29 May 2012

သို့- ညီမလေး နန်းအောင်ထွေးကြည် ” (ကိုထင်ကျော်ထက်) အမှတ်တရ ကဏ္ဍ

 ”သို့- ညီမလေး နန်းအောင်ထွေးကြည် ”(ကိုထင်ကျော်ထက်) march10,12

သို့ -
ညီမလေး နန်းအောင်ထွေးကြည်-

အကို ဟာ ကိုထိန်လင်းတို့ ...အောင်မိုးဝင်း တို. ... ရေးကြသားကြတာတွေ ဖတ်ရမှ ဂဃနဏ သိခဲ့ရတာ မှန်ပေမယ့် ...အကိုတို့ အနေနဲ့  ကိုယ်တိုင်လည်း တောထဲ ဖြတ်လာခဲ့ဖူးသူ ဆိုတော့ ..တောစကား -တောရောက် ၊ တောင်စကား -တောင်ပျောက် ...ဆိုတဲ့ မြန်မာစကားပုံကိုတောင် ပြင်ရ ကောင်းမလား..တွေးနေမိပါတယ်။

ဆိုလိုချင်တာက တောထဲမှာ ကတည်းက ဒီပြဿနာရဲ့ အရင်းအမြစ်တွေ တော်တော်များများကို ခုလောက် မသိခဲ့ရပေမယ့်.. "ဒါတွေဟာ တကယ်ဖြစ်ခဲ့တယ် ။ တကယ်လည်း တရားလက်လွတ် လုပ်ခဲ့ကြတယ် ။ နောက်ပြီး စတေးခံလိုက်ရတဲ့သူတွေဟာလည်း ကျောင်းသားစစ်စစ် ခွပ်ဒေါင်း မှ ဖြစ်ဖြစ် မြည်နေသူတွေ" ဆိုတာ အဲ့ဒီအချိန်ကတည်းက သတင်းတွေကို တောထဲမှာပဲ ကြားသိခဲ့ရလို့  ..တောစကားလည်း တောထဲပေမယ့် ...တောထဲမှာရော -တောင်ပေါ်မှာပါ -မပျောက်ခဲ့ကြပါဘူး။

မြို.ပေါ်ရောက်တဲ့အထိ မမေ့ကြဘူးလို့တောင် ပြောရတော့မှာပေါ့။ ဒါပေမယ့် ညီမလေးက အစ ထွက်ပြေးလွတ်မြောက်လာသူများ အပါအဝင် ကျဆုံးကုန်ကြသူ အပေါင်းနဲ့.. ဝေလာဝေး ....တယောက်ယောက်နဲ့ မှ... တခါဘူးမျှ ..အခု ဒီစာကို ရေးနေချိန်အထိ မတွေ့ မဆုံ .. မကြုံခဲ့ရဖူးပါ။ အကို့ လို တောထဲကို ဖြတ်သန်းခဲ့ဖူးသူမှ မဟုတ် ။ ဒီအဖြစ်အပျက်တွေအကြောင်း ခုမှ သိခွင့် ရတဲ့သူ အားလုံးဟာလည်း ညီမလေးတို့ နဲ့  ထပ်တူ၊ မိသားစုတွေနဲ့ ထပ်တူ ကာယကံ ရှင်တွေနဲ့ ထပ်တူ ၊ မျှဝေခံစားနေကြပါကြောင်းကိုလည်း ညီမလေးနဲ့တကွ လိုင်စင်ပြန် အားလုံးကို အသိပေးပါရစေ။

