31 May 2012

"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၅) (သို့) နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ (၂) ”(အောင်မိုးဝင်း)

"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၅) (သို့) နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ (၂) ”(အောင်မိုးဝင်း)
"ကိုထွန်းအောင်ကျော် ကျဆုံးခြင်း အနှစ် နှစ်ဆယ်ပြည့် အမှတ်တရ” (ဇာနည်-၈၈ ဗကသ)
”သမိုင်းတရားခံ (သို.) ရာဇ၀င်လူဆိုး (သို.) အမျိုးသားသစ္စာဖေါက် ဖြစ်သွားခဲ့ရင်---” (ယူဒီပီ-မြန်မာ)



အမှတ်တရ ကဏ္ဍ

"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၅) (သို့) နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ (၂) ”(အောင်မိုးဝင်း) jan18,2012

အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာတဲ့ ၈၈၈၈ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ ရဟန်းသံဃာတော်တွေရဲ့ ပုံရိပ်တွေကို မြင်ရတာ အားတက်ဂုဏ်ယူမိတယ်။ သူတို့ရဲ့ အင်တာဗျူးတွေကို နားထောင်မိတိုင်း၊ ရင့်ကျက် အမြင်ကျယ်တဲ့ ရပ်တည်ချက်တွေကို ခံစားမိတယ်။ ကျနော်တို့ နေထိုင်ရာ ပြည်ပကို လှည့်ကြည့်မိတော့--- လူသတ်မှုတွေ၊ ခြစားအကျင့်ပျက်မှုတွေနဲ့ ပြည့်နှက်နေတဲ့သူတွေ၊ အုပ်စုဖွဲ့  ခြံခတ် လုပ်စားနေတဲ့ သူတွေ၊ အနာဂတ်ကို လောဘတကြီး ပြေးနမ်းချင်နေကြတာကို တွေ့ရတယ်။

“အတိတ်ဆိုတာ အရိပ်ပမာ လိုက်နေတာကို အခုထက်ထိ နားမလည်နိုင်သေးသူများအတွက်”

"နားထောင်စမ်း-"

ဒီည-- ပါဂျောင် ရဲ့အကျဉ်းထောင်ထဲမှာ

“ ယုဇနပင် နဲ့ ဖဲကြိုးဝါ” သီချင်းဆိုမယ့်သူ မရှိဘူး ။

“ထွန်းအောင်ကျော်” ရဲ့ ဝိညာဉ်တွေက စန္ဒယားခလုတ်တွေပေါ်မှာ ပြေးဆော့နေတယ်။

”သမဂ္ဂ အလံတော်အောက်မှာ--- သမဂ္ဂ အလံတော် အောက်မှာ ”--- တဲ့လေ…………….။ “လှဆိုင်း၊ မျိုးဝင်း၊ သံချောင်း၊ အောင်နိုင်၊ သန်းဇော်” တို့အတွက် ဆယ်ဘဝစာ လိပ်ပြာခြောက်လန့်နေတော့မယ်...........။

မြောက်ပိုင်းဒေသရဲ့ ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့ အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီး အပြီး၊ မန္တလေး စစ်ထောက်လှမ်းရေးတွေ ပြောနေကျ စကားတခုရှိတယ်။ သူတို့ဖမ်းဆီးထားတဲ့ ကျောင်းသားတွေဆီက အဖြေ မရမချင်း -“ ဟေ့ ကောင်တွေ... မှန်မှန်ဖြေနော် -မဖြေရင် ABSDF (မြောက်ပိုင်း)က ကောင်တွေကို ခေါ်လိုက်ရမလား” ဆိုတဲ့ ခြိမ်းခြောက်မှုပဲ ဖြစ်တယ်။

တကယ်တော့ ABSDF ( မြောက်ပိုင်း) ကို ၁၉၉၂ ခုနှစ်အတွင်းမှာ ခေါင်းဆောင်ခဲ့ကြသူတွေ၊ စစ်ကြောရေးစခန်းမှာ ပါဝင်ခဲ့တဲ့ သူတွေဟာ ဖက်ဆစ်အစိုးရက ဆရာတင် ရလောက်အောင် အထိ ရိုင်းစိုင်းကြမ်းကြုတ်ခဲ့ကြတယ်။

ဒါဟာ -ABSDF ( မြောက်ပိုင်း) ရဲ့ သမိုင်းဖြစ်တယ်။

အဖွဲ့ဝင် (၃၀၀) ကျော်လောက်သာ ရှိတဲ့အဖွဲ့မှာ ယုတ်မာသိမ်ဖျင်းတဲ့ အောက်တန်းစား လူတစု ဦးဆောင်ပြီး ကျောင်းသား အယောက် (၁၀၀) ကျော်ကို မတရားသဖြင့်စွပ်စွဲ ၊ တချို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်။

ဒါဟာ ABSDF ( မြောက်ပိုင်း) ရဲ့ သမိုင်းဖြစ်တယ်။


ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ဥက္ကဋ္ဌ နဲ့ ဗကသ ခေါင်းဆောင်တွေ အပါအဝင် -အပြစ်မဲ့ ကျောင်းသားတွေကို လူမဆန်စွာ နှိပ်စက်သတ်ဖြတ်ခဲ့တယ်။ သမိုင်း ဆိုတာ လိမ်ညာလို့ မရဘူး။ ပြင်ဆင်လို့ မရဘူး။ ဖာထေးကာကွယ်လို့ မရဘူး ။

“ နိုင်ငံရေးအတွေ့အကြုံ မရင့်ကျက်ခြင်း” ဆိုတာကို နားလည်နိုင်ပေမယ့်- “ယုတ်မာကြမ်းကြုတ်ခြင်း” ဆိုတာ မိမိကိုယ်တွင်းမှာ ဖွဲ့တည်နေတဲ့ သန္ဓေ ဖြစ်တယ်။

ဒီလို ကမ်းကုန်အောင် ယုတ်မာရက်စက်တဲ့ လုပ်ရပ်ကို အစိုးရဘက်ကပဲ လုပ်လုပ်၊ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေတဲ့ မည်သည့်အဖွဲ့အစည်းကပဲ လုပ်လုပ်၊ လက်ခံလို့မရပါ။ ဆန့်ကျင်တိုက်ဖျက်သွားရပါလိမ့်မယ်။


”ရန်သူ့သူလျှို ဆိုတာ--”

ရန်သူ့ သူလျှို ..ဆိုတဲ့ စကားကို အုပ်စုတစုကချည်း လူပါးဝ စွပ်စွဲပြောဆိုနေမှုကို လုံးဝခွင့်မပြုနိုင်ပါ။ ဒါဟာ ပါဂျောင် မဟုတ်ဘူး။ မာနယ်ပလော မဟုတ်ဘူး။ လက်နက်ကိုင်ထားသူချင်း အုပ်စုဖွဲ့ပြီး အားနည်းသူကို အနိုင်ကျင့်လိုက်မယ်ဆိုတဲ့ ဓါးပြ ဂိုဏ်းဆန်ဆန် အတွေးအခေါ်တွေဟာ (၂၁) ရာစုမှာ အသုံးမဝင်တာ -ဒီကနေ့ စစ်အာဏာရှင်တွေတောင် သဘောပေါက်ပါတယ်။

ရန်သူ့သူလျှိုဆိုတာ- စွပ်စွဲခံခဲ့ရတဲ့ ကျောင်းသားတချို့ထဲမှာလည်း ရှိနိုင်သလို၊ လူသတ်မှုကို ရိုင်းရိုင်းစိုင်းစိုင်းကျူးလွန်ခဲ့ကြတဲ့ ABSDF (မြောက်ပိုင်း) ကို ဦးဆောင်ခဲ့သူ =သံချောင်း၊ ရော်နယ်အောင်နိုင်၊ မျိုးဝင်း နဲ့ လှဆိုင်း တို့လည်းဖြစ်နိုင်တယ်။

ထိုင်းနယ်စပ်မှာ ခြစားအကျင့်ပျက်နေတဲ့ ဒီမိုကရေစီရေး အကြောင်းပြပြီး ချမ်းသာနေတဲ့ အဖွဲ့အစည်းတွေထဲမှာလည်း ရှိနိုင်တယ်။

လူတိုင်းမှာ အုပ်စုရှိတယ်။ လက်ယဉ်တယ် ။ ဝှက်ဖဲတွေရှိတယ် ဆိုတာ မမေ့ဖို့ လိုပါလိမ့်မယ်။


”အနိမ့်ဆုံးသဘောတူညီမှု”

ရန်သူ့ သူလျှို -လို့ ပြောဆိုနေတဲ့ အဖွဲ့တွေကိုလည်း၊ အခြားအဖွဲ့တွေက ပြန်လည် စစ်မေးပိုင်ခွင့်ရှိရမယ်။ ဒါပေမယ့် မန္တလေး၊ ရန်ကုန် ကျောင်းသား လှုပ်ရှားမှု သမိုင်းကို နားမလည်ဘဲ-တော်လှန်ရေးခေါင်းဆောင်ယောင်ယောင် လေသံ နဲ့ အပေါ်စီးက စွပ်စွဲနေမယ် ဆိုရင် - “ ကိုယ် အသုံးမကျတာ၊ ဗဟုသုတ မရှိတာ လူသိတယ်” ဆိုတာမျိုးဖြစ်နေမယ် လို့ သတိပေးပါရစေ။

ဘာပဲဖြစ်ဖြစ် -အနိမ့်ဆုံး သဘောတူညီမှုအဖြစ် “ ဒီ လို ရက်စက်ကြမ်းကြုတ်တဲ့၊ လူမဆန်တဲ့ လုပ်ရပ်” ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြရပါလိမ့်မယ်။

အစုလိုက်အပြုံလိုက် ရာဇဝတ်မှုကို ရာဇဝတ်မှုကြီး အဖြစ် ဆွဲချက်တင်ကြရပါလိမ့်မယ်။

မတရားမှုကို မရှုံ့ချရဲသူတွေ၊ အဖွဲ့အစည်းတွေကို တော်လှန်သူတွေအဖြစ်- မသတ်မှတ်နိုင်သလို၊ တရားမျှတ မှုအတွက် တိုက်ပွဲဝင်ပါတယ် ပြောဆိုနေခြင်းဟာလည်း သံသယဖြစ်စရာ ကောင်းနေပါတယ်။ ဘယ်လိုမှ အထင်ကြီးလို့မရပါ။


"လူသတ်မှုမှာ အဓိက တာဝန်ရှိသူများအတွက် .."

၁၉၉၂ ကာလ- ABSDF မြောက်ပိုင်းလူသတ်မှုမှာ အဓိက တာဝန်ရှိသူတွေက = ရော်နယ်အောင်နိုင်(ယ္ခု-ချင်းမိုင်) ၊ မျိုးဝင်း (သေဆုံး)၊ သံချောင်း (ထောင်တွင်း) ၊ တို့ဖြစ်ပြီး၊

အာသံကုန်းမြင့်ပေါ်မှာ ကျောင်းသားတွေကို ခေါင်းဖြတ်သတ်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ =လှဆိုင်း ( ယ္ခု- ABSDF မြောက်ပိုင်း)၊ နဲ့ သန်းဇော် တို့ အုပ်စုကို “ ယောင်္ကျား ပီသပါ။ သတ္တိရှိပါ၊ လူထုကို မျက်နှာချင်းဆိုင်ရဲပါ” လို့ ပြောလိုက်ပါရစေ။

ဒီလိုလူတွေကို ကာကွယ်ဖို့ ကြိုးစားနေတဲ့သူတွေ၊ အဖွဲ့အစည်းတွေကိုလည်း သမိုင်းရဲ့ ပုတ်ဟောင်နံစော်နေတဲ့ တွင်းနက်တခုမှာ ချန်ထားပစ်ခဲ့ပါမယ်။

"မိတ်ဆွေတွေအတွက် ကတိစကား"

ကာယကံရှင်တွေရဲ့ သူရဲဘောကြောင်မှုတွေဟာ ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတာမို့ -ဖြစ်စဉ်တခုလုံးဟာ ကျနော်တို့ တည်ဆောက်ထားတဲ့ System Dynamics ထဲမှာပဲ စံနစ်တကျ လည်ပတ်နေကြတာဖြစ်တယ်။ ဒါဟာ ကောင်းတဲ့ အချက်ပါ။

{နံရံတိုင်းမှာ နားတွေရှိတယ် }ဆိုတဲ့ စကား ကို မကြာခင်မှာ နားလည်သွားကြပါလိမ့်မယ်။ ။

(အောင်မိုးဝင်း)
----------------------------------------------------------------
နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ ( ဒုတိယပိုင်း) ကို ဆက်လက်ဖေါ်ပြလိုက်ပါတယ်။
----------------------------------------------------------------
”နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ (ဒုတိယပိုင်း)”

ABSDF (မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့သော ထောက်လှမ်းရေးသူလျှိုများအဖြစ် စတင်ခဲ့ပုံမှာ ( ၅၀၁) တပ်ရင်းမှူး သိုက်ထွန်းဦး ( ယ္ခု Australia နိုင်ငံသို့ ရောက်ရှိနေသူ) ၏ အောက်ခြေသိမ်း အလုပ်လုပ်ပေးနေရသည့် ကျောင်းသားရဲဘော် စိုးမင်းအောင် တပ်မှ ထွက်ပြေးရာမှ စတင်ခဲ့သည်။

ထိုတပ်ပြေး စိုးမင်းအောင် အား တရုပ်ပြည်မှ ပြန်လည်ဖမ်းဆီးခေါ်ဆောင်လာပြီး၊ လူမဆန်စွာ ညှင်းပမ်းနှိပ်စက်ပြီး ”ထောက်လှမ်းရေးသူလျှို ဟုတ်ပါသည် ”ဟု မတရား ဝန်ခံခိုင်းသည်။ ညှင်းပမ်းမှုများ ဒဏ်ကြောင့် မခံမရပ်နိုင်ဖြစ်ပြီး မတရားဝန်ခံချက်ကို ”ဟုတ်သည်”ဟု ဖြေကြားခဲ့သည်။ ထိုမှတဆင့် ထောက်လှမ်းရေးသူလျှို၏ အမည်ကို နှိပ်စက်ပြီး မေးလေတော့သည်။ ထို စိုးမင်းအောင်၏ ထွက်ဆိုချက်များအရ၊ ကျောင်းသား ရန်အောင် ကို ဖမ်းဆီးနှိပ်စက်သည်။ ထိုမှတဆင့် အဆင့်ဆင့် နှိပ်စက်ဖမ်းဆီးရာ သူလျှိုများအဖြစ် မတရားဖမ်းဆီးခံရသူပေါင်း၊ ( မိမိ အပါအဝင်) ကျောင်းသား (၁၀၁) ဦး ရှိလာသည်။

ABSDF ( မြောက်ပိုင်း) တွင် ကျောင်းသားအင်အား (၃၀၀) ကျော်ခန့်သာ ရှိချိန်တွင် ထောက်လှမ်းရေးသူလျှိုအဖြစ် ဖမ်းဆီးနှိပ်စက်ခြင်းခံရသူပေါင်းမှာ (၁၀၁) ဦးရှိခဲ့သည်။ ပထမဆုံး ဖမ်းဆီးနှိပ်စက်ခြင်းခံရသော ကျောင်းသား စိုးမင်းအောင်မှာ စစ်ကြောရေးဒဏ်ဖြင့် သေဆုံးသွားခဲ့ရသည်။ ညှင်းပမ်းနှိပ်စက်မှုကြောင့် စစ်ကြောရေး ဒဏ်ဖြင့် သေဆုံးသွားရသော ကျောင်းသားရဲဘော်မှာ (၁၃) ဦးရှိပြီး တရုပ်ပြည် ယင်ကျန်းတွင် လုပ်ကိုင်စားသောက်နေသော အရပ်သား (၁) ဦးရှိသည်။ ၁၉၉၂ ပြည်ထောင်စုနေ့တွင် ရက်စက်စွာသတ်ဖြတ်ခံရသူ (၁၅) ဦးရှိသည်။ ထိုသေဒဏ်ချမှတ်ရာတွင် အဓိကတာဝန်ရှိသော (၃) ဦးမှာ ထိုကာလတွင် ABSDF ( မြောက်ပိုင်း) ၏ ထိပ်တန်းတာဝန်ယူထားသော ကျောင်းသားတပ်မတော် ခေါင်းဆောင်ဖြစ်သည့်-

(၁) အောင်နိုင် ( ABSDF-မြောက်ပိုင်း ဥက္ကဋ္ဌ) ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဋ္ဌာနမှ နှုတ်ထွက်ခဲ့ရသူတဦးဖြစ်ပြီး ယ္ခုအခါ ချင်းမိုင် နေထိုင်ကာ အင်တာနယူးအေဂျင်စီတွင် လုပ်ကိုင်နေသောသူဖြစ်သည်။

(၂) သံချောင်း (ခ) မြင့်စိုး (၂၀၀၆ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့စွဲပါ ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာအရ စစ်အစိုးရမှ ဖမ်းဆီးခံခဲ့ရသူ)

(၃) မျိုးဝင်း ( ၁၉၉၂ မေလ ကုန်ခန့်တွင် တိုက်ပွဲကျဆုံး)

ABSDF ( မြောက်ပိုင်း) တွင်ဖြစ်ပွားခဲ့သည့် တပ်မတော် ထောက်လှမ်းရေးသူလျှိုများဟု ဖမ်းဆီးရာတွင်- တာဝန်ရှိသည့် ကျောင်းသားဦးဆောင်သူများမှာ -

(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)

(၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်တာဝန်ယူခဲ့သည်။)

(၃) ဗိုလ်ကြီး မျိုးဝင်း

(တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား

(၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)

(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)

(၆) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)

(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)

(၈) ရဲဘော် မောင်ထွေး ( ဗန်းမော်)

(၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်)

(၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)

”စစ်ကြောရေးအဖွဲ့ဝင်များ”

(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂
( အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။

လှဆိုင်း ဟာ ABSDF ( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းစဉ်မှာ ပါဝင်နေဆဲဖြစ်သည်ဟု သိရသည်)

(၂) စိန်အေး
( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)

(၃) အောင်သန်း
(မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)

(၄) သက်ထွန်း ( မိုးညှင်း၊ တပ်ခွဲမှူး)

(၅) စောရင်ထွေး (ရွှေကူ ၊တပ်ခွဲမှူး)

(၆)သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)

(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( ထလရ အဖြစ်အဖမ်းခံရ)

(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထလရ အဖြစ် အဖမ်းခံရ)

”ထောင်မှူး တာဝန်ခံများ-”

(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း) ၊ တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်)
(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း) ၊ ရဲဘော် လက်သီး

(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)၊ -တပ်ကြပ်ကြီးစောမြမောင်

(၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့် သေဒဏ်ချ သတ်ဖြတ်ခံရသည်။)
-----------------------------------
”၁၉၉၂ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့တွင် သေဒဏ်ချပြီး ရက်စက်စွာ သတ်ဖြတ်ခံရသည့် (၁၅) ဦး”

(၁) ရဲမေ ခင်ချိုဦး ( ရန်ကုန်) -
(အသတ်မခံရခင် ကိုယ်တုံးလုံးချွတ်ပြီး ABSDF ( မြောက်ပိုင်း) ရဲဘော်များအား ဖျော်ဖြေခဲ့ရ-) သူမ၏ တောင်းဆိုမှုအရ သံချောင်းမှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

(၂) တပ်ကြပ် ဋ္ဌေးမြင့်ဝင်း( ရန်ကုန်)
( တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့။ အသတ်မခံရခင် မျိုးဝင်းမှ ”မင်းဘာတတ်နိုင်သေးလဲ ” ဟု အငြိုးတကြီး ကြိမ်းမောင်းခဲ့ ။)

(၃) ရဲဘော်မောင်မောင်ကြွယ် (ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၄) ရဲဘော်သက်နိုင် ( ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၅) ဗိုလ်သာဓု (ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၆) ရဲဘော် အောင်ဖိုး ( ရန်ကုန်)
( သေဒဏ်မချခင် ခြေထောက်တွင် မိုင်းချည်ပြီး မိုင်းခွဲခြေဖြတ်ခြင်း ခံခဲ့ရ)

(၇) ဥက္ကဋ္ဌ ထွန်းအောင်ကျော် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၈) ရဲဘော်ရန်အောင်( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၉) ကိုချိုကြီး ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၀) ကိုလှမြင့် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၁) ရဲဘော်မောင်မောင် ( ကသာ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

၁၂) ရဲဘော် အေးမြင့်( ကသာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

၁၃) ရဲဘော် ကျော်ကျော်မင်း ( မုံရွာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၄) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၅) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

အထက်ပါ (၁၅) ဦးတွင်- မခင်ချိုဦးနှင့် ဋ္ဌေးမြင့်ဝင်းမှာ မိမိ (နန်းအောင်ထွေးကြည်)နှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လုပ်အားပေးခဲ့ပြီး- ABSDF ( ကချင်ပြည်နယ်) သို့ ရောက်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မေလ စစ်သင်တန်း အမှတ်စဉ် (၃) ကို တက်ရောက်ခဲ့သည်။

သူတို့နှစ်ဦး၏ တောင်းဆိုချက်အရ သံချောင်း မှ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။

ကျန် (၁၃) ဦးမှာ ရက်စက်စွာ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ခေါင်းဖြတ်သတ်ခြင်းကို “မျိုးဝင်း” နှင့် “လှဆိုင်း” တို့ နှစ်ဦးမှ ပြုလုပ်ခဲ့သည်။

လှဆိုင်းမှာ ယ္ခုအခါ ABSDF ( မြောက်ပိုင်း) တွင် ပြန်လည်ပါဝင်လုပ်ကိုင်နေကြောင်းသိရသည်။

”ကြေငြာခြင်းမရှိဘဲ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသူ (၅) ဦး။”

(၁) ကိုကျော်ဝေ ( မန္တလေး) –

စစ်ကြောရေးကာလတွင် အဆိပ်နှင့်လက်နက်များထုတ်မပေးနိုင်သောကြောင့် လက်ကို မိုင်းခွဲဖြတ်ခြင်းခံခဲ့ရသည်။ ဒုတိယအကြိမ် အဆိပ်ထုတ်မပေးနိုင်သဖြင့် ဦးခေါင်းကို ထင်းတုံးပေါ်တင်ပြီး “မျိုးဝင်း” မှ ခေါင်းဖြတ်သတ်ခဲ့သည်။

(၂) စိုးဝင်းသန်း ( မန္တလေး)

၁၉၉၂ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ညတွင် တပ်သား တရုတ်ကြီး ၏ လွဲမှားသော သတင်းပေးမှုကြောင့် သတ်ဖြတ်ခြင်းခံရသည်။ ဖြစ်ရပ်မှာ- စိုးဝင်းသန်း မှာ နာမကျန်းဖြစ်ပြီး KIA ဆေးရုံတွင် ဆေးကုသ ခံယူရသည်။ KIA မှ-” စိုးဝင်းသန်း နာမကျန်းမှု ပျောက်ကင်းပြီဖြစ်ကြောင်း” ဆက်သွယ်ရေးဆက်နှင့်အကြောင်းကြားမှုကို ၊ သတင်းလက်ခံသော တရုတ်ကြီးမှာ “ စိုးဝင်းသန်း ပျောက်ဆုံးနေသည် ” ဟု သန်းဇော်မှ တဆင့် မျိုးဝင်းထံ သတင်းပို့ခဲ့သည်။

မျိုးဝင်းတို့က အုပ်စု (၂) စုခွဲကာ ”တွေ့သည့်နေရာ ခုတ်သတ်ဖို့ ”အမိန့်ပေးခဲ့သည်။ အုပ်စု တစုမှာ- တရုပ်ပြည်လမ်းကြောင်းကို သွားပြီး၊ တစုမှာ KIA ဆေးရုံသို့သွားကာ ”မည်သို့မည်ပုံ စိုးဝင်းသန်း ပျောက်ဆုံးကြောင်း” သတင်းရယူသည်။

သို့သော် စိုးဝင်းသန်း မှာ ထွက်ပြေးခြင်း မဟုတ်ဘဲ ရောဂါပျောက်ကင်းသဖြင့်- ABSDF ကျောင်းသားများ လာခေါ်မည်ကို စောင့်ဆိုင်းနေသည်။

သို့သော်လည်း- မျိုးဝင်းမှ “ ငါ သေဒဏ်ချခဲ့ပြီး ဖြစ်တဲ့အတွက် ၊ တခါတည်း လူသတ်ကုန်းပေါ် ခုတ်သတ်လိုက်တော့ ..” ဟု ပြောရာ၊ ထိုအမိန့်ကို နာခံပြီး၊ သန်းဇော် တို့အုပ်စုက “ စိုးဝင်းသန်း” ကို သတ်ဖြတ်ခဲ့သည်။

(ထိုဖြစ်စဉ်ကို မိမိတို့ အတိအကျ သိရှိနေရခြင်းမှာ- ထိုနေ့ည ( ဖေဖေါ်ဝါရီ ၁၉) ရက်နေ့ တွင် မျိုးဝင်းနှင့်အောင်နိုင် တို့မှ မိမိအပါအဝင်၊ ဘိုဘို ( ရန်ကုန်)၊ ဝဏဇော် ( ရန်ကုန်)၊ ရဲလင်း ( ရန်ကုန်)၊ ညီညီအောင် ( ပဲခူး)၊ ကျော်နိုင်ဦး (သာယာဝတီ)၊ ကိုညီညီ ( မန္တလေး)၊ စုစုပေါင်း (၇) ဦးအား မိဘများထံ-” မိမိတို့မှာ ထောက်လှမ်းရေးသူလျှိုများဖြစ်ပြီး ကျောင်းသားတပ်မတော်၏ ဖမ်းဆီးခြင်းခံနေရပါသည်။ သို့သော် မိမိတို့အား လာရောက်ခေါ်ဆောင်ပါက၊ ကျောင်းသားတပ်မတော်မှ သဘောထားကြီးစွာဖြင့် မိမိတို့အား အချုပ်မှ လွတ်မြောက်ပြီး၊ အိမ်သို့ ပြန်လည် ထွက်ခွာခွင့်ပြုမည်”ဟု ကတိပေးသဖြင့် ၊ မိမိတို့ (၇) ဦး၊ မိဘများထံ စာရေးဆက်သွယ်ရသော နေ့၊ အချိန်ဖြစ်နေပါသည်။)

(၃) ဝင်းနောင် ( ရန်ကုန်)

၁၉၉၂ ဧပြီလဆန်းပိုင်းခန့်က ဗန်းမော်ခရိုင်တွင် သတ်ဖြတ်ခံခဲ့ရသည်။

(၄) ရန်ရှင်း

( ရက်စက်စွာ နှိပ်စက်ပြီး ခုတ်ထစ် သတ်ဖြတ်ခြင်းခံခဲ့ရသည်။)

(၅) ဦးကျော်ကျော်အုန်း ( ခရိုင်မှူး)

( ရှေ့တန်းတွင် လူမဆန်စွာ ညှင်းပမ်းနှိပ်စက်ခံခဲ့ရသည်။)

”လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ဦး”

(၁) ရဲဘော် စိုးမင်းအောင်

(၂) ဗဟိုကော်မတီဝင် ဦးစိန် ( ရန်ကုန်)

(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)

(၄) ရဲဘော် အေးကျော်

(၅) ရဲဘော် ကျော်ဋ္ဌေး

(၆) ရဲဘော်ကျော်ကျော်ဦး

(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)

(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)

(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)

(၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)

(၁၁) အောင်မင်း ( မန္တလေး)

(၁၂) အရှည်ကြီး ဝင်းသိန်း

(၁၃) ရဲဘော် စိုးကြီး

(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)

”စစ်ကြောရေးကာလတွင် ထွက်ပြေးလွတ်မြောက်သွားသူ (၄) ဦး။”

( ၁) ညီညီကျော် ( မန္တလေး)

(၂) ရဲဘော် သက်တင် ( ဗန်းမော်)

(၃) ဂမ်လီ ( လဇွန် ဂမ်လီ)

(၄) စိုးကြိုင်

"မျိုးဝင်း ၏ အမိန့်အရ ထောင်မှ လွတ်ခဲ့သူ (၃) ဦး။"

( ၁ ) တပ်ကြပ်ကြီး ခင်မောင်ဇော် ( မန္တလေး ) ဗဟို စစ်ရုံးတာဝန်ခံ

(၂) ရဲဘော် မိုးဇော်ထွန်း (ခ) မိုးကြီး ( ရန်ကုန်)

(၃) ရဲမေ သင်းသင်းညီ ( ရန်ကုန်)

ဥက္ကဋ္ဌ အောင်နိုင် နှင့် VCs မျိုးဝင်းတို့၏ သဘောအရ ၊ ၁၉.၂. ၁၉၉၂ တွင် မိဘများထံ စာရေးခေါ်သောကြောင့် ၊ မိဘများ ABSDF( မြောက်ပိုင်း) သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုစဉ်က မိမိတို့အား -”မိဘများ လာရောက်ခေါ်ဆောင်ပါက အိမ်ပြန်ခွင့်ပေးမည့် ” ကတိကို ABSDF(NB) ခေါင်းဆောင်များက ကတိဖျက်ခဲ့ပြီး” မိမိတို့ အိမ်ပြန်လိုပါက ပြန်နိုင်သည်။ သို့သော် မိဘများအားတောတွင်း တွင် ခေါ်ဆောင်ထားမည် ” ဟု အကြပ်ကိုင်သဖြင့် မိမိတို့မှာ လာရောက်ခေါ်ဆောင်သည့် မိဘများအား “အမေတို့အိမ်ပြန်ကြပါ။ မိမိတို့ ကျောင်းသားတပ်မတော်မှာပင် ဆက်လက်နေထိုင်သွားမည် ”ဟု ပြောခဲ့ပါသည်။

ထိုအခါ မိမိ၏ မိခင်မှာ မြေပေါ်တွင် ဒူးနှစ်ဘက် စုံထောက်ပြီး လက်အုပ်မိုးကာ ကျောင်းသားခေါင်းဆောင်များအား ရှိခိုး ငိုယိုတောင်းပန်ကာ- ”မိမိတို့ (၇)ဦးအား သနားသဖြင့် အချုပ်မှ လွှတ်ပေးရန် ”ပြောဆို ပန်ကြားခဲ့ပါသည်။ မိမိတို့၏ အသနားခံမှု နှင့် အချုပ်မှ လွှတ်မြောက်ခဲ့သူ (၇) ဦးမှာ-

(၁) ရဲမေ နန်းအောင်ထွေးကြည် ( ရန်ကုန်)

(၂) ရဲဘော် ဝဏ္ဏဇော် ( ရန်ကုန်)

(၃) ခရိုင်မှူး ရဲလင်း (ရန်ကုန်) ( စစ်အစိုးရမှ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်။)

(၄) ရဲဘော် မိုးကျော်သူ (ခ) ဘိုဘို ( ရန်ကုန်) ( စစ်အစိုးရမှ ထောင်ဒစ် ၂၁ နှစ် ချမှတ်ခဲ့သည်။)

(၅) ရဲဘော် ညီညီအောင် (ခ) ဒိုဇာ ( ပဲခူး)

(၆) ကိုညီညီ ( မန္တလေး)

(၇) ရဲဘော်ကျော်နိုင်ဦး (ခ) ကြောင် ( သာယာဝတီ)

မိမိတို့ (၇) ဦး ထောင်မှ လွတ်လာပြီး မကြာမီ -ထောင်အတွင်းတွင် ကျန်ရှိနေသော ကျောင်းသား (၅၆) ဦး ထောင်ဖောက် ထွက်ပြေး လွတ်မြောက်သွားကြသည်။ ထို ညတွင်းချင်းပင် မိမိတို့ (၇) ဦး နှင့် ခင်မောင်ဇော်၊ မိုးကြီး တို့အား ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခဲ့သည်။ အကျဉ်းသား (၅၆) ဦး ထောင်ဖောက်ပြေးမှု နှင့် ပတ်သက်ပြီး၊ ထိုစဉ်က တာဝန်ကျခဲ့သော ထောင်မှူး လှမျိုးအောင် အပါအဝင်၊ ကျောင်းသား (၃) ဦးအား တာဝန်ပေါ့လျော့မှု နှင့် သတ်ဖြတ်ပစ်ခဲ့သည်။

ABSDF (NB) ရှိ တပ်ရင်း (၇၀၁)၊ (၅၀၁) နှင့် (၄၀၁) တွင် အင်အားစုစုပေါင်း (၂၀၀) မျှသာ ကျန်တော့သည်။ မတရားဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကြောင့် ပြည်တွင်း ပံ့ပိုးမှုများ ရပ်ဆိုင်းခဲ့ပြီး၊ မည်သူမှလည်း ပူးပေါင်းလာခြင်း မရှိတော့ပါ။

တပ်ရင်းများအတွက် လူအင်အားဖြည့်ဆီးရန် လိုအပ်လာသဖြင့် ထိုအချိန်ကာလ ABSDF ( မြောက်ပိုင်း) ဥက္ကဋ္ဌ ရာထူးကို တိုးမြှင့်ရယူလိုက်သော အောင်နိုင် ( ယ္ခု - ချင်းမိုင် တွင် သတင်းသမား လုပ်နေသူ)၊ သံချောင်းတို့၏ သဘောတူညီမှု၊ ဦးဆောင်ဆုံးဖြတ်မှုများဖြင့်၊ ကျေးလက်တောရွာများတွင် နေထိုင်ကြသော ငယ်ရွယ်သူများကို လက်နက်ပြ ခြိမ်းခြောက်ပြီး ABSDF ( မြောက်ပိုင်း) မှ ပို့ချသော စစ်သင်တန်းတက်ရောက်ခိုင်းပြီး ကျောင်းသားရဲဘော် ရဲမေ များ အဖြစ် မတရားသိမ်းသွင်း တာဝန်ထမ်းဆောင်စေခဲ့သည်။

မှတ်မိသလောက်ဆိုလျှင်- ၁၉၉၂ ဇွန်လ ပိုင်းလောက်ခန့်လောက်ဖြစ်နိုင်သည်။ ထောက်ဖောက်ပြေးသော အကျဉ်းကျ ကျောင်းသားများ ( ၂၁.၅.၉၂) နောက်ပိုင်း၊ မျိုးဝင်း တိုက်ပွဲကျခဲ့သည်။ ( ၁၉၉၂ မေလ)။

နောက်ပိုင်းတွင် လက်ရှိ ထိုင်းနိုင်ငံတွင် သတင်းထောက်လုပ်နေသူ၊ အောင်နိုင် နှင့် မြင့်စိုး (ခ) သံချောင်းတို့၏ ဦးဆောင်မှုဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်နောင် ကျေးရွာနှင့် မြို့လှ၊ သာယာကုန်းရွာတို့တွင် ဝမ်းစာရှာ စားသောက်နေသော အရပ်သား လူငယ်လူရွယ်များအား လက်နက်ပြ ဖမ်းဆီးပြီး ABSDF ( မြောက်ပိုင်း) ကျောင်းသားတပ်မတော်၏ အင်အားအဖြစ် ဖြည့်ဆည်းခဲ့သည်။ စစ်သင်တန်း အမှတ်စဉ် (၈) နှင့် အမှတ်စဉ် (၉) ဖွင့်လှစ်ပြီး သင်တန်းပေးခဲ့သည်။

နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ (၂) ပြီး၏။
-----------------------------------------------------
"အရိုးတွန်သံ အပိုင်း (၆) အဖြစ် မျက်မြင်သက်သေ နောက်ထပ်တယောက်ရဲ့ စာ ကို တင်ပြပေးပါ့မယ်။ စိတ်ဝင်စားစရာအပြည့်ပါ။"
(အောင်မိုးဝင်း)

----------------------------------------------------

”face book ကွန်မန့် မှတ်ချက်များ”

Maung Maung Wann

မနေ့က သူငယ်ချင်း ပန်းချီ ထိန်လင်း ကဖုန်းဆက်ပြောလာတယ်...အရေးကြီးတဲ့ အချက်ပါ....ကိုပေါ် (မင်းကိုနိုင် ) ( ထောင်ထဲမ၀င်ခင် )..ဒီမြောက်ပိုင်း ကိစ္စကို ရှင်းကိုရှင်းရမယ်...ထွန်းအောင်ကျော်ဟာ တို့လူ....ကျောင်းသားသမဂ္ဂခေါင်းဆောင်အစစ်...လို့ပြောတယ်တဲ့....ခု ကျနော်တို့ ရဲဘော်ကြီးတွေ လွတ်လာပြီ...ရှင်းမယ်.....သူလျှိုဟုတ်လား..မဟုတ်လား ဆိုတာကို ကမ္ဘာကျော် ကျောင်းသားခေါင်းဆောင်တွေ သက်သေခံလိမ့်မယ်။ လူထုက တခဲနက်ထောက်ခံနေတဲ့ ဒီလူတွေက သူလျှိုမဟုတ်ပါဘူး...ကျောင်းသားခေါင်းဆောင်အစစ်ပါလို့ သက်သေခံတာကို ငြင်းပယ်ပြီး...သူလျှိုပါလို့ ဆက်သတ်မှတ်ချင်သေးရင်...ကိုယ့်လူတို့...လူထုနဲ့ဝေးရာဆီကိုသာ လျှောက်ကြပေတော့.....
-----------------------------------------------
Aung Moe Win

အင်း- ကိုမောင်ဝမ်းရေ- ဒီကောင်တွေထဲက တယောက်က ဒီလိုဆိုခဲ့တယ်ဗျ။ ”သူတို့သတ်တဲ့အထဲမှာ မှားယွင်းပြီးသတ်ခဲ့တဲ့သူ တယောက်ပါရင် ကြိုးစင်တက်သွားမယ် ” တဲ့။ ဒါဆိုလည်း -”ကြိုးစင်တက်ဖို့သာ ပြင်ထားပေရော့ ” လို့ပဲ ပြောလိုက်ချင်ပါတယ်။
---------------------------------------------------
Aye Aye Soe Win

ပြောချင်တာက မြောက် ပိုင်း ABSDF မှာ သူ ယုတ် မာ၊ အာဏာ ရူး တွေ ပျော် ပျော် ကြီး ဆင် နွှဲ ခဲ့ တဲ့ လူ သတ် သ မိုင်း ကို ဖော် ထုတ် ချင် တယ် ဆို တဲ့ သူ တွေ က လည်း ၊ ဘယ် လို အ ကြောင်း နဲ့ မှ အ လံရှူး မ ဖြစ်သွား ဖို့ ၊သူ့ ဖက် ငါ့ ဖက် မ လိုက် ဖို့ ၊မနက် နေ့လည်ည အ ချိန် သုံး ပါး လုံး မှာ တ စိတ် ထဲ ဖြစ် နေဖို့ -လို ပါ တယ်။ ဒီ မှာ အ မှန် တ ရား ရှိ ပါ တယ် ဆို သူ တွေ က သူ တို့ ရဲ့ တက်တက် ကြွကြွ ရှိ တဲ့ အ သံ ကို နေ ရာ တိုင်း မှာ သ မာ သ မတ် ထား ဖို့ လိုပါ တယ်။

Ko Aung Moe Win နဲ့ Ko Htein Lin ရဲ့ ဆောင်းပါး တွေ ကို ဖတ် ပြီး၊ စိတ် ထဲ မှာခံစား ထိခိုက် ရ တဲ့သူ တွေ အား လုံး ကို ပြော ချင် ပါတယ်။

အ သတ် ခံ ခဲ့ရ တဲ့ နှစ်20 တိုင် နာမည် အ ဖျက် ခံ ရ တဲ့ သူ တွေ ကို ” ငါ တို့နဲ့ ကြုံ ခွင့် ဆုံ ခွင့် မ ရ ခဲ့ ရ တဲ့ အကိုတော် ညီ မတော် များ၊ ရဲ ဘော်သူရဲ ကောင်း များ ”လို့ မိမိ တို့ နှလုံးသား ထဲ ထည့် စဉ်း စား ပေး ကြပါ။

သူတို့ တွေ သိတ် ကို ကံ ဆိုး ခဲ့ တဲ့ သ မိုင်း ကို င ရဲ နဲ့ တူ တဲ့ နေ ရာ တ ခု မှာ မမြှုပ် ပစ် ကြ ပါနဲ့။ သူတို့ တွေ ရဲ့ အ ဖြစ် ဆိုး ကြီး ကို တ ကယ် ကာယကံ ၊ဝစီကံ ၊မနောကံ သုံး ပါး နဲ့ ကိုယ် ချင်း စာ ပေး နိုင် ကြ ပါ စေ။ အားလုံး အောင် မြင် သွား မှာ ပါ။
------------------------------------------------------------
Sit Aung

အဲဒီသံချောင်းကို တပ်မတော်က ဖမ်းမိခဲ့တယ်။ သံချောင်းအကြောင်းသိတဲ့ အရာရှိတချို့က သတ်ပစ်ဖို့လုပ်တော့ -အထက်ကနေ ”မလုပ်နဲ့။ ဥပဒေအတိုင်း လုပ်ပါ” ဆိုလို့ စစ်ဆေးထောင်ချခဲ့တာ အခု သာယာဝတီထောင်မှာ ရှိသတဲ့။ သူ့ကို အေအေပီပီက နိုင်-ကျဉ်းစာရင်းထဲ ထည့်ထားတယ်။ ဒီလိုလူမျိုး လွှတ်ပေးသင့်သလား ။စဉ်းစားကြပါကုန်။
-----------------------------------------------------------------
Udp Myanmar

ABSDF (မြောက်ပိုင်း)က သမိုင်း သိပါတယ် ဆိုတဲ့ ကျောင်းသားတွေက အစဉ်အလာနဲ. အင်မတန် မွန်မြတ်လှတဲ့ ပြည်ထောင်စုနေ. ဖေဖေါ်ဝါရီလ ၁၂ ရက်နေ.ကိုမှာ ယစ်ပူဇော်သလိုမျိုး- ကျောင်းသားတွေ ဒီမိုကရေစီအင်အားစုတွေ -လူတွေကို ခေါင်းဖြတ် သတ်ဖြတ်ခြင်းဟာ အတော်ကို ရင့်သီးရာ စော်ကားရာ---ပြည်ထောင်စု၏ နေ.ထူးနေ.မြတ်ကို--- အမဲရောင်ဆိုးလိုက်ခြင်းပါ။ ။

နောက် လူသတ်မှုမှာ ခေါင်းဖြတ်တဲ့ Butcher တဦးကို အနှစ် ၂၀ ကြာပြီးတဲ့နောက်မှာ ABSDF က တပ်ဖွဲ.၀င်အဖြစ် ပြန်ပြီး လက်ခံခြင်း ၊တာဝန်ပေးခြင်းဟာလဲ လက်ရှိ လောလောဆယ် ABSDF ခေါင်းဆောင်တွေကိုပါ မေးခွန်းထုတ်စရာပါ။

ဒီကိစ္စကို ကြေညာချက် ထုတ်တော့လဲ လူသတ်သမားတွေ ၊တရားခံတွေ သုံးစွဲခဲ့ -စွပ်စွဲခဲ့သည့် စကားလုံး အသုံးအနှုန်း ဖြစ်တဲ့ ၊ ”ရန်သူ. သူလျို.ဖော်ထုတ်မှု" စကားလုံးနဲ. သေသွားသူတွေကို ထပ်ပြီး စော်ကားလိုက်သလို -အဲဒီကြေညာချက် စကားလုံးကို လူမသိမှာ ၊လူများများ မကြားမှာ၊ မသိမှာ စိုးလို.လား တော့ မပြောတတ်ပါ--။ DVB သတင်းထောက်တွေ သတင်းကြေညာသူတွေကိုပါ အဲဒီ စကားလုံးတွေ အသုံးအနှုန်းတွေကို စကားလုံးအတိအကျအတိုင်း ကော်ပီလုပ်ပြီး ဖြန်ချီပေးခဲ့ပါသည်။ ။

ဒါပေမယ့် -ဒီလူသတ်မှုဟာ အင်တာနက်နဲ. အွန်လိုင်းပေါ်မှာပဲ လူထု သဘောထား ကောက်ခံမှု Public Opinion Poll or Signature Petitions. Signature Campaigns တွေလို ထောက်ခံသူတွေ၊ ကန်.ကွက်သူတွေ ၊ဖာထွေးသူတွေအကြား မဲအနည်းအများနဲ. လူထုသဘောထား စစ်တမ်း ကောက်ခံချက်အရ -Online Vertict နဲ. ပြီးသွားမည့် လူသတ်မှု မဟုတ်ပါ။

ABSDF အဖွဲ.၀င်ဟောင်းတွေနဲ. အေဘီ အဖွဲ.အ၀င် မဟုတ်သူတွေ အကြား စကားရည်လု-Debate လုပ်ပြီး အဖြေရှာတာမျိုးနဲ. အဆုံးသတ်မှာ မဟုတ်ပါ။

နောက်တခုက- ABSDF အဖွဲ.က စုံစမ်းရေးကော်မတီဖွဲ.ပြီး တွေ.ရှိချက်ကို လူထုထံ ထုတ်ပြန်ရုံနဲ. ဒီလူသတ်မှုက ရပ်သွားမှာ မဟုတ်ပါ။

ဒါကြောင့် Online Verdict, Opinion Poll, Signature Petition Compaign မျိုး ။ ABSDF Investigattion Committee's Report ဟာ အခု အရိုးတွန်နေတဲ့ လူသတ်မှုကြီးကို ဆုံးဖြတ်မှာ ၊ရပ်တန်.မှာ မဟုတ်ပဲ ၊ ဥပဒေကြောင်းအရ လူသတ်တရားခံတွေ တရားခွင်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါသည်။

ဥပေဒ၏ အဆုံးဖြတ်အချက်နဲ. သေသွားသူတွေ နစ်နာသူတွေအတွက် Justice ရရှိအောင် ဖော်ဆောင်ရမည့် ရာဇ၀တ်မှုဆိုတာ အားလုံးသိပါ---

Jutsice will previal one day. That one day is coming soon. The dawn of justice is just seconds and minutes, days and months away.

------------------------------------------------------------------------------------

”ကိုထွန်းအောင်ကျော် ကျဆုံးခြင်း အနှစ် နှစ်ဆယ်ပြည့် အမှတ်တရ” -ဇာနည် (၈၈ ဗကသ)

ရဲဘော်များ ၊သူငယ်ချင်းများ ခင်ဗျား ...

အမိမြေ အဝေးတနေရာကို ရောက်နေကြတဲ့ ကျနော်တို့တွေ အားလုံး သတင်းစာမျက်နှာများပေါ်မှာ ပြည်တွင်းက ကျနော်တို့တွေ လေးစားချစ်ခင်ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ တချိန်က ရဲဘော်ရဲဘက် ညီအကို သူငယ်ချင်းတချို့ အကျဉ်းထောင်အသီးသီးက ပြန်လည်လွတ်မြောက်လာကြပုံ၊ သူတို့ကို မိဘပြည်သူတွေက ထိုက်ထိုက်တန်တန် သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြပုံတွေကို ရင်သပ် ရှုမော ကြည့်ကြရင်း ပီတိမျက်ရည်တွေ ကျခဲ့ရပါသည်။

ဒီလိုမြင်ကွင်းမျိုးတွေကို လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလက ကျနော်တို့တွေ လုံးဝ မျှော်လင့်မထားခဲ့ကြပါဘူး။ အဲဒီလို ပြည်တွင်းက ကျနော်တို့ရဲ့ခေါင်းဆောင်တွေ ညီအစ်ကို သူငယ်ချင်းတွေအတွက် ၀မ်းသာပီတိ ဖြစ်ခဲ့ရတာနှင့် တပြိုင်တည်း ၊ ကျနော်တို့ရင်ထဲမှာ ဒီအနှစ် ၂၀ ကျော်ကာလ အတွင်း လမ်းမတွေပေါ်မှာ၊ အကျဉ်းထောင်တွေထဲမှာ၊ တောတွေတောင်တွေထဲမှာ ပြည်သူ့ဘ၀ လွတ်မြောက်ရေးအတွက် ဘ၀ပေါင်းများစွာ အသက်ပေါင်းများစွာ စွန့်လွှတ် စတေးခဲ့ ကြ သူတွေကိုပါ တပြိုင်နက် သတိရ တမ်းတ မိခဲ့ကြရပါသည်။

ဒီမြင်ကွင်းတွေဟာ ကျနော်တို့ရဲ့ကျဆုံးသွားသော ရဲဘော်များ၏ အသက်သွေးတွေနဲ့ ရယူခဲ့ရတဲ့ သမိုင်းစာမျက်နှာတွေ ၊ အခန်းကဏ္ဍတွေ၊ အသီးအပွင့်တွေဆိုတာကို ကျဆုံးခဲ့သော ရဲဘော်များ အားလုံး သိစေ မြင်စေ တွေ့စေချင်တဲ့ ဆန္ဒနဲ့အတူ ၀မ်းနည်းမှုကို ပါ ခံစားခဲ့ကြရပါသည်။

အဲဒီလိုခံစားခဲ့ရပြီး -တချိန်က အခုလွတ်မြောက်လာကြတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ လက်တွဲ တိုက်ပွဲ ၀င်ခဲ့ပြီး မြန်မာပြည်မြောက်ပိုင်းတစ်နေရာမှာ လူမသိ သူမသိ ၊ မတရား ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခံခဲ့ရတဲ့ -၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်ကို သတိရမိပြီး၊ သူ့ရဲ့ ရုပ်ပုံလွှာ တပိုင်းတစကို ကျနော် ခံစားရေးခဲ့မိပါသည်။

ကျနော်တို့တွေအတွက် ၀မ်းနည်းစရာ အကောင်းဆုံးကတော့ ဒီအနှစ်နှစ်ဆယ်ကျော် တိုက်ပွဲကာလမှာ တချိန်က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးကို သတ်ဖြတ်ခဲ့သူတွေ၊ သတ်ရာမှာ အလိုတူ အလိုပါ တကြိတ်တည်း တကြံတည်း တာဝန်ရှိသူတွေဟာ အခုပြည်တွင်းက အပြောင်းအလဲတွေနဲ့ ဒီမိုကရေစီ ဆွမ်းကြီးလောင်းပွဲတော်ကြီးကို ခါတော်မီ ၀င်ရောက်ဆင်နွှဲကြဖို့ ခြေလှမ်းတွေ ပြင်ဆင်နေကြတာကို တွေ့နေရပါတယ်။

တကယ်တော့ ဒီလူသတ်သမားတွေနဲ့ အပေါင်းအပါတစုဟာ နယ်စပ်ဒေသမှာ အနှစ် ၂၀ လုံးလုံး၊ လူတွင်ကျယ်တွေအဖြစ်နဲ့ ကျနော်တို့လေးစားချစ်ခင်တဲ့ ကျဆုံးရဲဘော်တွေရဲ့ ၀ိဥာဉ်တွေပေါ် တက်နင်းပြီး၊ ရဲဘော်တွေရဲ့ အသက်သွေးတွေနဲ့ ရင်းနှီးရယူခဲ့တဲ့ အသီးအပွင့်တွေကို ခိုးယူ ယစ်မူး စားသုံးနေကြသူတွေ ဖြစ်ပါတယ်။

ဒီလို ဂုဏ်ရောင်ပြောင်လှတဲ့ သမိုင်းစာမျက်နှာပေါ်မှာ အဲဒီ လူသတ်သမား လူယုတ်မာ ဇာတ်ပျက်လောက်ကောင်တွေကို ကျနော်တို့ လုံးဝနေရာမပေးနိုင်ပါ။

ဒီကြီးကျယ်မြင့်မြတ်လှတဲ့ တော်လှန်ရေး အသီးအပွင့်တွေနဲ့ ၎င်းတို့ဟာ လုံးဝ မထိုက်တန်သူတွေ ဖြစ်ပါတယ်။

ဒီဇာတ်ပျက် လောက်ကောင် လူယုတ်မာ အချောင်သမားတွေကို သန့်စင်ဖယ်ရှားရေးဟာ ကျန်ရစ်ခဲ့တဲ့ ကျနော်တို့ ရဲဘော်အားလုံးရဲ့ တာဝန်ဖြစ်တယ် လို့ ရိုးသားစွာ ရင်ဖွင့်လိုက်ပါရစေ။

“ဗောဓိသတ္တတွေလို စွန့်လွှတ်အနစ်နာ ခံခဲ့ကြတဲ့ တိုက်ပွဲဝင် သူရဲကောင်းတွေကို ဦးညွှတ် ဂုဏ်ပြုကြ။”

“၀ဿကာရ လို ဇာတ်ပျက် လူယုတ်မာ ၊ လူသတ်သမား လောက်ကောင်တွေကို ၀ိုင်းဝန်း ဆန့်ကျင် ဖယ်ရှားကြ။”


လေးစားလျှက်.......

ဇာနည် (၈၈ ဗကသ)

PH....(801) 859 8835

------------------------------------------------------

”IF Being Historic Culprits/Criminals or National Traitors-”
”-သမိုင်းတရားခံ (သို.) ရာဇ၀င်လူဆိုး(သို.) အမျိုးသားသစ္စာဖေါက် ဖြစ်သွားခဲ့ရင်---”
by (Udp Myanmar) on Monday, January 16, 2012 at 8:08am


သမိုင်းမှာ တရားခံဖြစ်သွားခဲ့ပြီဆိုရင်တော့ ပေးဆပ်ရမည့် တန်ဘိုးက မနည်းပါ။ ပြောရရင် တဆွေလုံး တမျိုးလုံး လူ.ငရဲကို အရှင်လတ်လတ် ကျသလိုပါ။ ဒါကြောင့် သမိုင်းတရား ခံ မဖြစ်ဖို. ၊အမျိုးသားသစ္စာဖေါက် ဖြစ်မသွားဖို.ကတော့ အသိတရား သတိထားပြီး ဆောင်ရွက်ရမည့်အရာတွေပါ။

မြန်မာ့သမိုင်းမှာ သမိုင်းတရားခံ (သို.မဟုတ် ) အမျိုးသား သစ္စာဖေါက် စာရင်းမှာ ဦးစောနဲ. ဦးနေ၀င်းတို.ဟာ လူအများ သိထားတဲ့ ရွံရှာဖွယ်ရာ အော့နှလုံးနာစရာ လူတွေလို. ဆိုရင် မှားမယ် မထင်ပါ။ ။

အစဉ်အလာကောင်းတဲ့ လုပ်ငန်းတွေမှာ ပါဝင်ခဲ့သူ ခေါင်းဆောင်တွေ ဖြစ်ခဲ့ပေမယ့် ဘ၀နိဂုံးမှာတော့ ဒီလို လူမျိုးတွေကို ကိုယ့်သားသမီးတွေကို ဘယ်သူမှ မဖြစ်စေချင်တဲ့ သမိုင်းတရားခံတွေအဖြစ်နဲ. မှတ်တမ်းတင် ခံရသူတွေ မဟုတ်ပါလား။

သူတို.၏ လုပ်ရပ်တွေ ပြစ်မှုတွေကြောင့် သူတို.ဟာ သမိုင်းတရားခံတွေ အမျိုးသားသစ္စာဖေါက်တွေ ဖြစ်ယုံသာမက၊ ကျန်ရစ်တဲ့ မိသားစုတွေ သားစဉ်မြေးဆက်အထိ၊ သူတို.၏ အမဲစက် အရိပ်မဲတွေက လွတ်မြောက်ဖို. မလွယ်ပါ--- ။

လူကြားသူကြားမှာလဲ မျက်နှာ ငယ်ရ ၊ ဂုဏ်ငယ်ရ-၊ နောင်တ အခါခါရနေရမည့်---ဖျောက်ဖျက်လို.မရတဲ့ Criminal Record တွေက တွဲ ပါလျက်ရှိ နေတာ မြန်မာပြည်သူတွေ အသိဆုံးပါ။

သမိုင်းပြောတိုင်း ရှက်စရာ သိမ်ငယ်စရာ အဖြစ်တွေနဲ. ကျန်ရစ်သူတွေ ရင်ဆိုင်တတ်ရတာပါ။

အကြောင်းတစုံတရာကြောင့် သက်ရှိထင်ရှားဘ၀မှာ ကိုယ်ပြုခဲ့သည့် ပြစ်မှုတွေအတွက် ရာဇ၀တ်မှုအရ အရေးယူ အပြစ်ပေးမခံရဘဲ ၊ ဘ၀နိဂုံးချုပ်သွားသော်လဲ အဲဒီ ပြစ်ဒဏ်ထက် ဆိုးတဲ့- ကြီးလေးတဲ့ အပြစ်ကတော့ ”သမိုင်းတရားခံ” ဆိုတဲ့ ရာဇ၀တ်ကောင်ဘ၀ကို ရာသက်ပန် ရရှိလိုက်ခြင်းပါ။

ဒီ ပြစ်ဒဏ်ဟာ ထောင်နန်းစံရတဲ့ ဘ၀ထက် ဆိုးပြီး၊ ဒီသမိုင်းဆိုးဟာ ကိုယ်သေ သွားရင်တောင် ကျန်ရစ်တဲ့ နောင်လာနောက်သား သားစဉ်မြေးဆက် နှိပ်စက် အပြစ်ပေးနေမည့် -ပြစ်ဒဏ်ပေးမှုတခုပါ။ ဒီစာရင်းထဲကို ဦးနေ၀င်း ပါလိမ့်မယ်လို. ဆိုနိုင်ပါသည်။

ဦးနေ၀င်း ဟာ သူကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် ထောင်ချ အပြစ်ပေးခြင်း မခံလိုက်ရပေမယ့်၊သူပြုခဲ့သည့် မတရားမှုတွေကြောင့် သမိုင်းမှာ ရာဇ၀င်တွင်ရစ်သည့် လူဆိုး လူမိုက်စာရင်း ၀င်သွားရပြီ မဟုတ်ပါလား---။

ဒါကြောင့် မင်းတို.၏ သြဇာအာဏာနဲ. စည်းစိမ်တို.ဆိုတာ လူဘ၀နဲ. ယှဉ်လိုက်ရင် ဘာမှ မတည်မြဲ ၊ အာမခံချက် မရှိတဲ့ ”ရေပွက်ပမာ- ခဏတာ ”ဆိုတဲ့ မတည်မြဲတဲ့ တရားကို သိထားသူတွေ အတွက် -မိုက်မဲတဲ့ (အထူးသဖြင့်) သမိုင်းတရားခံအဖြစ် ကျန်ရစ်စေမည့် အရာတွေကို မလုပ်မိဖို. ရှောင်ရှားဖို. သတိတရား ထားဖို.လိုပါသည်။

ဦးနေ၀င်းဟာ မြန်မာ့လွတ်လပ်ရေးကို အရယူပေးတဲ့ သမိုင်းအစဉ်အလာကောင်းတဲ့ တို.ဗမာ အစည်းအရုံး သခင်အဖွဲ.တွေ မှာ -တပ်မတော် တည်ထောင်သူ ရဲဘော်သုံးကျိပ်ဝင် အဖွဲ့မှာ...စတဲ့ အင်မတန် အစဉ်အလာ ကြီးမြတ်တဲ့ အဖွဲ.အစည်းတွေမှာ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူ။ လှုပ်ရှားခဲ့သူပါ။

ဒါပေမယ့် ..သူရဲ့နောက်ပိုင်း လုပ်ဆောင်ချက်တွေကြောင့် မြန်မာပြည်ကို စစ်အာဏာရှင် စနစ်ကို စတင် ဇာတ်သွင်းခဲ့ပြီး၊ လူပေါင်း ထောင်ပေါင်းများစွာ ဘ၀တွေ ပျက်စီး။ ပြည်သူတွေလဲ သန်း နဲ. ချီပြီး ဘ၀တွေ ထိခိုက်ကာ တိုင်းပြည် တခုလုံး ချွတ်ခြုံကျရတဲ့အထိ နိုင်ငံတော်ကို ဇောက်ထိုးကျအောင် တွန်းချခဲ့သူမို. သူဟာ မြန်မာ့သမိုင်းတရားခံအဖြစ် မှတ်တမ်းတင်ရစ်ပါသည်။

သူခင်းတဲ့ဇာတ် ၊ သူသွင်းတဲ့ စနစ်ကြိုးဟာ နောက်ဆုံး သူကိုယ်တိုင်ရော သူ.သားသမီးနဲ. မြေးတွေလဲ ပြေးမလွတ်ဘဲ၊ သမိုင်းဘီးမှာ ရစ်ပတ်ချည်နှောင်ခံရပါသည်။

ထို.အတူ -သူကိုယ်တိုင် လက်သပ်မွေးထား မြှောက်စားခဲ့သည့် သားတပည့် ဗိုလ်ချုပ်ကြီး ဦးခင်ညွှန်.နဲ. လက်ကိုင်တုပ် ထောက်လှမ်းရေးအဖွဲ.ကြီး တခုလုံးလဲ ၊ ဒီသံသရာ ရဟတ်ချားမှာ ဖတ်ဖတ်ခါအောင် လှည့်ပတ် ရင်းနဲ. ” နောက်ဆုံးတော့ သူတို.လဲ သူတို.စီးတဲ့ ဘီးလုံးကြီးနဲ.ပဲ ပြန်နင်းခံရလို. ဖိပြားခံလိုက်ရတာ မဟုတ်ပါလား။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန်.ကို မြန်မာနဲ. ကမ္ဘာပြည်သူတွေက အခုလို Disgraced and Deposed Leader အဖြစ်နဲ. ဂုဏ်သိက္ခာ ငြှိုးငယ်စွာဖြင့် လူတွေ မြင်ကြရလိမ့်မယ်လို. လွန်ခဲ့သည့် ၁၀ နှစ်က ဘယ်သူတွေ ပြောရဲ စဉ်းစားရဲမှာလဲ။ ဘယ်သူမှ ဒီလို ဖြစ်သွားမယ်လို. မထင်ကြပါ။ သူကိုယ်တိုင်လဲ ထင်ခဲ့မည် မဟုတ်ပါ---။ ဒါပေမယ့် မသေခင်မှာ အမြင်မှန်ရပြီး သံဝေဂတရားနဲ. ကံ ကံ၏ အကျိုးကို သိခွင့်ရရှိလိုက်တာမို. တခြားသူတွေနဲ.စာရင် -နန်းကျဘုရင်ဖြစ်လင့်စကား---ကံကောင်းပါသေးသည်။ ပြင်ဖို. လုပ်ဖို. အချိန်တွေ အများကြီး ကျန်သေးတာမို.- ရှိသေးတာမို.---ပိုပြီး ကံကောင်းနိုင်ပါသည်။

အဖိုးတွေ အဖေတွေ အာဏာစက် ပြင်းတဲ့အချိန်မှာ နိုင်ငံ၏ အိမ်ရှေ.မင်းသားတွေလား---။လိုင် စင်ရ လူမိုက်ဂိုဏ်း စတားတွေလား--။ အင်မတန်မှ လူတွေ ကြောက်ရ လန်.ရ သတိထားပြီး ရှောင်ရှားခဲ့ရသည့် ဦးနေ၀င်း၏ မြေး-- ဇွဲနေ၀င်း၊ ဗိုလ်ချုပ်ကြီးခင်ညွှန်.၏သား ရဲနိုင်ဝင်းနဲ. တပ်ချုပ်ကြီးဦးသန်းရွှေ၏ မြေး ဖိုးလပြည့်တို.ဟာ အမေရိကန်က Hell Angels ။ အီတလီက Mafia Gang sters မခြား- မြန်မာပြည်က မြို.ကြီးများမှာ တန်ခိုးအာဏာ ထွားခဲ့ပါသည်။

ဒါပေမယ့် သမိုင်းဘီးတပတ် ပြန်ပြီးလည်တဲ့အခါ ဦးနေ၀င်း၏ မြေး=ဇွဲနေ၀င်းလဲ ထောင်ထဲ ရောက်သွားသလို ၊ဦးခင်ညွှန်.၏သား ရဲနိုင်ဝင်းလဲ ထို.နည်းတူပဲ ထောင်ကျသွားခဲ့ရပါသည်။

ဘ၀ရေစက် တထပ်ချင်း ကျခဲ့လေသလား---။ထောင်ကနေ လွတ်လာတော့လဲ တနေ.တည်း ဖြစ်နေပြန်ပါသည်။ ကဲ -တချိန်က မြို.ပြကို အပိုင်စားခဲ့တဲ့ လမ်းသရဲဗိုလ်တွေဟာ အခုတော့ -အဖိုးတွေ အဖေတွေကတော့ အာဏာမဲ့သူ အနားယူသူတွေဖြစ်နေပြီး ၊ အခုတခါ ဘယ်သူတွေက အာဏာစက် ထက်ကျမလဲ--- အစွယ်မရှိတဲ့ အစွယ်ကျိုးနေတဲ့ ကျားရဲတွေမို. အရင်လို လက်ရဲ ဇက်ရဲ မလုပ်ရဲတော့ပဲ- စရိုက်တွေ ပြောင်းသွားမလား--။ စောင့်ကြည့်ရမှာပါ။

ဒါပေမယ့် သေချာတာကတော့ အရင်လို လုပ်လို.ကတော့ ဒီခေတ်မှာ ပြဿနာတက်ဖို. များ ပါသည်။ ခေတ်ကြီးလဲ ပြောင်းနေသလို ဆက်သွယ်ရေးနဲ. နည်းပညာတွေလဲ မြင့်နေတာမို. အရင်လို ဖိလို. ဖုံးလို. မလွယ်တော့ပါ။

ဒါကြောင့် ဘယ်သူတွေပဲ ဖြစ်ဖြစ် -ဘယ်လို သမိုင်း တွင်တဲ့ အဖွဲ.အစည်းတွေမှာပဲ ပါခဲ့ ပါခဲ့- ဥပဒေမဲ့နဲ. လူတွေကို သတ်မယ် ဖြတ်မယ် ညှဉ်းပမ်း နှိပ်စက်ခဲ့မယ်ဆိုရင် ပေးဆပ်ရမယ်ဆိုတာ သတိထားဖို. လိုပါသည်။

အခုဆိုရင် တောတွေ တောင်တွေထဲမှာ အချင်းချင်း ခေါင်းဖြတ် -လက်ဖြတ် -လူသတ် -ပေါင်းသားလှီးပြီး ရိုင်းစိုင်း ယုတ်မာတဲ့ အကျီးတန်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ထားသူ =ABSDF (မြောက်ပိုင်း)က လူသတ်မှုမှာ တာဝန်ရှိသူတွေလဲ ..ဒီအတိုင်းပဲ ပြန်ပြီး ပေးဆပ်ဖို. သမိုင်းဘီးတပတ် ပြန်လည် လာပါသည်။

ဘယ်လောက် သမိုင်းအစဉ်အလာရှိတဲ့ အဖွဲ.အစည်းဖြစ်ပါစေ-- ။ဘယ်လို အလံတော် အောက် မှာ ရှိနေပါစေ ။ လူတွေကို မတရား ဖမ်းဆီး ညှင်းပမ်း သတ်ဖြတ်ခဲ့မယ်ဆိုရင်တော့ ဒီရာဇ၀တ်မှု တွေအတွက် ဘယ်အရာကမှ ကာကွယ်ပေး၊ ခွင့်လွှတ်ပေးလို.ရမည် မဟုတ်ပါ။

ဦနေ၀င်းကို တို.ဗမာအစည်းအရုံးဝင်ဖြစ်လို.” သခင်တဦးမို.၊ လွတ်လပ်ရေး တိုက်ပွဲဝင်တဦးမို.၊ တပ်မတော်ကို တည်ထောင်သူ ရဲဘော်သုံးကျိပ်ဝင်ဖြစ်လို.၊ နိုင်ငံတော် သမ္မတကြီး ဖြစ်လို.”ဆိုတဲ့အရာတွေက သူ၏ မိုက်မဲတဲ့ပြစ်မှုတွေအတွက် သမိုင်းက မျက်နှာသာပေး ခွင့်လွှတ်ပေးမှာ မဟုတ်ပါ။

သမိုင်းဟာ သမိုင်းပဲ မဟုတ်ပါလား- ကောင်းတာလုပ်သူ အနစ်နာခံသူတွေကို သူရဲကောင်း အဖြစ် မှတ်တမ်းတင်မှာ ဖြစ်သလို -ရက်စက်ယုတ်မာသူတွေ အတွက်ကတော့ သမိုင်းတရားခံ တွေအဖြစ် နာမည်ဆိုးနဲ.ကျန်ရစ်ခဲ့မှာပါ။

ထို.အတူ ဘယ်လောက်ကြီးတဲ့ ဗိုလ်ချုပ်ပဲ ဖြစ်ဖြစ် ။ဘယ်လောက် အစဉ်အလာကြီးတဲ့ တိုင်းရင်းသား ခေါင်းဆောင်ပဲ ဖြစ်ဖြစ်၊ ဥပဒေမဲ့ ”လူသတ်မယ် -လူဖမ်းမယ် -ညှင်းပမ်းနှိပ်စက်မယ် ”ဆိုရင်---သမိုင်း အစဉ်အလာတွေအရ ပေးဆပ် ရတဲ့ သာဓကတွေကြောင့် ၊သမိုင်းတရားခံတွေ -အမျိုးသား သစ္စာဖေါက်ဘ၀တွေ ရောက်မသွားကြဖို. သတိပေး တိုက်တွန်းရခြင်း ဖြစ်ပါသည်။

ဒါကြောင့် တောထဲ ဖြစ်ဖြစ် ၊တောင်ပေါ် ဖြစ်ဖြစ် ၊ကိုယ့်စခန်းထဲမှာပဲ ဖြစ်ဖြစ် ၊ လူတွေ ကို ဥပဒေမဲ့-သတ်ခဲ့မယ် ။ရာဇ၀တ်မှုတွေကို ကျူးလွန်ထားမယ်ဆိုရင်---- တချိန်ချိန်မှာတော့ ကိုယ့်ပြုခဲ့သည့်ကံ ကိုယ်ပြန်ခံ ၊ ကိုယ့်ထံ ပြန်ရောက်မည်သာမှတ်။

မဟုတ်ရင်လဲ ကိုယ်စိုက်ခဲ့တဲ့ ပျိုးခင်း စပါးခင်းဟာ ကိုယ်ပဲ ပြန်ရိတ်သိမ်းကြရစမြဲ မဟုတ်ပါလား။

ဘယ်အဖွဲ.မှာ ပါဝင်လို့  ဘယ်အလံတော်အောက်မှာ ရှိနေခြင်းနဲ.မဆိုင်ပဲ ၊ ကိုယ် ဘာလုပ်ခဲ့သလဲ ဆိုတဲ့ လုပ်ရပ်တွေနဲ.ပဲ ၊ သမိုင်းထဲမှာ မှတ်တမ်းတင်ကြရတာပါ။ ဒါကြောင့် အထူးသဖြင့် ..ဘ၀ကို အနစ်နာခံပြီး လုပ်ခဲ့သူတွေအတွက် သမိုင်းတရားခံ (သို.မဟုတ်) အမျိုးသားသစ္စာဖေါက်ဘ၀နဲ. နိဂုံးချုပ် မသွားအောင် ဆင်ခြင် အသိတရားနဲ. လုပ်ကိုင်ဆောင်ရွက်ဖို. အထူးလိုအပ်ပါသည်။

မဟုတ်ရင် ...ဦးစော၊ ဦးနေ၀င်းတို.၏ စာရင်းမှာ သင့်နာမည်လဲ ထပ်တိုးသွားမည်

No comments: