုတင် သိစေ၍ ပြောခိုင်းပြီး ဗွီဒီယိုရိုက်ကူးကာ ပြစ်ဒါဏ်မချ တရားမစီရင်မီကပင် ၀ါဒဖြန့် ခဲ့သည်။


၂၆။ ရေးစေလိုသော အချက်အလက်များကို ရေးခိုင်းပြီး ဒေါင်းအိုးဝေ စာစောင်၌ ထည့်သွင်းကာ ပြစ်ဒါဏ်မချ တရားမစီရင်မီကပင် ၀ါဒဖြန့် ခဲ့သည်။


၂၇။ မဟာမိတ်ခေါင်းဆောင်ကြီးများ N.G.O များ ရှေ့တွင် ၀န်ခံရန် ခြိမ်းခြောက်ခိုင်းပြီး ဗွီဒီယို ရိုက်ယူကာ ၀ါဒဖြန့်ခဲ့သည်။


၂၈။ ဗွီဒီယိုရိုက် စာရေး ၀န်ခံပြောကြားခိုင်းရာတွင် စိတ်တိုင်းမကျလျှင် အမူအရာပျက်လျှင် စကားလုံးမှားလျှင်ပင် ထပ်မံရိုက်နက်ညှဉ်းဆဲခြင်း အစားနှင့် ရေဖြတ်ပြီး ခြိမ်းခြောက်ခြင်းများ ပြုခဲ့ကြသည်။


၂၉။ မကဒတ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်စွာ လူ့အခွင့်အရေး တပ်ဖွဲ့ဝင် အခွင့်အရေးများကို လုံးဝ လျစ်လျူရှု၍ ရိုပ်ပိုင်း စိတ်ပိုင်း အမျိုးမျိုး လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်ပြီး ၁ နှစ်ကျော် ချုပ်နှောင်ထားစဉ် တရားမျှတစွာ ခုခံချေပခွင့် စစ်ကော်မရှင်တွင် မပါသော C.E.C/CC များနှင့် တွေ့ခွင့် လုံးဝ မပြုခဲ့ အတွင်းရေးမှုး မျိုးဝင်းနှင့် လှဌေး မှ ” ဒီကောင်တွေ လင်မယားက လူချစ်လူခင် များတယ် ပေးတွေ့ပေးရင် ငါတို့ဖက် သေနတ်ပြောင်း လှည့်လာမယ်” ဟုပင် ထုတ်ပြော ခဲ့သည်။


၃၀။ မိမိက တောင်းဆိုခဲ့သော C.E.C ဒေါက်တာမြင့်ချို ၊တပ်ရင်း(၂၀၉) ဥက္ကဌ ကိုစိုင်းမြင့်သူ ၊ တပ်ရင်းမှုး ကိုသိန်းဆန်း ၊ ဒုရင်းမှုး ကိုမောင်ဦးတို့ နှင့်လည်း လုံးဝ တွေ့ခွင့် မပြုခဲ့ပဲ တောင်းဆို၍ ရိုက်နက်မှုနှင့် ထိုသူများသည် မိမိလူများ ဟုတ်/မဟုတ် ဟူသည့် ညှဉ်းဆဲ နှိပ်စက် ၀န်ခံခိုင်းမှု သာရခဲ့သည်။ ၃၁။ ရုံးတင်စစ်ရာတွင်လည်း ကြိုတင် အသိပေးခြင်း လုံးဝမရှိဘဲ ရုံးမထုတ်ခင် တရက်အလို၌ ဥက္ကဌ နိုင်အောင် (လက်ရှိ FDB အဖွဲ့၏ အထွေထွေအတွင်းရေးမှူး၊)( ဟစ်တိုင်က ယခုလက်ရှိ ရာထူးကို ဖြည့်စွက်ထားပါသည်။) ရောက်လာကာ “ရုံးတင်မည် ပြောခိုင်းထားသည့် အတိုင်း မပြောဘဲ ရုတ်ရုတ်ရက်ရက်လုပ်လျှင် ခုံရုံး ဖျက်၍ နှိပ်စက်ကာ သတ်မည် အလောင်းပင် လူစဉ်မမှီဖြစ်စေမည် ဟု ခြိမ်းခြောက်ပြီး နောက်နေ့ ရုံးထုတ်ခဲ့သည်။


၃၂။ မကဒတ ဖွဲ့စည်းပုံ ဥပဒေနှင့် မညီ တရားဥပဒေနှင့် မညီသော တရားစီရင်ရေး အဖွဲ့ တရားစီရင်ရေး နည်းလမ်း အချိန်တိုအတွင်း လုံးဝ ခုခံချေပခွင့် အကာကွယ်ရယူခွင့် မပြုဘဲ တဖက်သတ် စစ်ဆေးကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ချခဲ့သည်။


၃၃။ သို့သော် အပြစ်မချခင် ကပင် အလုပ်ကြမ်း အမျိုးမျိုး ကို ခိုင်းစေခြင်း အစာ ရေ ဖြတ်၍ မြေတိုက် ခွေးအိမ် အချုပ်များဖြင့် ကြပ်တည်းစွာ ချုပ်နှောင် ညှဉ်းပမ်း အပြစ်ပေးခဲ့ပြီး ဖြစ်နေသည်။


၃၄။ ညီလာခံများ (အရေးပေါ်/စတုတ္ထညီလာခံ) အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အယူခံခွင့် ဖြေရှင်းတင်ပြခွင့် ပြစ်ဒဏ်လျှော့ခြင်းများ လုံးဝမပြုဘဲ ၃နှစ်နှင့် ၈ လကျော် ချုပ်နှောင်ထားရာတွင် လူသားတယောက် သုံးပန်းတဦး အဖြစ်ပင် မဆက်ဆံ ခိုင်းစေ ဥာဉ်းဆဲခြင်း ဂုဏ်သိက္ခာ ချိုးဖဲ့ ဖျက်ဆီးခြင်းများပြုခဲ့သည်။


၃၅။ ဇနီး ဒေါ်ရင်ရင်ဖူးအား အများအမြင် (တပ်တွင်းနှင့် N.G.O) ကောင်းစေရန်သာ တွေ့စေပြီး အမျိုးမျိုး ဂုဏ်သိက္ခာ ထိပါးစေရန် ထိုးနှက်ခဲ့သည်။ ပေးပို့သော အစားအစာ အသုံးအဆောင်များကိုလဲ (မဆလ)န၀တ အကျဉ်းထောင်များထက် ဆိုးဝါး ယုတ်မာစွာ ဖြတ်စား လပ်စားလုပ်ခဲ့ကြသည်။


၃၆။ ၃ နှစ် ၈ လကျော် ချုပ်နှောင်ထားရာတွင် တနေရာထဲ၌ မဟုတ်ပဲ (၇)နေရာ (ထိုင်း နယ်မြေ အပါအ၀င်)ချုပ်နှောင်ခဲ့ရာ မိမိမှ အမှန်တရားနှင့် သမိုင်းမှန်ကို ယုံကြည်၍ ထွက်ပြေးခြင်း မပြုဘဲ ရင်ဆိုင်နေခဲ့သည်။ သို့သော် ပြောင်းရွေ့ ချုပ်နှောင်ရန်နှင့် ပြောင်းရွေ့စဉ် ထွက်ပြေး၍ ပစ်သတ်လိုက်ရ ဟူသည့် စီမံဆောင်ရွက်မှုမျိုး လုပ်ဆောင်လာသည်ကို တွေ့ရသည်။ မကဒတ အဖွဲ့အစည်းကို ယုံကြည်သော်လည်း စစ်ကော်မရှင် အတွင်း၌ မူမမှန်မှုများ ရှိနေသည်ကို တိကျစွာ (အထောက်အထား) နှင့်တကွ သိလာခဲ့သည်။ မကဒတ တော်လှန်ရေး အကျိုးစီးပွားကို ဖျက်ဆီးနေပြီး အဆုံးသတ်ပြိုကွဲသည် အထိ(သမိုင်းနှင့်ချီ၍) လုပ်ဆောင်သွားမည့် န၀တ သူလျှို အစစ်အမှန်များ ရှိနေကြောင်း အခိုင်အမာ သိရှိသည်ကို ဖော်ထုတ်ပြနိုင်ရန် ၂၄.၁၁.၉၅ တွင် အချုပ်မှ ခိုးဖေါက် ထွက်မြောက်ခဲ့သည်။ အချုပ်အားဖြင့် အသိပေးလိုသည်မှာ


(က) မိမိသည် စစ်မှန်သော မကဒတ တပ်ဖွဲ့ဝင် ရဲဘော်တဦးဖြစ်သည်ဟု ယနေ့တိုင် ခံယူထားသည်။


(ခ) စစ်ကော်မရှင်သည် မကဒတ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ဆန့်ကျင်စွာ တော်လှန်ရေး ထိခိုက် နစ်နာစေသည့် ပုဂ္ဂိုလ်ရေး အမှား အတွေးအခေါ်အမှား လုပ်ဟန်မှားများကို ပြုခဲ့သည်။


(ဂ) စစ်ကော်မရှင်၏ မှားယွင်းမှုသည် န၀တ၏ အလိုကျ ဖြစ်နေယုံမက သန့်စင်မွန်မြတ်သော မကဒတ ၏ သမိုင်းဂုဏ်ရောင်ကို အမဲကွက် စွန်းစေသည်။


(ဃ) စစ်ကော်မရှင်သည် လူ့အခွင့်အရေး ၊ လူ့ဂုဏ်သိက္ခာကို အခြေခံမှ ဖေါက်ဖျက်ကာ ညဉ်းပမ်း နှိပ်စက် သတ်ဖြတ်မှု များစွာ ပြုခဲ့သည်။


(င) မကဒတ ခေါင်းဆောင်မှုပိုင်းတွင် မူမမှန်မှုများ ရှိနေပြီး စစ်အုပ်စု န၀တ သူလျှို အစစ်အမှန် တို့၏ ထိုးဖေါက် ချုပ်ကိုင် လှုပ်ရှားမှုများ ဧကန်ရှိနေသည်။


(စ) မကဒတ တွင်း မမှန်မကန် မတရားမှုများကို ဖြစ်ပေါ်စေပြီး တော်လှန်ရေး လမ်းကြောင်းမှ သွေဖီစေရန် မတည်မငြိမ်ဖြစ် ပြိုကွဲ အမြစ်ပြုတ်စေရန် လုပ်ဆောင်နေသူတို့ အကာကွယ်ကောင်း အုပ်စုကောင်း ဖြင့် စနစ်တကျ ရှိနေသည်။ ကို အသိပေးပါသည်။


မိမိ အနေဖြင့် အမှန်တရားနှင့် သမိုင်းကို လုံးဝ ယုံကြည်သည်။ မိမိတဦးတည်း အကျိုးစီးပွားထိခိုက် ဘ၀ကျိုးကြေခဲ့မှု့ကို ဖြေသိမ့်နိုင်သည်။ ဤသို့သော စစ်ကော်မရှင်၏ မှားယွင်း ကျူးလွန် ဆောင်ရွက်မှုများသည် မွန်မြတ်သော အစဉ်အလာ ရှိသည့် မကဒတ အဖွဲ့အစည်းတွင် တာဝန်မရှိဘဲ မိုက်မဲညံ့ဖျင်းစွာ ဆောင်ရွက်ခဲ့သော ခေါင်းဆောင်မှု အပိုင်းနှင့် စနစ်တကျယုတ်မာစွာ စီစဉ် ဆောက်ရွက်ခဲ့သော ပုန်းကွယ်နေသည့် န၀တ သူလျှိုစစ်စစ်များ၌သာ တာဝန်ရှိသည်ဟု သတ်မှတ်သည်။


သို့ဖြစ်ရာ လက်ရှိ မကဒတ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် မှားယွင်း ဆောင်ရွက်ခဲ့မှုများကို စုံစမ်းလေ့လာ ဖေါ်ထုတ် ၀န်ခံကာ မကဒတတွင်း မူမမှန်မှု့ ရှိနေခြင်းကို ပူးပေါင်း ဖေါ်ထုတ် ဆောင်ရွက်ခြင်းဖြင့် မကဒတ၏ မွန်မြတ်သည့် သမိုင်းစဉ်၌ စွန်းထင်းစေသည့် အမဲကွက် များကို ဖျက်နိုင်ရန် တော်လှန်ရေး ခရီး မှန်ကန်ခိုင်မာ လုံခြုံစွာ ဆက်နိုင်ရန အသိပေးပါသည်။


– မိမိအနေဖြင့် မကဒတ ရဲဘော်တဦး အဖြစ် ခံယူ၍ ပူးပေါင်း ဆောင်ရွက်ရန် ရှိကြောင်း


နေ၀င်းအောင်


မ-က-ဒ-တ


မိတ္တူ


-လုပ်သားကောလိပ် ကျောင်းသားများ။


-မ-က-ဒ-တ (ရုံးခွဲများ) -လက်ခံ။