ခု ဒီကိစ္စတွေ မပေါ်လာခင်... လွန်ခဲ့တဲ့ ၂ နှစ်လောက်က အောင်မိုးဝင်း ထံမှာ နိုင်အောင် နှစ်ညအိပ် လာရောက် တည်းခိုသွားကြောင်း၊ အောင်မိုးဝင်းက..” မြောက်ပိုင်းနဲ့  ပတ်သက်တာတွေအတွက် ဝန်ချတောင်းပန်သင့်သူတွေက တောင်းပန်သင့်ချိန်တန်ပြီဖြစ်ကြောင်းနဲ့  အကယ်၍ ဒီပြဿနာအတွက် အဲ့ဒီနည်းနဲ့မှ မလုပ်ကြရင် ထိပ်တိုက် ရင်ဆိုင်မှုတွေနဲ့  ကြုံတွေ.ကြရင် မကောင်းဘူး ”လို့ သူက သတိပေးလိုက်ကြောင်း နဲ့ 
သူ့ လက်ထဲမှာရှိနေတဲ့ အထောက်အထား အချို့ ကိုလည်း နိုင်အောင့်ကို ထုတ်ပြလိုက်ကြောင်းတွေကို နိုင်အောင် သူ့ အိမ်က ပြန်သွားပြီး.. နောက်တနေ့ မှာ အကိုနဲ့  အောင်မိုးဝင်း ဖုန်းဆက်တဲ့အခါ ပြောပြလို့ သိခဲ့ ရပါတယ်။


(ကိုအောင်မိုးဝင်း)

အောင်မိုးဝင်းက ထုတ်မပြောခဲ့ပေမယ့် ”နိုင်အောင် ဘာကြောင့် အောင်မိုးဝင်းဆီကို တကူးတက လာတွေ့ တာလဲ ” ဆိုတာကိုတော့ အကို့ အနေနဲ့ မစဉ်းစားဘဲ မနေနိုင်ဖြစ်ခဲ့ရပါတယ်။
အောင်မိုးဝင်းက ဒီအကြောင်းတွေကို ဖေါ်တော့မယ်ဆိုတာ အချဉ်မဟုတ်တဲ့ နိုင်အောင်လည်း မသိဘဲ ဘယ်နေမလဲလို့ တွေးကြည့်မိတာပေါ့၊
ဒါကြောင့် အဆက်အစပ် မရှိတဲ့ အောင်မိုးဝင်း အိမ်ကို တကူးတက လာပြီး စကားပြောတာ၊ အောင်မိုးဝင်း ဆီက တခုခု ရချင်လို့  ဆိုတာ ရှင်းနေတာပေါ့။

နိုင်အောင်ဟာ အောင်မိုးဝင်း ဆီ ၂ ည သွားအိပ်တာ တန်ခဲ့ပါတယ်။ အောင်မိုးဝင်းဆီက ပြန်ကတည်းက သူ့ အနေနဲ့ ဘာလုပ်ရတော့မယ်ဆိုတာ တခြားလူတွေသာ မသိရင် နေမယ် ၊ သူက အဲ့ဒီ ကတည်းက ကြိုတင်ပြင်ဆင်ထားတာကို အထောက်အထားတွေအရ သိလာရပါပြီ။


ကိုထိန်လင်းရဲ့ ထုတ်ဖေါ်ရေးသားမှုနဲ့ မရှေးမနှောင်းမှာပဲ ၊ အောင်မိုးဝင်းရဲ့ တင်ပြမှုတွေဟာ တိုက်ဆိုင်မှုတော့ မဟုတ်လောက်ဘူး ဆိုတာရယ် ...။ ညီမလေးကိုယ်တိုင် ရေးသားတဲ့ စိမ်ခေါ်လိုက်တဲ့ ကဗျာတွေဟာ ရယ် ....ဆက်တိုက် ဆိုသလို အကိုတို့ ဖတ်လိုက်ကြရပါတယ်။ တချိန်ထဲမှာ ခုလို အောင့်အီး စောင့်စည်း လာခဲ့ကြတာဟာ ”မိခင် ကျောင်းသားတပ်မတော်ကြီးရဲ့ ဂုဏ်သိက္ခ္ခာနဲ့ တိုင်းပြည်ထဲမှာ ရှိနေကြတဲ့ အခြေအနေတွေကြောင့် ”လို့  ညီမလေးတို့ က ဆိုကြပါတယ်။ နောက်ပြီး ခုချိန်အထိ ညီမလေးနဲ့  တကွ နှိပ်စက်ခံလာခဲ့ကြသူ တချို့ ပြောတဲ့ အသံတွေလည်း ကြားနေရတယ်၊ ။ ”ကျွန်တော် ကျွှန်မတို.သည် ယ္ခုဖြစ်ရပ်မှန်ကို ပြည်သူလူထုအား ချပြ အသိပေးခြင်းကြောင့် ကျွန်တော်ကျွန်မတို့ ကို ထောက်လှမ်းရေး မဟုတ်ကြောင်း အသိအမှတ်ပြုပေးကြပါ၊”
ဒါပဲလား?
ရုပ်ရှင်မဟုတ်တဲ့ ဒီဖြစ်ရပ်မှန် ဇာတ်လမ်းက၊ ဇာတ်သိမ်းသောအခါ ...လူဆိုးကြီး နိုင်အောင် အပါအဝင် လူကြမ်းအားလုံးနှင့် သေခဲ့ကြသူတွေရော... ဖွတ်ဖွတ်ညက်ညက် ကြေခဲ့ကြသော ကျွန်တော်/မ တို့တတွေသည်ပါ... ယခုအခါ တိုင်းပြည်ကြီး ပြန်လည် ထူထောင်ရန် ချစ်ကြည်စည်းလုံးစွာ ... ဘလာ...ဘလာ... ဘလာ ....ဘလာ .......၊။


အောင်မိုးဝင်းနဲ့ ပြောဖြစ်တုန်းကတည်း ကလည်း သူ့ ကို မေးကြည့်ခဲ့ဖူးပါတယ်၊။ အဲ့သလို ဝန်ခံလိုက်ကြတာနဲ့ ဒါ -ပြီးသွားရောလား.. ပေါ့၊
အကိုတို့ ဟာ ရုပ်ရှင်တကားထဲမှာ ဗီလိန်လုပ်သူက ဆိုးချင်သလောက်ဆိုး၊ ကြိုက်သလောက် ရက်စက်.... နောက်ဆုံး ဇာတ်ပေါင်းတော့ လူကြမ်းလုပ်ပြခဲ့သူက မျက်ရည်လေး စမ်းစမ်း ကျပြ.... နောင်တ စကားတွေပြောပြ၊ ပရိသတ်လည်း နောက်ဆုံးမှာ ဘဝင်အေး ....အိမ်ပြန်ရောက်ရင် ကွေးကွေးကလေးအိပ်လိုက် ပြီးပါပြီပေါ့။

ဒီကိစ္စက ကွေးကွေးလေး ပြန်ဝင်အိပ်လို့ မရသေးဘူးလို့ အကိုတို့ က တွေးမိကြပါတယ်။ အထက်မှာ ပြောပြခဲ့ပြီးသလို ညီမလေး အပါအဝင် လိုင်စင်ပြန်တွေက ဒီကိစ္စ ဒီလောက်နဲ့ပဲ ပြီးကြပြီလို့တွေးနေ ..ပြောနေချိန်မှာတောင်မှ.. နိုင်အောင် တို့ ဘက်က မပြီးသေးပါဘူး။ ရက်ရက်စက်စက် ခံခဲ့ကြရသူတွေက ” ဖွင့်ဟ ဝန်ခံလာရုံနဲ့ ကျေနပ်မယ် ” ပြောနေချိန်မှာတောင်မှ အဲ့သလောက်ကလေး လို့  မထင်ကြပါနဲ့ ။ နိုင်အောင်နဲ့ အပေါင်းအပါတွေဘက်က ဒါဟာ အကြီး ကြီးပါ။ ဒါ့ကြောင့်လည်း အောင်မိုးဝင်းနဲ့  သူ တွေ့ပြီး ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့တာကြောင့် ၊ အခုလို ထုတ်ဖေါ်ရေးသားမှုတွေကြောင့် နောက်ဆက်တွဲ ဥပဒေကြောင်းတွေ အရ အရေးယူလာခဲ့ရင် ကာကွယ်ဖို့ ရော၊ ဥပဒေကြောင်းအရ ကာယကံရှင်တွေဘက်က အရေးယူလာနိုင်သူတွေထဲက အချို့ ကို ...သူ့ ရှိသမျှ ထဲက(မိဘ ထံမှ ရသောအမွေ တပြားမှ မရှိပါ။) ပုံအော ထားတာကြောင့် တချို့ က တရားမစွဲဖို့ ။တချို့ က နိုင်အောင်တို့ ဘယ်လောက် လက်သံပြောင်ခဲ့ကြောင်း ၊ (ကာယကံရှင်များထဲက ကိုယ်တိုင်) ကောင်းကောင်း သိခဲ့ရပြီး၊ ခုထိ ကြောက်စိတ်စွဲနေသူတို့ က ပြင်းပြင်းထန်ထန်၊ တရားမစွဲကြပါနဲ့ လို့ ငြင်းဆန်နေကြတာတွေဟာ ၊နိုင်အောင်ရဲ့ ခြေရာ လက်ရာတွေဖြစ်ကြောင်း၊ အထောက်အထားတွေ ရှိနေပါပြီ။

အထူးသဖြင့်တော့ အကိုတို့ အဖွဲ့ ထဲက တယောက် ..ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့  မန္တလေးပွဲ မှာ သွားခဲ့တာကို ... ဖုန်းနဲ့ ဆက်ပြီး ခြိမ်းခြောက်ခံခဲ့ရခြင်းပါပဲ။


အကိုတို့ တွေ ဒီကိစ္စ နဲ့ ပတ်သက်င်္ပြီး လက်တွေ့  တရားစွဲဖြစ်အောင် ငွေရေးကြေးရေးအရ စိတ်ဓါတ်ရေးရာအရ ပူးပေါင်းဆောင်ရွက်နေတာ တော်တော် ခရီးရောက်နေကြပါပြီ။ ညီမလေးကိုယ်တိုင်လည်း သိပြီးနေတယ်လို့ အကို ထင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စ အတွက် အကိုတို့ တတွေ စုလို့ ရတဲ့ ပိုက်ဆံဟာ ဘာမှ မယ်မယ်ရရ မရှိလှပါဘူး၊။ ချွေးနည်းစာတွေပဲလေ ။

အော်... မေ့မှာစိုးလို့ ကြားဖြတ်ပြီး တခု ထပ်ပြောအုံးမယ်၊။ သူတို့ သတ်ပြီး မြှုပ်ထားခဲ့တဲ့ အရိုးတွေ ပြန်ဖေါ်ပြီး ဖျောက်ဖျက်နေကြတယ်...တဲ့။ အဲ့ဒါ အတိအကျ သတင်းရနေတာ။



DNA လို့  အတိုကောက် ရေးတာတွေ့ ရင် အကိုက ဒေါက်တာနိုင်အောင် ကို အမြဲ သွားသွား သတိရတယ်၊ ။ သူက သူ့ ကိုယ်သူ အတိုကောက် =DNA လို့  သုံးတတ်လို့ ပါ။ ဒီနေရာမှာ နိုင်အောင် နဲ့ အပေါင်းအပါ တစုကို ပြောလိုက်ချင်ပါတယ်။ ”အရိုးတွေ ပျောက်သွားလဲ သမိုင်းဟာ ဘယ်တော့မှ ပျောက်မသွားဘူး။ DNA ကို စစ် မရအောင် အရိုးတွေ ဘယ်လောက် ဖျောက်ပေမယ့် ဒေါက်တာနိုင်အောင်နဲ့ အပေါင်းအပါတို့ ရဲ့ ယုတ်မာရက်စက်မှုတွေဟာ ဘယ်တော့မှ သမိုင်းစာမျက်နှာက ပျောက်မသွားသလို ၊မင်းတို့ .. ဥက္ကဌ ဆိုတဲ့ ဘွဲ့ ထူးကြီးတွေနဲ့  အညွှန်းပြုပြီး ထုတ်ပြန်ခဲ့တဲ့ စာတွေဟာ မင်းတို့ လိုက်ဖျောက်နေတဲ့ အရိုးတွေထက် အရေးပါတာ...။ အောင်ထူးလို ရှေ့နေ မဖြစ်ခဲ့ပေမယ့် ငါတို့ ကောင်းကောင်း အသုံးချတတ်တယ်လို့  အသိပေးပါရစေ။”


တခုတော့ ပြောပါရစေ ညီမလေးရေ။ ” ခံခဲ့ကြရတာက ကျွန်တော် ကျွန်မတို့ ပါ ၊ ကြက်တူရွေးက တော်တော် ...မယ်ဘော်က ကဲကဲ ။ ရှင်တို့ က ဘာလို့ ပိုပြီး မကျေမနပ် ဖြစ်ကြသလဲ ” လို.့..ဘေးလူတွေ ကလည်း တွေးကောင်း တွေးကြမပေါ့၊။

ပြောပါရစေ ညီမလေးရေ၊။

တကယ်ဆိုရင် ABSDF မှာ အင်အား ၂၀၀၀၀ ကျော်ရှိခဲ့ပါတယ်၊ တကယ်လည်း တိုက်မယ်..ခိုက်မယ် ..အသေခံကြမယ်..ဆိုတဲ့ သူချည်းပါပဲ၊

မဆလ ၊ နဝတ တို့ကလည်း အင်မတန် ဖြုံလောက်ခဲ့တဲ့ အင်အားပါ ၊။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တုန်း က အယောက်၃၀ ထဲ ပဲ ၊၊ ကဲ ...တိုင်းပြည်နဲ့  လူမျိုး အတွက် ဆိုတဲ့ စိတ်ဓါတ်ကလေးများ ဗိုလ်ချုပ်တို့ရဲ့ ဆယ်ပုံ- တပုံ လောက်ပဲ ရှိလိုက်၊

ဒီအင်အားနဲ့ ပြည်တွင်းက မျှော်လင့်တကြီး စောင့်နေကြတဲ့ အင်အားတွေများ ပေါင်းလိုက်ရရင်
နဝတ ဆိုတာ မြေပေါ်က ပျောက်ခဲ့တာ ကြာလှပေါ့။

ဒါပေမယ့် ..တကယ်လုပ်ရမယ့် အလုပ်ကို တကယ် မလုပ်ခဲ့ဘဲ...ရဲဘော်အားလုံးရဲ့ စိတ်ဓါတ်တွေကို ထည့်မတွက်ဘဲ...ခေါင်းဆောင်ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ ...ကိုယ့်ရဲ့ သေဖေါ်သေဖက်.. လက်တွဲတိုက်ရမယ့် ရဲဘော်တွေကို ” တောထဲမှာ ခေါင်းဆောင် ဖြစ်ဖို့ ” ဆိုတဲ့ အတ္တစိတ်တခုထဲနဲ့ တိုင်းပြည်ထဲမှာ ကျန်ခဲ့သူတွေ ...ကိုယ့် မိဘ ဆွေမျိုးသားချင်းအဆုံး ..ဘယ်သူ့ကိုမှ ပြန်မစဉ်းစားတော့တဲ့ ရူးသွပ်သွားခဲ့ကြဖူးတဲ့ သူများက .....အနာဂတ် မြန်မာပြည်ကြီးကို ပြန်လည်တည်ဆောက်ဖို့  ပြင်ဆင်နေကြတဲ့ ဒေါ်စု နဲ့  မင်းကိုနိုင်တို့ တွေ ကြား .....ဝင်ကစားသွားရင်ဖြင့်၊..........။



တော်လောက်ပါပြီ....ညီမလေးရယ်၊။ အကိုတို့မှာ ကိုထွန်းအောင်ကျော်အကြောင်း .......ကျော်ဝေ အကြောင်း.... ချိုကြီးတို့  ......ခင်ချိုဦးတို့ အပြင်..... မသေလို့ ကျန်ခဲ့ကြတဲ့ ညီမလေး အပါအဝင်... ကိုကြောင်တို့ နဲ့ ပဲ ၊ ဒီပွဲမှာ ကြေကွဲလှပြီပေါ့၊ ။

ဒီ အဖြစ်မျိုးတွေ ထပ်မကြုံရအောင် အကိုတို့ တွေကို ကာကွယ်ခွင့် ပြုလိုက်ပါတော့....။


(မှတ်ချက်။ ။အကိုက ABSDF ရဲဘော် အရမ်းဖြစ်ချင်ခဲ့သူပါ။ မဖြစ်ခဲ့ရပါ။ ABSDF ရဲ့ စိတ်ဓါတ်မျိုး ..အကို့ မှာ ဒီနေ့ ထိ ရဲရဲ ရှိတယ်။)

ညီမလေးရဲ့ အကိုရင်း တယောက်လို ရှိနေတဲ့-

(ကိုထင်ကျော်ထက်)

No comments: