30 May 2012

"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၄) (သို့) နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ”(Aung Moe Win)+ညီလာခံ အတွင်း နေ၀င်းအောင်ကိစ္စ၊မကဒတ နှစ်ခြမ်းစကွဲခြင်း” (ဆလိုင်း ကိုကိုဦး) (ABSDF တောင်ပိုင်းမှာ အတွင်းရေးမှုး မျိုးဝင်း ကိုယ်တိုင် ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရသော ကိုနေ၀င်းအောင်ရဲ့ ဖြေရှင်းချက် မူရင်းစာ)



 "မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၄) (သို့) နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ”(Aung Moe Win) jan08,2012
"အာဏာရူးတို့ ၏ လုပ်ရပ်များနှင့်မြောက်ပိုင်းလူသတ်မှု” (သန်းဝင်း)
"ABSDF တတိယ ညီလာခံတွင် ဖြစ်ပျက်ခဲ့သော အာဏာရူးတို့၏ လုပ်ရပ်များ"(သို့) "MTZ ဗဟိုကော်မီဝင်တွေကို... NAဗဟိုက ဖမ်းမိန့်ထုတ်ခြင်း၊တတိယ ညီလာခံ အတွင်း နေ၀င်းအောင်ကိစ္စ၊မကဒတ နှစ်ခြမ်းစကွဲခြင်း” (ဆလိုင်း ကိုကိုဦး)
(ABSDF တောင်ပိုင်းမှာ အတွင်းရေးမှုး မျိုးဝင်း ကိုယ်တိုင် ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရသော ကိုနေ၀င်းအောင်ရဲ့ ဖြေရှင်းချက် မူရင်းစာ) 


အမှတ်တရ ကဏ္ဍ

"မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ အပိုင်း(၄) (သို့) နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ”(Aung Moe Win) jan08,2012

အခုပြောနေတဲ့ ကိစ္စက “ ခင်ဗျား ဘယ်သူ့ကို ချစ်လဲ ” ဆိုတဲ့ မေးခွန်း မဟုတ်ဘူး ။


"ခင်ဗျားဟာ ရက်စက်ကြမ်းကြုတ်၊ ယုတ်မာသူတွေကို ကာကွယ် ခုခံ မလား။ (ဒါမှမဟုတ်) ဒီမိုကရေစီ နဲ့ အပြစ်မဲ့ပြည်သူလူထု ဘက်က ရပ်တည်မလား " ဆိုတဲ့ ရွေးချယ်မှုဖြစ်တယ်။


ဒီ တပွဲမှာ ကိုယ့်ရဲ့သမိုင်းတန်ဘိုးကို ကိုယ့်ဘာသာ သတ်မှတ်ကြရပါလိမ့်မယ်။


အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီးကို ကျူးလွန်ခဲ့သူတွေက “ သူတို့ ကွပ်မျက်ခဲ့တဲ့ ကျောင်းသား (၁၅) ယောက်ဟာ အစိုးရသူလျှိုတွေဖြစ်ကြောင်း ခိုင်မာတဲ့အထောက်အထားတွေ ရှိပါတယ်” လို့ ဆိုခဲ့တယ်။


တကယ်တော့ သူတို့ပြောပြောနေတဲ့ ခိုင်လုံတဲ့အထောက်အထားဆိုတာ “ မြောက်ပိုင်းစစ်ကြောရေးခွေ” လို့ လူသိများတဲ့ ဗွီဒီယို တိတ်ခွေလေးတခုထင်ပါရဲ့။အဲ့ဒီ တိတ်ခွေလေးထဲမှာ နှိပ်စက်ညှင်းပမ်းခံရသူတွေရဲ့ ဖြောင့်ချက်တွေကို တခုတ်တရ ရိုက်ကူးထားတယ်။


သူတို့ကသာ အဲ့ဒီတိတ်ခွေလေးကို ခိုင်လုံတဲ့အထောက်အထားအဖြစ်ယုံကြည်ပြီး ရည်ညွှန်းနေတာ။ ကျနော်ကတော့ အဲ့ဒီတိတ်ခွေဟာ ကိုယ့်ရှူးကိုယ်ပြန်ပတ်တဲ့ သက်သေ ( သို့မဟုတ်) ကိုယ့်လည်ပင်းကို ကိုယ့်ဘာသာပြန်ညှစ်မဲ့ ကြိုးကွင်းလို့ ပဲ မြင်မိတယ်။ အဲ့ဒီ တိတ်ခွေလေးကို သေသေချာချာ ကြည့်ခဲ့မိဘူးပါတယ်။ အဲ့ဒီတိတ်ခွေလေးကို ကြည့်ပြီး၊ “ စစ်ကြောရေးကို ဦးဆောင်သူတွေကလဲကွာ ဒီလောက်တောင် ညံ့ရသလား၊ ဒီလောက်တောင် ဗဟုသုတ နည်းလှချည်းလား” လို့ တွေးနေမိတယ်။ တကယ်တော့ စစ်ကြောရေးကို ဦးဆောင်ခဲ့ကြသူတွေဟာ မန္တလေးလှုပ်ရှားမှု ကို ကောင်းကောင်းနားလည်ပုံမရပါဘူး။


သတ္တိရှိကြမယ်ဆိုရင်- အဲ့ဒီ တိတ်ခွေလေးကို ဖေ့ဘွတ်မှာတင်ပေးပြီး ပြည်သူအားလုံးကို ပြပေးပါလား။ မန္တလေးကျောင်းသားတွေအတွက်တော့ အထူးလက်ဆောင်တခုဖြစ်မှာပါ။ ကိုယ့်သူငယ်ချင်းတွေ ရီကြရမှာပါ။ ဒါပေမဲ့ သဲလွန်စတခုပေးပြီး အတိတ်ကို နည်းနည်းနိုးဆွထားချင်တယ်။


မန္တလေးကျောင်းသားတွေ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ထောက်လှမ်းရေး (၁)၊ ထောက်လှမ်းရေး (၁၆) ၊ ဗိုလ်ကြီး မြင့်ဦး နဲ့ အမျိုးသားထောက်လှမ်းရေး ဗျူရို ဆိုတာတွေ ပါမယ်ဗျာ။ သူတို့ဘယ်လို လုပ်ထားသလဲ။ စောင့်ကြည့်ကြရအောင်ပါ။


မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း-၄-) အဖြစ် နန်းအောင်ထွေးကြည် ရဲ့ အစီရင်ခံစာ ကို တင်ပြသွားမှာဖြစ်ပါတယ်။


ပထမပိုင်းမှာ- ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စတင်တည်ထောင်ခြင်း နဲ့ အာဏာအလွဲသုံးစားလုပ်မှု၊ ခေါင်းဆောင်တွေရဲ့ အခွင့်ထူးခံလူတန်းစား တည်ဆောက်မှုတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို တင်ပြထားပါတယ်။


ခင်မင်လေးစားစွာဖြင့် -


(အောင်မိုးဝင်း)


---------------------------------


"နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ"


( က )


ကျောင်းသားတပ်မတော် ABSDF ( NB )ကို မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ဒေသဖြစ်သည့် KIA ဗဟို ဌာနချုပ် ပါဂျောင်ဒေသ လိုင်စင်စခမ်း တရုတ်ပြည်နယ်စပ်တွင်တည်ထောင်ခဲ့သည်။


တရုတ်ပြည် ယွေနမ် ပြည်နယ် ရွှေလီမြို့မှ ကားလမ်းခရီးဖြင့် ကေအိုင်အေ ဗဟိုဌာနချုပ်သို့ အလွယ်တကူသွားရောက်နိုင်သည်။


ကျောင်းသားတပ်မတော်ကို ၁၉၈၈ ကာလတွင် ABSDF ( ကချင်ပြည်နယ် ) အနေဖြင့်စတင် ထူထောင်ခဲ့သည်။ ထိုစဉ်က ကိုကျော်ကျော်မှ ကချင်ပြည်နယ် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ပြီး.. စစ်ရေးတာဝန်ခံအဖြစ် မြင့်စိုး ခေါ် သံချောင်းနှင့် အတွင်းရေးမှုးအဖြစ် မိုးညှင်းမြို့နယ် နမ်းမားမှ နမ့်ဆော်လော ရွာနေ…မျိုးဝင်းတို့က တာဝန်ယူ ဦးစီးခဲ့ကြသည်။ ဗဟိုဦးစီးမှုးများအဖြစ် လွှမ်းမိုး နှင့် နေဒွန်းတို့မှတာဝန်ယူခဲ့ကြသည်။


၁၉၈၉ ခုနှစ် ဧပြီလတွင် မိမိနှင့်အတူ ရန်ကုန်မြို့မှ မခင်ချိုဦး ၊ ဌေးမြင့်ဝင်း ၊ အောင်ကျော်ဦး နှင့် သန်းထွန်းစိုး ခေါ် တိုက်ပိတ် ငါးဦးအဖွဲ့ အေဘီအက်စ်ဒီအက်ဖ် ( ကချင်ပြည်နယ် ) သို့ရောက်ရှိခဲ့ကြပြီး သန်းထွန်းစိုးမှအပ မိမိအပါဝင် လေးဦးမှာ ကျောင်းသားတပ်မတော် စစ်သင်တန်းအပတ်စဉ် ( ၃ ) သို့တက်ရောက်ခဲ့သည်။ သန်းထွန်းစိုးမှာ ရန်ကုန်မြို့သို့ စည်းရုံးရေး အင်အားစုဆောင်းရေးအတွက် အမှတ်စဉ် ( ၃ ) သင်တန်းမတက်ရောက်ခဲ့ပါ။


၁၉၈၉ ခုနှစ် နှစ်လည်ပိုင်းခန့်တွင် အမှတ်စဉ် ၁ မှ ကျောင်းသားရဲမေ ခင်မာအေး ( မြစ်ကြီးနား ) ၊ အမဖြစ်သူ မမူနဲ့အတူ ABSDF ( ကချင်ပြည်နယ် ) သို့ရောက်ရှိလာသော မြတ်ကို ဆိုသူအား စစ်အစိုးရ သူလျှို အဖြစ် စွပ်စွဲပြီး သတ်ဖြတ်ခဲ့သည်။


ထိုသတ်ဖြတ်မှု့ကို မျိုးဝင်းနှင့် သံချောင်းတို့မှ ဦးဆောင်ခဲ့သည်။ ထိုစဉ်အချိန်ကာလက ABSDF ( ကချင် ) ဥက္ကဌ ကိုကျော်ကျော်မှာ တာဝန်ဖြင့် မာနယ်ပလောရှိ ABSDF ( တောင်ပိုင်း ဗဟို ) သို့သွားရောက်နေချိန်ဖြစ်သည်။ ABSDF ( ကချင်ပြည်နယ် ) ဦးစီးမှုးများ နှင့် ဗဟိုကော်မတီဝင်များမှာလည်း တာဝန်အသီးသီးဖြင့် ရှေ့တန်းစခမ်းများသို့ရောက်ရှိနေချိန်ဖြစ်သည်။


(ခ)


ABSDF ( ကချင်ပြည်နယ် ) စစ်သင်တန်း အမှတ်စဉ် ( ၄ ) ကို ဗဟိုဌာနချုပ် ပါဂျိုဒေသ လိုင်စင်စခမ်းတွင် ဖွင့်လှစ်ခဲ့သည်။


သင်တန်းအမှတ်စဉ် ( ၅ )တွင် ရန်ကုန်နှင့် မန္တလေးမှ ကျောင်းသားအများအပြား ပါဝင်လာခဲ့သည်။ သန်းထွန်းစိုး ခေါ် တိုက်ပိတ် နှင့်အတူ ရန်ကုန် ၊ ပဲခူးမှကျောင်းသားအချို့ပါလာပြီး သင်တန်းအမှတ်စဉ်( ၅ ) ကိုတက်ရောက်ခဲ့သည်။ ထိုအပတ်စဉ် ( ၅ ) သင်တန်းအချိန်ကာလတွင် တပ်တွင်းမကျေနပ်မှု့များ သင်တန်းသားများအတွင်း၌ဖြစ်ပွားခဲ့သည်။


အတွင်းရေးမှုးတာဝန်ယူထားသော မျိုးဝင်း ၏ ဒေသအစွဲနှင့် သဘောထားကျဉ်းမြောင်းမှု့ အတွေးအမြင် တဘက်သတ်ဆန်မှု့များအပေါ် အဓိကထားပြီး မကျေနပ်မှု့များ တိုက်ခိုက်မှု့များဖြစ်ပွားခဲ့သည်။


ထို အပတ်စဉ် ( ၅ ) နှင့် ( ၆ ) သင်တန်းသားများထဲတွင်.. နောင် ABSDF ( NB ) ဥက္ကဌ ဖြစ်လာမည့် အောင်နိုင် ( ယခု ရော်နယ်အောင်နိုင် ဟူသောအမည်ဖြင့် ယိုးဒယားနယ်စပ်နှင့် ချင်းမိုင်တွင် သတင်းထောက်လုပ်နေသူ ဘီဘီစီ မြန်မာပိုင်းအစီစဉ်မှ ၂၀၀၈ ခုနှစ်တွင် နှုတ်ထွက်စာတင်ခဲ့ရသူ )၊


ရဲလင်း၊ညီညီကျော် ( နောင်တွင် စစ်အစိုးရ၏သူလျှိုများအဖြစ် ဖမ်းဆီးခံရသူ ) တို့သည်..ABSDF ( NB ) ဗဟိုကော်မတီအဖြစ် ရွေးချယ်ခံရသူများပါဝင်ပါသည်။


အပတ်စဉ် ( ၅ ) သင်တန်း မဖွင့်မှီတွင် ABSDF ( ကချင်ပြည်နယ်ကို ) ABSDF ( ၇၀၁ ) တပ်ရင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။


အပတ်စဉ် ( ၅ ) သင်တန်းကာလအတွင်းဖြစ်ပွားခဲ့သော တပ်တွင်းမကျေနပ်မှု့များကြောင့် ABSDF ( ၇၀၁ ) တပ်ရင်း နောက်တန်းရှိ ရဲဘော် ရဲမေများနှင့် အပတ်စဉ် ( ၅ ) ကျောင်းသား သင်တန်းသားများအား မျိုးဝင်းမှ မကျေလည်မှု့များ ဆွေးနွေးရန်အတွက် တပ်တွင်းခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးမှု့များပြုလုပ်ခဲ့သည်။


ကျောင်းသားအများအပြားမှ…..ဦးဆောင်တာဝန်ယူနေသော ကျောင်းသားခေါင်းဆောင်များနှင့် ရဲဘော်ရဲမေများအကြား ကွာဟမှု့များ၊ မျိုးဝင်း၏ တဘက်စွန်းရောက်သော စိတ်ဓါတ်များ၊ မျိုးဝင်း ၏ ဒေသစွဲ တယူသန်အတွေးအမြင်များ၊ မတရားမှု့များကို ဝေဖန်ပြောဆိုခဲ့ကြသည်။


သို့သော်လည်း မျိုးဝင်းမှ “ ငါတို့တော်လှန်ရေးလုပ်ဘို့ တောထဲလာတာ ဒီမိုကရေစီအတွက် လာတာ ဖြစ်တယ် ။ ဒီမိုကရေစီ ခံစားဘို့မဟုတ်ဘူး။ စစ်တပ်မှာ ဒီမိုကရေစီမရှိဘူး။ ရွေးကောက်ပွဲမရှိဘူး ” ဟု ပြောဆိုပြီး တင်ပြမှု့များနှင့် မေးခွန်းများ မေးကြားခြင်းကို ဖြေကြားခြင်းမရှိပဲ ပယ်ချခဲ့သည်။ ညှိနှိုင်းမှု့မရှိပဲ..တွေ့ဆုံဆွေးနွေးပွဲကိုရုတ်သိမ်းခဲ့သည်။ မကျေလည်မှု့များ ပိုမိုပြင်းထန်ခဲ့သည်။


မျိုးဝင်း မှ ထိုတွေ့ဆုံဆွေးနွေးပွဲတွင် သူ့အား ဝေဖန်တိုက်ခိုက်ခဲ့သူများအား အငြိုးကြီးစွာဖြင့် မှတ်သားထားသည်။ အကြောင်းမှာ သူ့အား ဝေဖန်တိုက်ခိုက်ခဲ့သူများအားလုံးသည် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် စတင်ဖမ်းဆီးခဲ့သည့် ..သမိုင်းဆိုးတွင်ခဲ့သည့် ..စစ်အစိုးရ သူလျှိုအဖြစ် အစုလိုက် အပြုံလိုက် ဖမ်းဆီးနှိပ်စက်၊ ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ကြသည်မှာ မိမိအပါဝင်ဖြစ်ပါသည်။


(ဂ)


အမှတ်စဉ် (၅) သင်တန်းပြီးဆုံးပြီး.. ABSDF ( ၇၀၁ ) တပ်ရင်းမှ ABSDF ( မြောက်ပိုင်း ဗဟို ) အဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ပြောင်းလဲ ရေးအတွက် ညှိနှိုင်းရေးများပြုလုပ်ခဲ့သည်။ ဥက္ကဋ္ဌ နှင့် ဗဟိုကော်မတီဝင် အသစ်များပြန်လည်ဖွဲ့စည်းရေးအတွက် စည်းရုံးရေးများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်း ကိုယ်စားလှယ်အဖြစ် သန်းထွန်းစိုး ကို စာရင်းပေးသွင်းခဲ့ကြသည်။ ကိုယ်စားလှယ်အသီးသီးမှာလည်း စည်းရုံးရေးအတွက် တာဝန်များနှင့် ရှေ့တန်းနယ်မြေများသို့ ထွက်ခွာခဲ့ကြသည်။


ယ္ခင်ရှေ့တန်းနယ်မြေမှာ ရှိနေသော ABSDF ( ကချင်ပြည်နယ်) ဦးစီးမှူး လွှမ်းမိုး မှာ နောက်တန်းဗဟို ( ၇၀၁) သို့ ပြန်လည်ရောက်ရှိလာသည်။ လွှမ်းမိုးနှင့် မျိုးဝင်း တို့ နှစ်ဦးကြားတွင် မကျေလည်မှုများ ရှိခဲ့သည်။ လွှမ်းမိုးမှ မျိုးဝင်းအား တပ်တွင်း ရံဘုံငွေ နှင့် ကျောက်စိမ်းရောင်းဝယ်မှုများတွင် မျိုးဝင်းမှ ကိုယ်ကျိုးသုံးကြောင်း စွဲချက်တင်ရန် ကြိုးပမ်းခဲ့သည်။


သို့သော် မျိုးဝင်းက သူ၏ ဒေသခံ နယ်လူများ၏ နောက်ခံအင်အားတောင့်တင်းမှုကြောင့် မျိုးဝင်းနှင့် သံချောင်းတို့ ဦးဆောင်ပြီး၊ လွှမ်းမိုးအား ၁၉၉၀ မတ်လ ခန့်တွင် ဖမ်းဆီးပြီး၊ စစ်အစိုးရ သူလျှိုအဖြစ် စွပ်စွဲခါ နှိပ်စက်ညှင်းပမ်းခဲ့သည်။


တချိန်တည်းမှာပင် ရန်ကုန်တိုင်းတာဝန်ခံ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်မည့် သန်းထွန်းစိုး ကိုပါ ဖမ်းဆီးခဲ့သည်။ ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ဖို့ အကြပ်ကိုင်ခဲ့သည်။ သန်းထွန်းစိုးမှ နုတ်ထွက်ခဲ့သည်။ ရဲလင်း မှ ရန်ကုန်တိုင်း ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရန် သဘောတူခဲ့သည်။


လွှမ်းမိုးအား ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက် စစ်ကြောရေးဝင်နေစဉ်ကာလအတွင်း မျိုးဝင်းမှ ရဲဘော်တဦးအား စေလွှတ်ပြီး မိမိအား စစ်ကြောရေးနေရာသို့ လာရန် အမိန့်ပေးခဲ့သည်။ မိမိမှာ ထိုအချိန်က လွှမ်းမိုး၏ ဦးစီးရုံးတွင် တာဝန်ယူနေခဲ့သူဖြစ်သည်။ လွှမ်းမိုးအား စစ်ကြောနေသောအခန်းထဲတွင် လွှမ်းမိုး၏ ရှေ့တွင်ပင် မျိုးဝင်းက မိမိ ၏ နားထင်ကို သေနတ်ဖြင့် တေ့ပြီး “ လွှမ်းမိုး က မင်းကို ဘာတွေခိုင်းလဲ” ဟု မေးမြန်းခဲ့သည်။


အမှန်စင်စစ်မှာ ထိုအချိန်က မိမိအား ထောက်လှမ်းရေး သူလျှိုအဖြစ် စွပ်စွဲဖမ်းဆီးဖို့ အစီအစဉ်ရှိကြောင်း နောင်မှ သိခဲ့ရသည်။ သို့သော်လည်း ကံကောင်းစွာဖြင့် သံချောင်းမှ “ မငယ် ...မင်းပြန်တော့” ဟု အမိန့်ပေးသဖြင့် အဆောင်သို့ပြန်ခဲ့သော်လည်း ၊ ဘာကြောင့် မိမိ ဦးခေါင်းအား သေနတ် ဖြင့်ချိန်ပြီး မေးမြန်းခဲ့ရခြင်းကို စဉ်းစားမိသည်။


ထိုအဖြစ်အပျက်ဖြစ်ပြီး ၃-၄ ရက်အကြာတွင် မျိုးဝင်းနှင့် သံချောင်း ဦးဆောင်ပြီး၊ လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား လက်နောက် ပြန်ကြိုးတုပ်ပြီး တပ်ရင်း၏ ဗဟိုအလည်ဖြစ်သည့် စစ်ရေးလေ့ကျင့်ရေးကွင်းသို့ ခေါ်ဆောင်လာသည်။ ရဲဘော်၊ ရဲမေများ အားလုံးကိုလည်း လူစစ်၊ တန်းစီ ခိုင်းပြီး သတိဆွဲခိုင်းထားသည်။ ကွင်းလယ်ခေါင်တွင် ကျင်းတူးထားပြီး ထိုကျင်းထိပ်တွင် လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား ကြိုးတုတ်လျှက်နှင့် ထိုင်ခိုင်းထားသည်။


မျိုးဝင်းနှင့် သံချောင်းတို့မှ လွှမ်းမိုးအား “ထောက်လှမ်းရေး သူလျှို မဟုတ်လား” ဟု ကျယ်လောင်စွာ ဒေါသတကြီး မေးသည်။


လွှမ်းမိုးမှ “ ကျနော် မဆလ မဖြစ်ပါရစေနဲ့ ။ဗကပ ( ဗမာပြည်ကွန်မြူနစ်ပါတီ) ပဲ ဖြစ်ပါရစေဗျာ” ဟု ဖြေကြားခဲ့သည်။


သံချောင်းမှ လွှမ်းမိုးအား သေနတ်ဖြင့် ချိန်ပြီး တန်းစီနေသော မိမိတို့ ကျောင်းသားရဲဘော် ရဲမေများ ရှေ့တွင် သွေးအေးစွာ ပစ်သတ်ခဲ့သည်။ လွှမ်းမိုး၏ အသက်ကင်းမဲ့သော ခန္ဓာကိုယ်ကြီးအား တိရ စ္ဆာန်တကောင်ကဲ့သို့ ကန်ချပြီး မြေဖို့ကာ လူသတ်ပွဲကို ကြည့်နေခဲ့ရသော မိမိတို့အား၊ ထိုမြေပုံပေါ်တွင် စစ်ရေးပြ လျှောက်ခိုင်းဖို့ အမိန့်ပေးခဲ့သည်။


သန်းထွန်းစိုးအား ကြိုးတုပ်လျှက် နှင့် ပင် အချုပ်ခန်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ၁၉၉၀ ဧပြီလတွင် သန်းထွန်းစိုး အား အချုပ်မှ လွှတ်ပေးခဲ့သည်။


(ဃ)


လွှမ်းမိုးအား သတ်ဖြတ်ပြီး မကြာမီ၊ စစ်သင်တန်းအမှတ် (၅) သင်တန်းဆင်းခဲ့သူ ရန်ကုန်မှ “ကိုအောင်ကျော်” ဆိုသူကိုလည်း မသင်္ကာ မှု နှင့် မျိုးဝင်းနှင့် သံချောင်းမှ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ နှိပ်စက်ခဲ့သည်။ ထို စစ်ကြောရေး ဒဏ်ရာနှင့်ပင် ကိုအောင်ကျော်မှာ KIA ဆေးရုံတွင် ဆေးကုသမှု ခံရင်းနှင့် အသက်ဆုံးရှုံးခဲ့ရသည်။


များမကြာမီ ဖွဲ့စည်းအုပ်ချုပ်ပုံ ရွေးကောက်ပွဲအတွက် ရှေ့တန်းသို့ ထွက်သွားသူများ၊ ဗဟိုနောက်တန်းသို့ ပြန်ရောက်ရှိလာခဲ့ကြသည်။


ရွေးကောက်ပွဲတွင် ABSDF ( မြန်မာပြည် မြောက်ပိုင်း ဥက္ကဋ္ဌအဖြစ် ကိုထွန်းအောင်ကျော် ( မန္တလေး)၊ အထွေထွေ အတွင်းအရေးမှူးအဖြစ် အောင်နိုင်( မန္တလေး) နှင့် စစ်ရေးတာဝန်ခံအဖြစ် သံချောင်းတို့ကို ပြန်လည်ရွေးချယ်ခဲ့သော်လည်း၊ မျိုးဝင်းမှာ မဲမရပဲ ရှိနေခဲ့သည်။


သို့သော်လည်း ဗဟိုကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အရ၊ မည်သူမျှ မဲပေး ရွေးချယ်ခြင်းမရှိခဲ့သော မျိုးဝင်းအား ABSDF ( ကချင်) အနေဖြင့်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူတဦးအနေဖြင့် ၊ တွဲဘက်အတွင်းရေးမှူး (၁) နှင့် ဒု- စစ်ရေးတာဝန်ခံရာထူးကို ပေးခဲ့သည်။


ABSDF ( မြောက်ပိုင်း) အဖြစ်ဖွဲ့စည်းအပြီးတွင် ယိုးဒယားမြန်မာနယ်စပ်ရှိ မာနယ်ပလော စခန်းမှ ABSDF ဗဟို ဋ္ဌာနချုပ် ဥက္ကဋ္ဌ ကိုမိုးသီးဇွန်မှ အမှတ် ( ၅၀၁) တပ်ရင်းကို ABSDF ( မြောက်ပိုင်း) တွင် အင်အားဖြည့် ပူးပေါင်းဖို့ စေလွှတ်ခဲ့ပါသည်။ ရှမ်းပြည်နယ်မှ (၄၀၁) တပ်ရင်းတို့ရှိလာပြီး၊ ကျောင်းသားရဲဘော် ကိုယ်ပိုင်နံပါတ်မှာ ၅၀၀ ခန့်ရှိလာသည်။ ( အမှန်စင်စစ် လူအင်အားမှာ အကြောင်းအမျိုးမျိုးကြောင့် ၃၅၀ ခန့်သာ ရှိသည်။)


၁၉၉၀ ခုနှစ် နှစ်လည်ပိုင်းလောက်တွင် နောက်တန်းတွင် ရှိနေသော ကျောင်းသားရဲဘော်ရဲမေများ တာဝန်ဖြင့် ရှေ့တန်းသို့ တဖွဲ့ပြီး တဖွဲ့ ပြန်လည်ထွက်ခွာခဲ့ကြသည်။


သန်းထွန်းစိုး မှာ ရှေ့တန်းတွင် စစ်အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အစိုးရ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ မိမိလည်း ရှေ့တန်း ဗန်းမော် ခရိုင်သို့ တာဝန်ဖြင့်ထွက်ခွာခဲ့ရသည်။


ထိုခရီးစဉ်တွင် စစ်ရေးတာဝန်ခံ သံချောင်းတယောက် တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်စွာရပြီး ညာဘက် လက် ဆုံးရှုံးခဲ့ရသည်။


များမကြာမှီ မိမိတို့စစ်ကြောင်း ဗဟိုသို့ ပြန်လည်ရောက်ရှိခဲ့ပြီး၊ တာဝန်ပေးချက်အရ KIA မှ ဖွင့်လှစ်သော ဘဏ္ဍာရေးသင်တန်းသို့ တက်ရောက်ခဲ့ရသည်။


ရှေ့တန်းထွက် ကျောင်းသားရဲဘော် ရဲမေများ တဖွဲဖွဲ နှင့် ဗဟိုနောက်တန်းသို့ ပြန်လည်ရောက်ရှိလာသည်။


ထိုနှစ် ၁၉၉၁ ခုနှစ် ရှေ့တန်းမှ ပြန်လည်ရောက်ရှိလာသော ကျောင်းသားရဲဘော်ရဲမေများ ABSDF ( မြောက်ပိုင်း) ဗဟို ဋ္ဌာနချုပ် သို့ ပြန်လည်ရောက်ရှိခြင်းသည် ပြုပြင်မရတော့သည့် ကျောင်းသားတပ်မတော် ၏ ဆိုးသွမ်းသော သမိုင်းအမှားဖြစ်ရပ်ဆိုးများ ပေါ်ပေါက်ခဲ့ရသည့်နှစ် ဖြစ်စေခဲ့သည်။


ထို အချိန်မှာ တပ်တွင်းရှိ ကျောင်းသားရဲဘော်၊ ရဲမေများ ထမင်း နှင့် ဆားငပိ တို့သာ စားနေရချိန်တွင်၊ တပ်တွင်း ဦးဆောင်နေသော ကျောင်းသားခေါင်းဆောင်တာဝန်ယူထားသူများမှာ တလလျှင် တရုပ်ငွေ ယွမ် (၃၀) လခစားကြသည်။


လူကြီးများအတွက် အသေးသုံးစားစရိတ် ဆိုကာ အခွင့်ထူးခံစားကြသည်။ ကျောင်းသားခေါင်းဆောင်တိုင်းတွင် သူတို့၏ ဝေယျာဝစ္စ ထမင်းချက်၊ အင်္ကျီလျှော်၊ထင်းခွေ၊ ကိုယ်ရေးကိုယ်တာ ခိုင်းစေရန်အတွက် တော်လှန်ရေး လုပ်ရန် လာသည့် ကျောင်းသားငယ်များအား အနားတွင်ထားပြီး ခိုင်းစားကြသည်။


(နန်းအောင်ထွေးကြည်)


အစီရင်ခံစာ ပထမပိုင်း ပြီး၏။


-----------------------------------


နန်းအောင်ထွေးကြည် ရဲ့ အစီရင်ခံစာ ကို ဆက်လက်တင်ပြသွားပါမယ်။ ဒုတိယ ပိုင်းမှာ လူဖမ်းပွဲ စတင်ဖြစ်ပေါ်ခြင်းတွေကို အသေးစိတ်ဖတ်ရှုရမှာ ဖြစ်ပါတယ်။(အောင်မိုးဝင်း)


------------------------------------------------


"ABSDF တတိယညီလာခံတွင် အာဏာရူးတို့ ၏ လုပ်ရပ်များနှင့်မြောက်ပိုင်းလူသတ်မှု" (သန်းဝင်း)


ကိုကိုဦး ရေးသားခဲ့သော "ABSDF တတိယ ညီလာခံတွင်ဖြစ်ပျက်ခဲ့သောအာဏာရူးတို့၏လုပ်ရပ်များ" ကို သူ၏ ညီလာခံကော်မရှင်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် ရင်ဆိုင်ဖြေရှင်းသိခဲ့ရသော အဖြစ်အပျက်များကို အသေးစိပ် တင်ပြခဲ့သော လုပ်ရပ်များသည် တကယ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် အမှန်။ သမိုင်းရဲ့ဖြစ်ရပ်မှန်ဖြစ်ကြောင်း ထောက်ခံရေး သား တင်ပြအပ်ပါတယ်။


အဘယ်ကြောင့်ဆိုသော် ကျနော်ကိုယ်တိုင် ဒီသမိုင်းတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့လို့ဘဲဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို ပိုမိုမှန်ကန် ခိုင်မာစေဖို့ တရားဝင်မှတ်တမ်းများကို တင်ပြပေးသော ကိုစစ်အောင် ကို အထူးကျေးဇူးတင်ရှိပါတယ် ။ လေးစားပါတယ် ။


ကိုဝင်းမောင်က ကိုထွန်းအောင်ကျော်နှင့်ကိုကိုဦးကို ..ရေးတဲ့စာဖတ်ရတယ် ။ဒီကိစ္စမှာ ကိုဝင်းမောင် တော်တော် မှားနေပြီလို့ ယူဆတယ် ။ ကျနော်တို့က ABSDFကို ချီးထုပ်ဖြစ်အောင် လုပ်နေတာ မဟုတ်ဘူး ၊။ ABSDF ကို အာဏာရူးအစွန်းရောက်တစုက ချီးထုပ်ဖြစ်အောင်လုပ်ခဲ့တာကို အမှန်တရားကို ဖေါ်ထုတ်ကယ်တင်နေတာ ဖြစ်တယ်၊


ကျနော်တို့တော်လှန်တိုက်ပွဲဝင်တယ်ဆိုတာ ဒီလိုလုပ်ရပ်တွေကို မကြိုက်လို့ အာဏာရှင်တွေကို တော်လှန်လာတာဆိုတာကို မမေ့ပါနဲ့။တော်လှန်တဲ့အာဏာရှင်တွေလုပ်သလို ကိုယ်ကိုယ်တိုင်က လုပ်တယ်ဆိုရင် ဘယ်လောက်ထိ အကျည်းတန် အရုပ်ဆိုးသလဲ၊ဘယ်လောက်ပြည်သူလူထုရဲ့ အယုံအကြည်ကင်းမဲ့မလဲဆိုတာ ခင်ဗျားစဉ်းစားပါ၊


ကျနော်တို့ရဲ့ တော်လှန်ရေး ဘယ်လောက်ထိခိုက်နစ်နာသလဲ၊အမဲစက်စွန်း သလဲဆိုတာ ခင်ဗျားနားလည်ပါ။


တော်လှန်ရေးဆိုတာ ပြည်သူ အယုံအကြည်မဲ့ပြီဆိုရင် ဘယ်လိုဆက်လုပ် မလဲ ။ စဉ်းစားပါ။ ကျနော်တို့ လုပ်တဲ့ တော်လှန်ရေးဆိုတာ ပြည်သူအတွက် မဟုတ်ဘူးလား၊ဒီကိစ္စကြောင့် ဘယ်လောက် ထိခိုက်နစ်နာသလဲဆိုတာ စဉ်းစားပါ။


(၁) တိုင်းပြည် ၊ပြည်သူအတွက် ခံယူချက်ပြင်းစွာ ဘ၀ကို အရင်အနှီးပြု တိုက်ပွဲဝင် နေကြသူများကို နစ် နာစေတယ်။


( ၂ ) အပြစ်မဲ့စွာ ကိုယ်ကိုယ်တိုင်ညှင်းပမ်း ၊နှိပ်စက်ခံရပြီး စတေးခံသွားရသူတွေ အတွက် သိပ်နစ်နာလှ ပါတယ်၊တကယ်လို့ ခင်ဗျားကိုယ်တိုင် ဒီလိုနှိပ်စက်ခံရတာထဲမှာ ပါခဲ့မယ်ဆိုရင် ခင်ဗျားဘယ်လိုခံစားရမလဲ ဆိုတာ စဉ်းစားပါ၊ကိုယ်ချင်းစာစမ်းပါဗျာ ၊


ကိုဝင်းမောင်..ကျနော်မေးပါရစေ။ ခင်ဗျား ဘာအတွက်တော်လှန်ရေး လုပ်လာတာလဲ ? ၊ဒီမေးခွန်းကို ဖြေဖို့လိုအပ်တယ်နော်--။ ခင်ဗျားစာ အသွားအလာရ ပြုမူခံရသူဘက်ထက် ၊ပြုမူသူ ထိခိုက်မှာစိုးလို့ ကာကွယ်ရေးသလိုဖြစ်နေတယ်၊ခင်ဗျားဖြေရှင်းဘို့ လိုအပ်တယ်နော်၊ ကျနော်တို့ဟာ အား အားယားယားအဓိပ္ပါယ်မရှိလုပ်နေတယ်လို့ ခင်ဗျားမထင်ပါနဲ့၊


ကိုထွန်းအောင်ကျော်၊သန်းဝင်း ၊ကိုကိုဦး ဆိုတာ ABSDF စတင်တည်ထောင်ကတည်းက ဥက္ကဋ္ဌ ၊အတွင်းရေးမှူး ၊တွဲဘက်အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေပါ ၊ABSDFသမိုင်းမှာ ဘယ်သမိုင်းမဆို ခေါင်းဆောင်ပိုင်းမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ့ သူတွေဖြစ်တယ်။


ကျနော်တို့ဟာ စံတင်လောက်တဲ့ခေါင်းဆောင်ဖြစ်ချင်မှဖြစ်မယ် ။ ဒါပေမယ့်လို့ ခေါင်းရှောင် တဲ့ခေါင်းဆောင်တွေ မဟုတ်ဘူးဆိုတာ သမိုင်းကိုကြည့်ရင် ခင်ဗျားသိမှာပါ၊


ကျနော်တို့ဟာ တာဝန်ရှိ တယ်ထင်လို့ ဘာကြောင့်လုပ်ရတယ် ဆိုတာ ရှင်းပြမယ်၊


ကျနော်တို့ဟာABSDF ကို စတင်တည်ထောင်သူထဲ မှာ ခေါင်းဆောင်ပိုင်းမှာ တာဝန်ယူတည်ထောင်ခဲ့သူတွေဖြစ်တယ်။


ABSDF သမိုင်းရဲ့ဆိုးခြင်း ၊ကောင်းခြင်း ဟာကျနော် တို့မှာတာဝန်ရှိတယ်လို့ ကျနော်တို့ယူဆတယ်၊ABSDF ဟာ ၈၈၈၈ မျိုးဆက်မှပေါက်ဖွား လာတဲ့အစဉ်အလာကြီး တဲ့ တခုတည်းသော ကျောင်းသားတပ်မတော်ဖြစ်တယ်၊


ဒီတပ်မတော်အောက်မှာ တိုင်း ပြည်အတွက် မျှော်လင့် ချက် တခုကလွဲလို့ မိမိအတွက်ဘာကိုမှ မမျှော်လင့်ဘဲ ကျဆုံးသွားကြတဲ့ သူ ရဲကောင်းတွေ အများကြီး ရှိသလို၊မကျဆုံးသော်ငြား ပုံစံမျိုးစုံ။ ဒဏ်ရာပေါင်းများစွာဖြင့်ရှင်သန်ရပ် တည်နေကြသော သူရဲကောင်းတွေ လည်း အများကြီးဆိုတာ အားလုံးသိမှာပါ။


ဒါကြောင့် သူတို့ရဲ့ မွန်မြတ်တဲ့ စိတ် ဓါတ် ၊ဂုဏ်သိက္ခာ ၊မျှော်လင့် ချက်တွေကို ကာကွယ်ဘို့တာဝန်ရှိတယ်လို့ ယုံကြည်လို့ ဒီလိုလုပ်ရ တယ်ဆိုတာကို နားလည်စေချင်တယ်။ မိမိ တို့ အကျိုးအတွက် ဘာမှရှိမယ်လို့ ကျနော်တို့မထင်ပါ။ အမှန်တရား အတွက်တော့ အကျိုးရှိမယ်လို့ ကျနော် တို့ ထင်ပါတယ်၊


ကျောင်းသားတပ်မတော်ဆိုတာ ၁၉၂၀ ကစခဲ့ တဲ့ ကျောင်း သားတွေ ရပ်တည်ချက်အတိုင်း တသွေမတိမ်း ရပ်တည်တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ အစဉ်အလာကြီးသော တပ် မတော်ဖြစ်တယ်။ ၊ဒါကို အာဏာရူးတစု လုပ်ရပ်ကြောင့် အရုပ်ဆိုးအကျည်းတန် အမဲစက်စွန်း ခဲ့တာဟာ ABSDF ယုံကြည်ချက် လမ်းစဉ် မဟုတ်ဘူး ၊လုပ်ရပ် မဟုတ်ဘူး ၊လုံးဝဆန့်ကျင်ဘက်ဖြစ်တယ်။


ဒါကြောင့် ဒီကိစ္စမှာ တာဝန်ရှိတဲ့သူတွေ တာဝန်ယူဖြေရှင်းပါ ။မဖြေရှင်းဘူးဆိုရင်တော့ ဖြေရှင်းတဲ့အထိ နောက် မဆုတ်တမ်း တိုက်ပွဲဝင်သွားမှာဖြစ်တယ်၊ယုံကြည်လိုက်ပါ။


တရားဝင် အရေးယူဆောင်ရွက်ဘို့ဆိုတာ ကျနော်တို့နဲ့မဆိုင်ပါ ၊ပြုလုပ်သူနဲ့ ၊ပြုလုပ်ခံရသူနှင့်သာ သက်ဆိုင် ပါတယ်။အမှန်တရားဆို ဘာလဲ ဆိုတာ ဖြေရှင်းပေးကြပါ။


ကျနော်တို့ကတော့ မိမိတို့လူမျိုး ၊ မျိုးဆက် ၊ ABSDF ဂုဏ် သိက္ခာ အတွက် ပြည်သူရဲ့ နှလုံးသားတရားရုံးကို အပြီးတင်မှာ ဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါတယ် ။


တိုင်းပြည်၊လူမျိုး ၊ မျိုးဆက်ရဲ့ ဂုဏ်သိက္ခာကိုထိမ်းသိမ်းလိုသောဆန္ဒဖြင့်-


(သန်းဝင်း)


၈၈ မျိုးဆက်ကျောင်းသား


အထွေထွေအတွင်းရေးမှူး ( ၁၉၈၈ )ABSDF


(မှတ်ချက် ) အာဏာရူးတစုဟာ မြောက်ပိုင်းမှ အဖြစ်အပျက်အတိုင်း တောင်ပိုင်းမှာဖြစ်ဘို့ ကြိုးစားဖန်တီး ခဲ့ကြတယ် ၊ တချို့တော့ ကံနိမ့်စွာဖြင့် အရင်းနှီးပြုစတေးသွား ခဲ့ကြရတယ် ၊ဒါပေမဲ့ အားလုံး မအောင်မြင်ခဲ့ကြဘူး။ကိုလှဋ္ဌေးနဲ့တာဝန်ရှိသူအားလုံးဖြေရှင်းပါ။


---------------------------------


"ABSDF တတိယ ညီလာခံတွင် ဖြစ်ပျက်ခဲ့သော အာဏာရူးတို့၏ လုပ်ရပ်များ"(သို့) "MTZ ဗဟိုကော်မီဝင်တွေကို... NAဗဟိုက ဖမ်းမိန့်ထုတ်ခြင်း၊တတိယ ညီလာခံ အတွင်း နေ၀င်းအောင်ကိစ္စ၊မကဒတ နှစ်ခြမ်းစကွဲခြင်း”(သို့)"ပန်းနဲ့ပေါက်တာလောက်ပဲ ထင်တယ်...သူငယ်ချင်းတို့ရေ.."
(ဆလိုင်း ကိုကိုဦး)

စာဖတ်သူတွေကိုနားလည်ထားစေချင်ပါတယ်။ ကျနော်က လောလောဆယ် သူ့ ဖက် ကိုယ့်ဖက်ကိစ္စကို ဒီအထဲမှာ မရောထွေးစေချင်သေးဘူး။ သမိုင်းဆိုင်ရာ အချက်အလက်တစ်ချို့ကို ကျနော်တို့သက်ရှိထင်ရှားရှိနေစဉ်မှာ ရေးသား ဖေါ်ပြရမဲ့အချိန်ကိုရောက်လာပြီလို့ယူဆမိလို့ပါ။


ရေးသားတဲ့နေရာမှာ အဖြစ်အပျက်ကို အမှန်အတိုင်း အခြေခံပြီးရေးရရင် တစ်ချို့အသုံးအနှုန်းတွေက ရှောင်လို့မရပါ၊ အစားထိုးစရာ စကားလုံးလည်းရှာမတွေ့ပါ၊ တကယ်တန်းအုပ်စုနှစ်ခုလိုဖြစ်နေခဲ့တဲ့ ဖက်နှစ်ဖက်ကိုအခြေပြု ပြီး ရေးသားပြမှသာ အဖြစ်မှန်ကိုသိနိုင်မှာမို့ ခုလိုအသုံးအနှုန်းကိစ္စကို နားလည်ပေးစေချင်ပါတယ်၊


စာဖတ်သူတွေကိုနားလည်ထားစေချင်ပါတယ်၊ အများကြီးကို အသေးစိတ်ရေးဖို့ အချိန်မရသေးတာမို့ အရေးပါတဲ့သိထားသင့်တဲ့တယ်လို့ ယူဆတာလေးတွေ တချို့တော့ ပြောပြထားချင်တယ်၊


ဒီနေရာမှာတစ်ချို့သောသူတွေဟာ မြောက်ပိုင်းကိစ္စကို အုပ်စုတိုက် ပွဲ အသွင်ဖန်တီးလာတာတွေ့ရတော့ ဖက်တစ်ဖက်မှာ ရပ်ခဲ့ဘူးတဲ့သူတွေကို နည်းလမ်းပေါင်း စုံနဲ့တိုက်ခိုက်လာတာတွေ တွေ့လာရတယ်၊


နောက်တစ်ဖက်မှာ သမိုင်းဆိုင်ရာအချက် တစ်ချို့ကို မပျောက်မပျက်အောင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတွေက ပြောပြရမယ့် တာဝန် တွေလည်း ရှိနေပါတယ်။


ဒီနေရာမှာ ဖျောက်ဖျက်လို့မရတဲ့ အခိုင်အမာ တိတ်ခွေတွေ .. မကဒတရဲ့သုသေသနဌါန မှာ ရှိနေသေးတဲ့အတွက်တစ်ကြောင်း၊ အတူတူလုပ်ဆောင်ခဲ့ဘူးတဲ့ နှစ်ဖက်ဗဟို ကော် မီတီတွေကလည်း ရှိနေသေးတာမို့ ကျနော်ရေးသားချက်တွေကို ကျနော်ရေးချင်တိုင်း ရေးလို့မရဘူးဆိုတာ နားလည်တယ်၊ အဖြစ်မှန်ကို ကျနော်ကြုံခဲ့တဲ့ ထောင့်က ရေးခဲ့ရတာမို့ အားလုံးပြည့်စုံသည်ဟု လုံးဝ မဆိုလိုပါ ခင်ဗျား၊


”စစ်အစိုးရ(ရန်သူ)အလိုကျ ထုတ်ပြန်ကြေ ငြာချက်နဲ့အတူ ..MTZ ဗဟိုကော်မီဝင်တွေကို... NAဗဟိုက ဖမ်းမိန့်ထုတ်ခြင်း၊”(MTZ =မိုးသီးဇွန်။NA=နိုင်အောင်(ဒေါက်တာ))


တတိယအကြိမ်ညီလာခံကို နိုဝင်ဘာလ လကုန်ပိုင်းလောက်မှာ စတင်ခဲ့တယ် ထင်ပါတယ်၊ မကဒတ ဗဟိုကော်မီတီရဲ့သုသေနဌါနမှာတော့ ရက်အတိအကျရှိမှာပါ၊


ကျနော်ကစိတ်ထဲမှာ မှတ်ထားရတာမို့ နေ့ရက်အတိအကျ မဖေါ်ပြနိုင်တာကို နားလည်ပေးစေချင်ပါတယ်၊


ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ စွဲနေတာမို့ လုံးဝမမေ့သေးပါ၊ တတိယအကြိမ်ညီလာခံမှာ ဖက်နှစ်ဖက် ဖြစ်လာရပြီး ဗဟိုတစ်ခုစီဖြစ်လာရတဲ့အချိန်က ၁၉၉၁ခုနှစ်၊ စစ်ပူနေချိန် စက်တင်ဘာလလ ထဲမှာဖြစ်ပြီး၊ (မြောက်ပိုင်း)ကိုထွန်းအောင်ကျော်တို့ကို သတ်တဲ့အချိန်က ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့မှာဖြစ် ပါတယ်၊


ကိုနိုင်အောင် (ဗဟို) က မြောက်ပိုင်းABSDF ဟာ သူတို့နဲ့ပူးပေါင်းပြီး သူတို့ဗဟိုရဲ့ဦးဆောင် မှုကို ခံယူကြောင်း၊သူတို့ရဲ့ဗဟိုကော်မီတီစတင်ဖွဲ့စည်းတဲ့နေထုတ်ပြန်ကြေငြာချက်မှာပါခဲ့ပါတယ်၊ ပြီးတော့MTZ ဗဟိုဟာ ခွဲထွက်အဖွဲ့သာဖြစ်ပြီး၊ သူတို့ကိုပါ ဖမ်းဆီးပေးဖို့ သူတို့ DABကို တရားဝင်စာပို့ခဲ့ပါတယ်၊


MTZ ဗဟိုဟာ NAဗဟိုဖွဲ့ပြီး သုံးရက်လောက်ကြာပြီးမှဖွဲ့ဖြစ်ခဲ့တယ်၊ DAB ကနှစ်ဖွဲ့စလုံးကို DABအဖွဲ့ဝင်အဖြစ်လက်ခံခဲ့ပြီး ..မာနာပလောခမ်းမမှာ နှစ်ဖက်စလုံးက ခေါင်းဆောင်တွေရှေ့မှာ သဘောထားရှင်းလင်းပွဲကို DAB က လူကြီးတွေရှေ့မှာ ရှင်းလင်းပြောကြားခဲ့တယ်၊


သူတို့က နေ၀င်းအောင်နှင့်စိုးလင်းကိုပါ ထပ်ဖမ်းပြီး..MTZဖက်မှာရှိတဲ့ ဗဟိုကော်မီတီအားလုံးကိုပါ ဖမ်းမိန့်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို NA ဗဟိုကော်မီတီဖက်မှာ ချခဲ့တယ်၊


DAB က အဲဒီစာကို ကျနော်တို့ကိုပြပြီး အသိပေးခဲ့တယ်၊ ဒါဟာ ကျောင်းသားစိတ်ရှိသူတွေက ကျောင်းသားစစ်စစ်တွေ လုပ်ရပ်နဲ့မတူပဲ အာဏာရှင် ထောက်လှမ်းရေးတွေ လုပ်နေကြဖြစ်တဲ့ တန်ပြန်ထောက်လှမ်းရေး၊ချေမှုန်းရေးပုံစံဖြစ်နေမှန်း သတိပြုမိခဲ့တယ်၊


ပြီးတော့ ကိုအောင်ထူးရဲ့ Statement ထွက်လာခဲ့တယ်၊ မြောက်ပိုင်းကိစ္စ ကို၎င်းတို့ NAဗဟိုအနေနဲ့လုံးဝတာဝန်ယူပါတယ်လို့ ..စစ်အစိုးရ(ရန်သူ) အလိုကျ ထုတ်ပြန်ကြေ ငြာချက် ထွက်လာတဲ့အခါမှာတော့ ဒီကိစ္စဟာ မကဒတ (ABSDF)ကို စနစ်တကျဖြိုခွဲဖျက်ဆီး နေပြီဆိုတာ ရိပ်မိလိုက်တယ်၊


ကျနော်တို့ဗဟိုကော်မီဖက်က DABကို အမြန်ဆုံးဝင်ရောက် ဖြေရှင်းပေးဖို့ ကျနော်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး စာပေးပို့ခဲ့ပါတယ်၊


ပြီးတော့နိုင်ငံ တကာ သတင်းဌါနတွေသိအောင်English Statementထဲမှာ မြောက်ပိုင်းက ဂိုင်းဆန်ဆန်လုပ်ရပ် ကို လုံးဝရှုံ့ချကြောင်း ကျနော်ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး သတင်းဌါနတွေကိုပေးပို့ ခဲ့ရပါတယ်။


DAB ကလည်း သူတို့အခက်အခဲနဲ့သူတို့ ..ပြီးတော့ တပ်မ သုံးမလောက်ရှိတဲ့ ရန်သူ စစ်တပ်က မာနာပလောကို ရှင်းလင်းဖို့ လာနေပြီဖြစ်တဲ့အတွက် စစ်ပူနေရချိန်မှာ အဆိုပါ ကိစ္စကို ၀င်ရောက်ကူညီပေးနိုင်ခြင်း မရှိခဲ့ပါဘူး၊


သေချာတာတစ်ခုကတော့ NAဗဟိုဖွဲ့စည်းပြီးနောက် ဘယ်လိုညွန်ကြားချက်၊ဘယ်လိုအမိန့်ပေးခဲ့တယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခဲ့ သူတွေပြောမှပဲ သိရတော့မှာပဲ၊


တစ်ချို့က အပြင်းအထန်ကန့်ကွက် တဲ့ သူတွေ ရှိတယ်လို့ကြား သိထားခဲ့ရပါတယ်၊ ဘာဖြစ်လို့ ဒီလို အပြင်းအထန် ကန့်ကွက်တဲ့သူတွေ ရှိနေတဲ့ကြားက ဒီလောက်အထိ ရန်သူအလိုကျ ဖြစ်ခဲ့ရသလည်းဆိုတာ စဉ်းစားကြည့်ရင် ABSDF ဗဟိုဟာ အနုကြမ်းစီးခံလိုက်ရသလား?လို့ပါ စိတ်ထဲက ခံစားမိခဲ့ရပါတယ်၊


သဘောချင်းမတိုက်ဆိုင်လို့ ကွဲခဲ့ရတဲ့ ညီနောင် ရဲဘော်ရဲဘက်တွေအပေါ် ဖမ်းဆီးမိန့်ပေးပြီး မြောက်ပိုင်းမှာလုပ်သလိုမျိုး တောင်ပိုင်းမှာဖြစ်အောင်လုပ်ဖို့ သူတို့ကြိုးစားခဲ့လေသလား။ သံသယဖြစ်မိခဲ့တာ အမှန်ပါပဲ၊


ကွန်မြူနစ်တွေကြီးစိုးထားတယ်....တဲ့။


MTZဗဟိုမှာ ကွန်မြူနစ်တွေကြီးစိုးထားတယ်လို့ NGOs တွေကို သူတို့ပြောထားပြီး အကူအညီ မရအောင် သူတို့လုပ်ခဲ့ကြတယ်၊ ဒါကြောင့် အကူအညီတွေပြတ် မသွားခင် ပင်လယ်ပြင်ကိစ္စကို တာဝန်ယူဖို့ ကျနော်ကိုဗဟိုကော်မီတီကတာဝန်ပေးလို့ ထပ်စကဲဒေသမှာ ကျောင်းသားတပ်မတော်ရဲ့ကိုယ်ပိုင်စခန်း(သို့)လွတ်လပ်သောစခန်းတစ်ခု ဖြစ်အောင်လုပ်ယူခဲ့ရတယ်၊ အနီးအနားမှာရှိတဲ့ မဟာမိတ်တွေကို မိမိတို့ရပ်တည်ချက်ကို သဘော ပေါက်အောင် သူတို့လက်ခံလာအောင် လုပ်နိုင်ခဲ့လို့ ကျနော်တို့စခန်းမကျခင်အထိ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ခဲ့တယ်၊


တကယ်ဆိုရင် မိုးသီးဇွန်ရဲ့ကွန်မြူနစ်ဆန်ဆန်ပြုမူပြောဆိုမှုကနေ တော်လှန်ကော်မီတီကို နောက်ကွယ်ကနေ ကြိုးကိုင်မှုကနေ သူတို့ထိုးနှက်ခွင့်ရသွားကြတာပါ၊ တကယ်ဆိုရင်ကျနော် တို့ အများစုက ကွန်မြူနစ်များ မဟုတ်ကြသလို ကွန်မြုနစ်စနစ်က ယုံကြည်သူများကိုလည်း လေးစားနားလည်ကြသူတွေပါ၊


စစ်အာဏာစနစ်ကို တော်လှန်ရာမှာ မကဒတဟာ လူတန်းစားပေါင်းစုံ အယူအဆပေါင်းစုံရှိသူတွေကို မကဒတရဲ့ဖွဲ့စည်းပုံစည်းမျည်းအောက် မှာ ပါဝင့်ခွင့်ပေးထားပေမယ့် သူတို့ဟာ ဒီစည်းမျည်းဥပဒေတွေကိုဖေါက်ချက်ပြီး။NGOsတွေနဲ့ တိုက်ပေးတာဟာ ၊ သံသယဖြစ်လာစရာဖြစ်လာပြန်တယ်၊


ဘာဖြစ်လည်းဆိုတော့ စစ်အာဏာ ရှင်တွေဟာ ရှစ်လေးလုံးလူထုတော်လှန်ရေးကြီးကို ကွန်မြူနစ်လုပ်တာပါ လို့ကမ္ဘာကြီး ကို ၀ါဒဖြန့်ပြီး လူထုတော်လှန်ရေးကို မှေးမှိန်အောင်လုပ်ခဲ့ကြတာကိုအမြဲတန်း အမှတ်ရနေ လို့ပါ။ ဘာဖြစ်လို့ သူတို့လုပ်ရပ်တွေက အာဏာရှင်တွေ ၀ါဒဖြန့်နေတာနဲ့သွားတူနေပါသလဲ၊


”တတိယညီလာခံအတွင်း နေ၀င်းအောင်ကိစ္စ” ”နေ၀င်းအောင် ”


ပြည်တွင်းမှာ မိုးသီးဇွန်နဲ့သိခဲ့လို့ မိုးသီးလူ လို့ တော်တော်များများ ယူဆခဲ့ကြတယ်၊သူဟာ မာနာပလောကို ယူဂျီကိစ္စနဲ့ပထမဦးဆုံးရောက်လာခဲ့ပြီး သူလုပ်ဖေါ်ကိုင်ဖက်အတူ လာ ခဲ့သူတွေပြည်တွင်းကိုပြန်ဝင်လာခဲ့ကြတယ်၊ ကိုဗသက်အောင်နဲ့ကိုသန်းထွန်းတို့ဟာ နှင်းပုလဲဘူတာမှာ အဖမ်းခံခဲ့ရကြတယ်၊


ကိုနေ၀င်းအောင်ကတော့ ကံကောင်းစွာလွတ်သွားခဲ့ တယ်၊ နောက်တော့မှပြည်တွင်းမှာ နေလို့မရတော့ဘူး ဆိုပြီး နယ်စပ်ကိုပြန်ထွက်လာခဲ့တယ်၊


ဘယ်စခန်းသွားမလဲ စီစဉ်ကြတော့ သူဟာ သံလွင်စခန်းမှာအဖွဲ့ဝင်ဖြစ်လာခဲ့တယ်၊ သံလွင်စခန်းမှာ တတိယအကြိမ်ညီလာခံကို ကျင်းပတော့ မကဒတဖွဲ့စည်းပုံစည်းမျည်းအရ သူ့မှာညီလာခံကိုယ်စားလှယ်ဖြစ်ခွင့်မရှိသေးဘူး၊ညီလာခံကိုယ်စားလှယ်အများစုက လက်ခံရင်ဖြစ်ခွင့်ရှိတယ်ဆိုပြီးတော့ ညီလာခံသဘာပတိအဖွဲ့ကိုတင်ပေးလိုက်တော့ သူဟာ ညီလာခံကိုယ်စားလှယ်အများစုရဲ့ထောက်ခံမှုနဲ့ကိုယ်စားလှယ်ဖြစ် လာခဲ့တယ်၊


ညီလာခံကိုယ်စားလှယ်ဖြစ်လာပြီးတာနဲ့ နေ၀င်းအောင် အစွမ်းပြလာတာ တွေ့ ရ တယ်။ သူဟာအုပ်စုအားကောင်းတဲ့ NA ဖက်ကို လုံးဝကို ယိမ်းသွားပြီး အကြီးအကျယ်တိုက် ခိုက်မှုကို စလာတော့တယ်၊


.ချီးထုပ်..ဆိုတဲ့စကားလုံးကိုလည်း စတင်ပြောဆိုသုံးစွဲလာသူ လည်း ဖြစ်တယ် ။ ”မင်းတို့ကျောင်းသားတွေ အားလုံး ချီးထုပ်တွေပဲ ” ဆိုတာ မပြောယုံတမယ် .. သူ့ စကားလှလှလေးတွေနဲ့သွယ်ဝိုက်ပြောဆိုခဲ့တာကြားရတော့ သူအပြောင်းအလည်း မြန်ဆန် မှုကိုအံသြရပေမယ့် ၊ သူ့ ကို NAဖက်က ဖမ်းလိုက်တော့ သိပ်တော့ မအံ့သြမိတော့ဘူး၊


တစ်နေ့ Agenda တစ်ခုအပေါ်အခြေခံပြီး ဖက်နှစ်ဖက်လိုဖြစ်နေကြတဲ့ ညီလာခံထဲမှာအကြီးအကျယ်ငြင်း ခုံကြတော့ နေ၀င်းအောင်ကနေ ညီလာခံကိုယ်စားလှယ်အားလုံး ညီလာခံခန်းမ ထဲက တစ် ယောက်မှ မထွက်ရဘူး၊ ဆိုပြီး ညီလာခံကို လုံခြုံရေးယူထားကြတဲ့ ရဲဘော်တွေကို ညီလာခံ ကိုဝိုင်းထားဖို့နေ၀င်းအောင်သူ့သဘာပတိလုပ်ပိုင်ခွင့်ကိုအသုံးချပြီး အမိန့်ပေးခဲ့တယ်၊


ဒီကိစ္စ ကို၊ ကိုမျိုးသန့်(၂၀၈)က တော်တော်ကိုမကျေမနပ်ဖြစ်ပြီး သူ(၂၀၈)တပ်ရင်းကိုအခြေအနေကို အကြောင်းကြားပြီး အသင့်ရှိနေဖို့ အနီးမှာရှိနေတဲ့ ကေအင်ယူအရာရှိတစ်ဦးဆီက ဆက်သွယ်ရေး စက်နဲ့အကြောင်းကြားခဲ့တယ်၊


အဲဒီနေ့မှာ ဘာမှမဖြစ်လိုက်ပေမယ့် အတော့်ကို ဆိုးဝါးတဲ့အခြေ အနေမို့ ကျနော်ညီလာခံကော်မရှင်ဥက္ကဌအနေ့နဲ့ ကေအင်ယူဒုဥက္ကဌဖဒိုစောသန်းအောင်ဆီ သွားရောက်အကြောင်းခဲ့ရပါတယ်။


ဖဒိုစောသန်းအောင်က စစ်လည်းပူနေပြီမို့ ”မင်းတို့အားလုံးမာနာပလောကိုပြန်လာပြီးညီလာခံ ဆက်လုပ်ကြ”ဆိုတော့ ကျနော်တို့က ချက်ခြင်းပြန်ထွက်လာခဲ့ကြတယ်၊


ကချင်ကိစ္စကြေးနန်းဝင်လာတယ် နှစ်ဖက်မကွဲခင်ကလေးမှာဝင်လာတယ်၊ ညီလာခံကျင်းပနေစဉ်ကြေးနန်းအားလုံးကို စစ် ကော်မရှင်ကကိုင်တွယ်သလို လက်ရှိဗဟိုကော်မီတီကလည်း နောက်ထပ်ဗဟိုကော်မီတီ အထိတာဝန်ဆက်ရှိနေသေးတယ်၊


စစ်ကော်မရှင်မှာ ကိုမိုးသီး၊ ဒေါက်တာနိုင်အောင်၊ ကိုလှဌေး(ကချင်)၊ အထွေထွေအတွင်းရေးမှုးကိုကျော်ကျော်တို့ပါပါတယ်၊


ကိုမိုးသီးက ကြေနန်းပါအကြောင်းအရာတစ်ချို့ကိုပြောပြတယ်၊ကိုလှဌေးက ဒါဟာမြောက်ပိုင်းဗဟိုကော်မီ တီကိစ္စပဲဖြစ်တယ်၊မြောက်ပိုင်းဗဟိုကော်မီတီကပဲသီးခြားကိုင်တွယ်သွားမယ်လို့ပြောတယ်၊


ဒီကိစ္စကိုအခုညီလာခံမှာချက်ခြင်းဆွေးနွေးရန်မဖြစ်နိုင်သလို ဘာအချက်အလက်စစ်ဆေးတွေ့ ရှိချက်မရှိပဲနဲ့လည်း ဆွေးနွေးလို့မရသလို ဆုံးဖြတ်ချက်ကိုလည်း ချလို့လုံးဝမဖြစ်နိုင်ပါဘူး၊ ကော်မရှင်ဖွဲ့ပြီးအသေးစိတ်စုံစမ်းစစ်ဆေးရေးတွေလုပ်ရမှာမို့ ဒီကိစ္စရဲ့အတိမ်အနက်ကို ဘယ်ညီလာခံကိုယ်စားလှယ်ကမှာသိခွင့်မရလိုက်ဘူး၊


ညီလာခံဟာ မကဒတရဲ့မူဝါဒကိုအဓိကရေးဆွဲပြီး ပြီးခဲ့သောဗဟိုကော်မီက ချမှတ် လုပ် ဆောင်ချက်တွေအားလုံးကို ပြန်လည်းဆုံးဖြတ်အတည်ပြုရတာဖြစ်တယ်၊ အသစ်ဖြစ်လာတဲ့ ကိစ္စတွေကိုနောက်ဖြစ်လာမဲ့ဗဟိုကော်မီကသာ တာဝန်ယူသွားရမယ်လိုနားလည်ထား ကြပြီး သားမို့ ဘယ်သူကမှ စောဒကတက်ခဲ့ကြတာမတွေ့ဘူး။


အဲဒီအချိန်မှာသတ်ဖြတ်မှုလည်းမဖြစ်သေးတာမို့ အားလုံးက သာမန်စပိုင် တစ်ဦးစ-နှစ်ဦးစ မိထားတယ်လို့ပဲ ထင်ခဲ့ကြတယ်၊ အဲဒီအချိန်မှာ စိုးလင်းက တုန်လှုပ်နေသလိုတွေ့ရပေမဲ့ ကိုလှဌေးကတော့အပေါ်စီးကနေပြီး ကချင်ကိစ္စကိုပြောရေးဆိုခွင့်ရှိသူအနေနဲ့နေသူ အဖြစ်တွေ့ခဲ့ရတယ်၊ ကချင်ကျော်ကျော်ကတော့သိပ်မပြောလှဘူး၊


"မကဒတ နှစ်ခြမ်းစကွဲပြီ၊"


၁၉၉၁ခု၊စက်တင်ဘာလ(၃၀)


NA ညီလာခံကိုယ်စားလှယ် တော်တော်များများ မာနာပလောမှာဆက်လက်ကျင်းပမဲ့ညီလာခံ ကိုမလိုက်ဘူးလို့တင်းထားခဲ့ပေမဲ့ နောက်ဆုံး KNUရဲ့ဒေသဆိုင်ရာလုံခြုံရေးအမိန့်ကိုအား လုံးလိုက်နာပြီး မာနာပလောမှာညီလာခံဆက်လုပ်ကြတယ်၊ DAB ခေါင်းဆောင်တွေကလည်း ညီညွတ်ရေးကိုအတတ်နိုင်ဆုံးကြိုပမ်းပေးခဲ့သော်လည်းမအောင်မြင်ခဲ့၊ ညီလာခံအတွင်းအကြီး အကျယ်ငြင်းခုံကြပြီး ညီလာခံကိုဆက်လက်ကျင်းပရန်မဖြစ်နိုင်တော့အခြေအနေဖြစ်လာရပြီမို့ ညီလာခံကိုခေတ္တရပ်ဆိုင်းကြောင်းDABဥက္ကဌစာရေးသားအကြောင်းကြားခဲ့ပါတယ်၊သူတို့ဟာ ဒီအေဘီရဲ့လာရောက်ညှိနှိုင်းပေးမှုကိုလုံးဝမစောင့်ဆိုင်းတော့ပဲ ညီလာခံကို၎င်းတို့ဖါသာ ဖျက်သိမ်းပြီး ကော်မရှင်အသစ်ကိုဖွဲ့စည်းပြီး စိုးလင်း (ကချင်) ကို ဥက္ကဌလုပ်စေခဲ့ပြီး သူတို့ဟာသူတို့ညီလာခံဆက်လုပ်ခဲ့ကြတယ်။


နှစ်ဖွဲ့ကွဲတဲ့အချိန်မှာ ကိုအောင်ထူးက ကိုမိုးသီးဆီလာပြီး ကျနော်ကိုအထွေထွေအတွင်းရေး မှုးနေရာပေးပါ ကျနော်ကိုမိုးသီးတို့နဲ့တွဲလုပ်ပါမယ်လာပြောတယ်၊ မိုးသီးဘာပြောလိုက်လို့ မသိဘူး၊ ကိုအောင်ထူးပြန်လှည့်ထွက်သွားပြီး ကိုနိုင်အောင်ဖက်ကိုပါသွားတာပါပဲ၊ သူတို့ သံလွင်စခန်းကိုပြန်ပြီး သူတို့ဟာသူတို့ညီလာခံဆက်လုပ်ကြတယ်၊ကျနော်တို့ဖက်ကအစည်း အဝေးတစ်ခုကိုပြုလုပ်ပြီး ဗဟိုကော်မီတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ကြတယ်၊


မကဒတဥပဒေအရ နှစ်ဖက်စလုံးညီလာခံကိုယ်စားလှယ်မပြည့်တဲ့အတွက် ညီလာခံမမြောက်တော့ပါဘူး၊ ညီလာခံ ဖြစ်မြောက်ရေးကော်မရှင်ကိုညီလာခံကိုယ်စားလှယ်တွေကလည်းဖျက်ပိုင်ခွင့်မရှိတဲ့အတွက် ညီလာခံပျက်သွားတယ်လို့ပဲဆိုရမယ်၊ မျှမျှတတပြောရမယ်ဆိုရင်နှစ်ဖက်စလုံးကဗဟိုကော်မီ တီဟာ ညီလာခံကဖြစ်လာတဲ့ဗဟိုကော်မီတီမဟုတ်တော့ဘူး၊


သူတို့သံလွင်စခန်းမှာအစည်း အဝေးကိုဆက်ကျင်းပကြတယ်၊ ကိုဝင်းမင်း၊ကိုအောင်နိုင်ဦးတို့ကမကြာခင်သူတို့ကျင်းပနေတဲ့ အစည်းအဝေးခန်းထဲကလန်ထွက်လာတယ်၊အုပ်လိုက်ဝိုင်းကိုက်လိုက်ကြတယ်ထင်ပါတယ်၊ နောက်တော့သူတို့ကျနော်တို့ဗဟိုကော်မီတီမှာကော်မီတီဝင်တွေဖြစ်လာကြတယ်၊


တော်တော်ဒေါသထွက်ခဲ့ကြတာအမှန်ပဲ


ဗဟိုကော်မီတီတစ်ခုစီဖြစ်လာပြီး သီးခြားအုပ်ချုပ်မှုတွေဖြစ်လာကြပြီး တစ်လအကြာလောက် မှာ မကဒတမြောက်ပိုင်းမှာ ကျောင်းသားခေါင်းဆောင်ကိုထွန်းအောင်ကျော်အပါအ၀င် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသတင်းထွက်ပေါ်လာခဲ့တယ်၊ မိမိတို့ဗဟိုအနေနဲ့လုံးဝမသက် ဆိုင်သော်လည်းပဲ မကဒတတစ်ခုလုံးကိုရိုက်ချိုးခဲ့တဲ့ဖြစ်ရပ်မို့ မိမိတို့အားလုံးဝမ်းနည်းဒေါသ ဖြစ်ခဲ့ကြရတယ်၊


နိုင်ငံရေးအရအလံတော်အတွက် မကဒတရဲဘော်တိုင်းတွင်တာဝန်ရှိလာကြရသည်မို့ ဤကိစ္စကိုတာဝန်ခံလုပ်ဆောင်ခဲ့သူတွေကို စတင်ဖြစ်ကတည်းကပင် တော်တော်ဒေါ သထွက်ခဲ့ကြတာကို လူတိုင်းသိခဲ့ကြပါတယ်၊ ကျနော်တို့အားလုံးမကဒတကိုချစ်ခဲ့ကြတာ မဟုတ်ပါလား၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်ဖက်မှဖြစ်ခဲ့ဖြစ်ခဲ့ အလံတော်တစ်ခုတည်းအောက်မှာရှိနေကြတဲ့ ငါတို့အားလုံးနဲ့ဆိုင်တယ်၊ ဒါပေမဲ့အဓိကတာဝန်ရှိသူတွေကိုတော့လုံးဝဖေါ်ထုတ်အရေးယူ ရမယ်ဆိုတာဘယ်သူမှငြင်းလို့မရဘူး၊


မာနာပလောတိုက်ပွဲကိုလည်း အုပ်ချုပ်မှုတစ်ခုစီအဖြစ်တိုက်ပွဲဝင်ခဲ့ကြပေမဲ့ နှစ်ဖက်စလုံးမှ ရဲဘော်တွေအားလုံး မကဒတနိုင်ငံရေးဆုံးရှုံးမှုအတွက်ဝမ်းနည်းပက်လက်ဖြစ်ခဲ့ကြကိုလည်း တွေ့ခဲ့ရပါတယ်၊ ဒါဟာမြောက်ပိုင်းကိစ္စဖြစ်တယ်ဆိုပြီး ပြောနေလို့လည်း မကဒတရဲ့ဂုဏ်သိက္ခာ ထိခိုက်နေဦးမှာမို့ တာဝန်ရှိသူတွေကိုအရေးယူနိုင်ပါမှ ဒီဂုဏ်သိက္ခာတွေပြန်ဆယ်နိုင်မှာဖြစ် တယ်ဆိုတာကိုလည်းနားလည်ထားတာမို့ ကံယကံရှင်တွေရှိခိုက် သူတို့ဆန္ဒတွေကိုဝိုင်းဝန်း ပံ့ပိုးပေးရမယ်လို့လည်းနားလည်ထားပါတယ်၊ တစ်ချို့တစ်ချို့သောတိုက်ခိုက်မှုတွေ backfire လုပ်မဲ့ဟာတွေကိုလည်းကြိုတင်မြင်ပြီးသားမို့ ဒါတွေကိုဂရုစိုက်နေရင်သမိုင်းအမှန်ပျောက်သွား မဲ့ကိန်းရှိနေပါတယ်၊ ငါဟာငါ့အတွက်လုပ်နေတာမဟုတ်ဘူး၊ ဒီမိုကရေစီအရေးအတွက် လုပ်နေတာမို့ ငါကိုပုဂ္ဂိုလ်ရေးတိုက်ခိုက်လာရုံလောက်နဲ့ ငါနောက်ဆုတ်သွားခဲ့ရင် ကျဆုံးသွား ခဲ့တဲ့ မိမိတို့ညီအစ်ကိုရဲဘော်ရဲဖက်တွေအပေါ်မှာ ငါလုပ်ပေးနိုင်တာတွေစွန့်လိုက်လိုက်ရမှာပေါ့ ငါဘယ်တော့မှနောက်မဆုတ်ဘူး၊


တကယ်တော့ရီစရာမကောင်းဘူး၊ ရွံစရာကောင်းတယ်ပြောရမယ်၊ Ronald Aung Naing ကိုဥက္ကဌလေးဆိုပြီးဆက်ဆံနေကြတဲ့သူတွေကိုကျနော်မြင်နေရပါတယ်၊


သူ့ကိုဥက္ကဌလေး လို့ခေါ်နေကြတဲ့သူတွေကနေပြီး ကျနော်ကိုတိုက် ခိုက်လာတဲ့အတွက် အင်း..လောကကြီးမှာ လူသတ်သမားကိုကိုးကွယ်နေ တဲ့သူတွေလည်းရှိ နေပါသေးလားလို့ တရားကျမိပါရဲ့ဗျာ၊


ပုဂ္ဂိုလ်ရေးခင်မင်မှုကိုလူ့အခွင့်အရေးထက်ပိုမိုတန်ဖိုးထားသူတွေရဲ့ရပ်တည်မှုကိုမြင်လာရပြန်တော့လည်း နောက်ထပ်တရားကျရပြန်သေး၊ တစ်ခုတော့ပြောလိုက်ပါမယ် အမှန်တရား ကို ပြောဖို့အတွက် မတရားအသတ်ခံခဲ့သူတွေဝိညာဉ်တွေ ငါ့ကိုတွယ်ပတ်ရစ်နှောင်ထားသမျှ ငါ့အသက်ခန္ဒာရှိနေသေးသရွေ့ တိုက်ခိုက်မှုတွေအားလုံးကို ပန်းနဲ့ပေါက်တာလောက်ပဲ ထင်တယ်သူငယ်ချင်းတို့ရေ။


ကိုကိုဦး(၁၀၂)


-------------------------------------

(ABSDF တောင်ပိုင်းမှာ အတွင်းရေးမှုး မျိုးဝင်း ကိုယ်တိုင် ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရသော ကိုနေ၀င်းအောင်ရဲ့ ဖြေရှင်းချက် မူရင်းစာ)

စစ်ကော်မရှင်


မ.က.ဒ.တ (ဗဟို)


၁၉၉၆ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်


အကြောင်းအရာ။ ။ စစ်ကော်မရှင်၏ အမှားများကို ၀န်ခံပြင်ဆင်နိုင်ရန် အသိပေးခြင်း။


အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ဖေါ်ပြပါ အချက်အလက်များကို အသိပေးသည်။


၁။ ရဲဘော်နေ၀င်းအောင် (ကပ-၂၁၇။ ၂၀၉) သည် တပ်ရင်း (၂၀၉) သံလွင်စခန်း မကဒတ တပ်ဖွဲ့ဝင် တဦး ဖြစ်သည်။


၂။ မကဒတ ဗဟို၏ တာဝန်ပေးချက်အရ NCGUB ပြန်ကြားရေး ၀န်ကြီးဌါနတွင် ညွှန်ကြားရေးမှုးအဖြစ် ၁၉၉၁ ဖေဖေါ်ဝါရီလမှ ၁၉၉၁ စက်တင်ဘာလ အထိ တာဝန်ထမ်းခဲ့သည်။


၃။ မကဒတ တတိယအကြိမ် ညီလာခံမှ (၁၉၉၁)မှ မကဒတ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီရွေးချယ် တင်မြှောက်ခြင်းခံရသော ဗဟိုဦးဆောင် ကော်မတီဝင် တဦးဖြစ်သည်။


၎။ မကဒတ( မပ)၏ န၀တ သူသျှို ဖြစ်ကြောင်း အကြောင်းကြားစာအရ ကိုစိုးလင်း (မပ)ကို ဖမ်းဆီးရာတွင် ဗဟိုဦးဆောင်ကော်မတီ၏ တာဝန်ပေးမှုအရ မိမိကိုယ်တိုင် ဖမ်းဆီးခဲ့သည်။


၅။ ဗဟိုဦးဆောင်ကော်မတီ၏ တာဝန်ပေးချက်အရ ၁၉၉၁ အောက်တိုဘာလမှ ၁၉၉၂ ဧပြီလအထိ KNU တပ်မဟာ( ၆)နယ်မြေရှိ မကဒတ တပ်ရင်းများ ဖွဲ့စည်းရေး စည်းရုံးရေးတာဝန် တပ်မဟာ(၄)နယ်မြေ မကဒတ တပ်ရင်းများ ဖွဲ့စည်း စည်းရုံးရေးတာဝန် မာနယ်ပလော (ထီပါဝီကြိုး) ခံစစ်တွင်း စည်းရုံးရေးတာဝန် ပြည်တွင်း U.G လုပ်ငန်းအတွက် ဆက်သွယ်ဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့သည်။


၆။ ၁၉၉၂ ဧပြီ(၂၀)တွင် ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး (မာနယ်ပုလော) လုပ်နေစဉ် အစည်းအဝေးခန်းအတွင်း၌ အခြား C.E.C များ ရှေ့မှာပင် အတွင်းရေးမှုး(၂) လှဌေးက သေနတ်ထောက် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဖြေရှင်းခွင့် မေးမြန်းခွင့် လုံးဝမပြု ခေါင်းအ၀တ်စွပ်၍ သင်တန်းကျောင်း အချုပ်ပို့ချုပ်နှောင်ခဲ့သည်။


ရ။ ကျော်ကျော်(အပု-ကချင်)မှ ထိုစဉ်က ၀တ်ဆင်ထားသော မကဒတ ကျောင်းသားတပ်မတော် လက်မောင်း ရင်ဘတ် တံဆိပ်များကို ဒါးဖြင့် ဆွဲဖြဲ ဖြတ်ထုတ်ခဲ့သည်။


၈။ လှဌေး(ကချင်မှ ကိုယ်စားလှယ်)။ ကျော်ကျော်(အပု-ကချင်)။ ခင်မောင်ဆွေ(မိချမ်း) တို့ပါဝင်သော စစ်ကြောရေးအဖွဲ့ ဆိုသူတို့က မိမိကို သူသျှိုဖြစ်၍ စကရက ဖမ်းကြောင်းပြောသည်။ မိမိက မဟုတ်မှန်ကြောင်း အဖွဲ့အစည်းနှင့် တော်လှန်ရေး အကျိုးစီးပွားမထိခိုက် စေလိုကြောင်း မကဒတ တပ်ဖွဲ့ဝင် တဦးဖြစ်၍ အမှန်တရားကို လက်ခံဆောင်ရွက်မည် ဖြစ်ကြောင်း ပြောခဲ့သည်။


၉။ မိမိအား ညလုံးပေါက် စစ်မေး၍ နေ့ဖက်တွင်လည်း အိပ်မရအောင် ပြုခြင်း ထမင်းတနပ်နှင့် ရေ ၁ ဗူးသာ ပေးခြင်း စိတ်ဓါတ်ကျအောင် ပြုမူဆက်ဆံခြင်းများ ပြုလာခဲ့သည်။


၁၀။ ၁၉၉၂ ဧပြီ (၂၀)မှ မေ (၃)ရက်အထိ ကိုယ်ရေးဖြစ်စဉ်နှင့် လှုပ်ရှားမှုများ (ပြည်တွင်း။ တော်လှန်ရေးနယ်မြေ) ကို ညစဉ် ၈ နာရီမှ မနက် ၄ နာရီကျော်အထိ စစ်မေးကြသည်။ မိမိက န၀တ သူလျှို မဟုတ်ကြောင်း မကဒတ တာဝန်ကို ဆောင်ရွက်ရာတွင် နိုင်ငံရေးအတွေးအခေါ် မမှန်ခြင်း မကဒတ မူဝါဒအား ချိုးဖျက်ခြင်း လုပ်ဟန်မှားယွင်းခြင်း ကိုယ်ကျင့်တရားဖေါက်ပြန်ခြင်း လုံးဝမရှိကြောင်းကို အခိုင်အမာပြောခဲ့သည်။


၁၁။ သို့သော် စစ်ကြောရေး အဖွဲ့ ဆိုသူတို့က မေ (၄)ရက်နေ့မှ စကာ မိမိကို န၀တ သူလျှိုဖြစ် ကြောင်း ရိုက်နက် ညှင်းဆဲ၍ ၀န်ခံခိုင်းသည်။


(၁) အမည်ဝှက်


(၂) ကိုယ်ပိုင်အမှတ်


(၃) ရာထူး အဆင့်


(၄) တာဝန်


(၅) အဖွဲ့အစည်း အမည်- စသော မေးခွန်း (၅)ခု ကို သာ ထပ်တလဲလဲ မေးပြီး မေလ (၅)ရက်မှ (၁၃)ရက်အထိ ညလုံးပေါက် နေ့စဉ် ရိုက်နက် ညှင်းဆဲ ထိုးကြိတ် ကန်ကြောက် ခဲ့ကြသည်။ နေ့ဖက်တွင်မြေကျင်းထဲ၌ ချုပ်ပြီး အစားနှင့်ရေ မပေးပဲ ထားခဲ့သည်။


၁၂။ မိမိက မဟုတ်မှန် စွပ်စွဲ မှုကို လုံးဝငြင်းဆိုပြီး မကဒတ တပ်ဖွဲ့ဝင်တဦးရထိုက်သော ဖွဲစည်းပုံပါ အကာကွယ်ကို တောင်းဆိုသဖြင့် ထုတ်တွင် ကြိုးဆွဲ၍ ရိုက်နက် ကန် ထိုးကြိတ်ကြခြင်း ပလပ်စတစ်အိပ်ခေါင်းစွပ်ကာ စစ်ခြင်း သံချွန်ဖြင့် ထိုးဆွခြင်း ရေလောင်းရေနစ်၍ စစ်ခြင်း ညို့တကျည်းကို ဒုတ်ဖြင့်လှိမ့်ခြင်း စသည့် ညှင်းပမ်းနှိပ်စက်မှု မျိုးစုံကို နေ့ရောညပါ လူမဆန်စွာ ပြုခဲ့ ကြသည်။ အကြိမ်ကြိမ် သတိမေ့သွားသည် အထိ ညှင်းပမ်းခဲ့ကြသည်။


၁၃။ တဖန် လျှပ်စစ်မီးထိုး၍ စစ်ခြင်း လိင်အင်္ဂါအား အချိုရည်သုတ်၍ ကရင်နီ ပုရွတ်ဆိပ်များ ကိုက်ခိုင်းခြင်း တောက်တဲ့အား ကိုက်ခိုင်းခြင်း စအို၌ ဒုတ်ထိုး၍ စစ်ခြင်း အ၀တ်အစားမဲ့ထား၍ လိင်အင်္ဂါများကို ထိုးဆွ၍ နှိပ်စက်ညှင်းပမ်းခြင်း များပြုခဲ့သည်။


၁၄။ အတွင်းရေးမှုး မျိုးဝင်း လာရောက်ကြည့်ရှု့ စစ်ဆေးစဉ် မိမိက မိမိသည် သူလျှို မဟုတ် မကဒတ တပ်ဖွဲ့ဝင် ရဲဘော်တဦးဖြစ်ကြောင်း စစ်ကော်မရှင်အနေဖြင့် မှားယွင်းစွာ လုပ်ဆောင်နေပြီဖြစ်ကြောင်း မကဒတ တပ်ဖွဲ့ဝင် တဦးအနေဖြင့် မကဒတ ဖွဲ့စည်းပုံနှင့်အညီ ရသင့်သော ကာကွယ်စောင့်ရှောက်မှု ရထိုက်ကြောင်း ယခုပြုမူပုံမှာ လူ့အခွင့်အရေးနှင့် လူ့ ဂုဏ်သိက္ခာကို ထိခိုက်စေလှသည့် ညှင်းပန်းနှိပ်စက်မှုသက်သက်သာ ဖြစ်ကြောင်း တော်လှန်ရေး အကျိုးစီးပွားကို မထိခိုက်စေလိုကြောင်း တင်ပြခဲ့သည်။ သို့သော် မျိုးဝင်းက ပို၍ ရက်စက်ရိုင်းပြစွာ နေ့ရောညပါ ရိုက်နက်ညှဉ်းဆဲမှုများ ပြုကာ မရရအောင် ၀န်ခံခိုင်းစေခဲ့သည်။


၁၅။ တဖက်မှလဲ မိမိ၏ ဇနီးဖြစ်သူ ဒေါ်ရင်ရင်ဖူးအား ဖမ်းဆီးထားကြောင်း မိမိဝန်မခံလျှင် သူမ၏ လုံခြုံရေးကို တာဝန်မယူ သူမကိုပါ ညှဉ်းဆဲနှိပ်စက်မည် ဖြစ်ကြောင်း(မုဒိန်း ကျင့်မည် ဖြစ်ကြောင်း)လှဌေးနှင့် ကျော်ကျော်တို့က ပြောခဲ့သည်။ အထူးသဖြင့် မြောက်ပိုင်းမှ တိုက်ပိတ်မိန်းမ ခင်ဆွေဦး နန်းအောင်ထွေးကြည် နှင့် နို့လှန်ပြရသော ရဲမေလေး တဦး တို့၏ အဖြစ်ကို သာဓကပြကာ ခြိမ်းခြောက်ခဲ့ကြသည်။ အမျိုးသမီးတဦး၏ အော်ဟစ် ညှဉ်းညူသံများဖြင့်လည်း စိတ်ဓါတ်ကျအောင် ညှဉ်းပမ်းခဲ့သည်။


၁၆။ နှိပ်စက်ညှဉ်းပမ်းမှုများကို မိမိကိုယ် မိမိ မယုံကြည်နိုင်လောက်အောင် တောင်ခံကာ အမှန်အတိုင်းရပ်တည်ခဲ့သော်လည်း ငှက်ဖျားနှင့် ၀မ်းကိုက်ရောဂါ ထပ်ဆင့် ဖြစ်လာပြီး လက်ခြေ လုံးဝ မလှုပ်နိုင်သည့် အခြေအနေ ဖြစ်လာရာ န၀တ သူလျှို ဖြစ်ပါသည်ဟု စစ်ကော်မရှင် (စစ်ကြောရေးအဖွဲ့)၏ အလိုကျ ၀န်ခံခဲ့ရသည်။


၁၇။ အတွင်းရေးမှုး (၂) လှဌေး အရက်မူး၍ ရဲဘော်ငယ် တဥိးခေါ်လာကာ (တက္ကသိုလ်ဆရာ ရိုက်ဖူးတယ်ရှိအောင်ရိုက် ဟု ဆိုကာ ထိုးကြိတ်ရိုက်နက်ခိုင်း ဒါးဖြင့် ထိုးဆွခိုင်းခြင်း မြေကြီးကျင်း တူးခိုင်းပြီး သေနတ်ဖြင့် ချော်ပစ်ခြင်း။ မြေတွင် ကြိုးတုတ် ဒရွတ်ဆွဲ၍ ရိုက်ခြင်း များ ထပ်မံပြုခဲ့သည်။


၁၈။ ကျော်ကျော်( ဒု ဥက္ကဌ) ကိုအောင်ထူး၊ ဒေါက်တာမြင့်ချို၊ ကိုမောင်ဒီ စိုင်းမြင့်သူ(၂၀၉) ကိုမောင်မောင်ကြီး ကိုမောင်မောင်တိတ် မသက်သက်လွင် ကိုထွန်းမြတ်သူ တို့သည် သူလျှိုများ ဖြစ်ကြောင်း မိမိ၏ လူများ ဖြစ်ကြောင်း ရိုက်နက်ဝန်ခံခိုင်းခဲ့သည်။ မိမိမှ မဟုတ်ဟု ငြင်းပယ်ခဲ့သည်။ ၁၉။ ကိုဝင်းနိုင်ဦး ကိုကိုဦး ကိုနေမျိုး ကိုဌေးအောင်( ကုလားလေး) ကိုဌေးနိုင်( ABSDF -မိုးသီးဇွန် အဖွဲ့) တို့သည်လည်း သူလျှိုများဖြစ်ကြောင်း မိမိလူများ ဖြစ်ကြောင်း ရိုက်နက်ဝန်ခံ ခိုင်းခဲ့သည်။


၂၀။ မကဒတ တွင်းရှိ လုပ်သားကောလိပ် ကျောင်းသားများဖြစ်သော မောင်မောင်ကြီး သက်တင်ဦး လှဌေး မောင်မောင်ထွန်းနှင့် သိန်းထိုက်ဦး (R.I.T) ကိုအေးကို (လူ့ဘောင်သစ်) တို့သည်လည်း မိမိ၏ လူ (န၀တ သူလျှိုများ) ဖြစ်ကြောင်း ရိုက်နက်ပြီး ၀န်ခံခိုင်းခဲ့သည်။ မိမိက မဟုတ်သည့် အတွက် ၀န်မခံ ငြင်းပယ်ခဲ့သည်။


၂၁။ တဖန် တပ်ရင်း (၂၀၉)မှ မိမိရဲဘော်များ ဖြစ်သော ကိုအောင်နိုင် ကိုတင်အောင်ဝင်း ကိုမင်းသိမ်းကို ဥာဏ်ထွန်း ကိုတင်မျိုး ကိုအောင်သူ တို့သည် မိမိလက်အောက်ခံ သူလျှို များဖြစ်ကြောင်း ရိုက်နက် ၍ ၀န်ခံခိုင်းသည်။




၂၂။ အထူးသဖြင့် မိမိကျမ်းမာရေး (၀မ်းကိုက်။ ခြေလက်သေ)စဉ် စစ်မေးသော ကိုအောင်သူ။ ကိုဌေးနိုင်တို့သည် န၀တ သူလျှိုများ ဟု ဆိုကာ အပြင်းအထန် နှိပ်စက်၍ ပြောခိုင်း ၀န်ခံခိုင်းသဖြင့် ၀န်ခံခဲ့ရသည်။


၂၃။ မိမိ၏ ၀န်ခံချက်ကို စစ်ကြောရေး အဖွဲ့၏ စိတ်တိုင်းကျ ရေးသား၍ လက်မှတ်ထိုး ၀န်ခံပေးခဲ့ ရသည်။


၂၄။ မကဒတ ဗဟိုစစ်ကော်မရှင် စစ်ကြောရေးအဖွဲ့ ဆိုသူတို့၏ စစ်ဆေးပုံမှာ နိမိတ်ပြ မေးခွန်းများဖြင့် လိုချင် ဖြစ်စေချင်သည်ကို ရိုက်နက် ညှဉ်းဆဲကာ ၀န်ခံခိုင်းခြင်းပင် ဖြစ်သည်။ မိမိ၏ လူသား ဂုဏ်သိက္ခာ အခွင့်အရေးကို ရက်စက်စွာ ချိုးဖျက်ယုံ သာမက မိမိတပ်ရင်း (၂၀၉)၏ ဂုဏ်သိက္ခာ ဇနီး မိဘ၊ ဆွေမျိုး တို့၏ ဂုဏ်သိက္ခာ ကိုပါ ထိခိုက်စေရန် ” စိတ်ဓါတ်ကို ရိုက်ချိုး ပစ်ရမည်” ဟု အတွင်းရေးမှုး မျိုးဝင်း(ထားဝယ်) တွင်း(၂)လှဌေး(ကချင်) တို့က ညွှန်ကြား လုပ်ဆောင်ခဲ့ကြသည်။


၂၅။ ပြောစေလိုသော စကားများကို ကြိုတင် သိစေ၍ ပြောခိုင်းပြီး ဗွီဒီယိုရိုက်ကူးကာ ပြစ်ဒါဏ်မချ တရားမစီရင်မီကပင် ၀ါဒဖြန့် ခဲ့သည်။


၂၆။ ရေးစေလိုသော အချက်အလက်များကို ရေးခိုင်းပြီး ဒေါင်းအိုးဝေ စာစောင်၌ ထည့်သွင်းကာ ပြစ်ဒါဏ်မချ တရားမစီရင်မီကပင် ၀ါဒဖြန့် ခဲ့သည်။


၂၇။ မဟာမိတ်ခေါင်းဆောင်ကြီးများ N.G.O များ ရှေ့တွင် ၀န်ခံရန် ခြိမ်းခြောက်ခိုင်းပြီး ဗွီဒီယို ရိုက်ယူကာ ၀ါဒဖြန့်ခဲ့သည်။


၂၈။ ဗွီဒီယိုရိုက် စာရေး ၀န်ခံပြောကြားခိုင်းရာတွင် စိတ်တိုင်းမကျလျှင် အမူအရာပျက်လျှင် စကားလုံးမှားလျှင်ပင် ထပ်မံရိုက်နက်ညှဉ်းဆဲခြင်း အစားနှင့် ရေဖြတ်ပြီး ခြိမ်းခြောက်ခြင်းများ ပြုခဲ့ကြသည်။


၂၉။ မကဒတ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်စွာ လူ့အခွင့်အရေး တပ်ဖွဲ့ဝင် အခွင့်အရေးများကို လုံးဝ လျစ်လျူရှု၍ ရိုပ်ပိုင်း စိတ်ပိုင်း အမျိုးမျိုး လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်ပြီး ၁ နှစ်ကျော် ချုပ်နှောင်ထားစဉ် တရားမျှတစွာ ခုခံချေပခွင့် စစ်ကော်မရှင်တွင် မပါသော C.E.C/CC များနှင့် တွေ့ခွင့် လုံးဝ မပြုခဲ့ အတွင်းရေးမှုး မျိုးဝင်းနှင့် လှဌေး မှ ” ဒီကောင်တွေ လင်မယားက လူချစ်လူခင် များတယ် ပေးတွေ့ပေးရင် ငါတို့ဖက် သေနတ်ပြောင်း လှည့်လာမယ်” ဟုပင် ထုတ်ပြော ခဲ့သည်။


၃၀။ မိမိက တောင်းဆိုခဲ့သော C.E.C ဒေါက်တာမြင့်ချို ၊တပ်ရင်း(၂၀၉) ဥက္ကဌ ကိုစိုင်းမြင့်သူ ၊ တပ်ရင်းမှုး ကိုသိန်းဆန်း ၊ ဒုရင်းမှုး ကိုမောင်ဦးတို့ နှင့်လည်း လုံးဝ တွေ့ခွင့် မပြုခဲ့ပဲ တောင်းဆို၍ ရိုက်နက်မှုနှင့် ထိုသူများသည် မိမိလူများ ဟုတ်/မဟုတ် ဟူသည့် ညှဉ်းဆဲ နှိပ်စက် ၀န်ခံခိုင်းမှု သာရခဲ့သည်။ ၃၁။ ရုံးတင်စစ်ရာတွင်လည်း ကြိုတင် အသိပေးခြင်း လုံးဝမရှိဘဲ ရုံးမထုတ်ခင် တရက်အလို၌ ဥက္ကဌ နိုင်အောင် (လက်ရှိ FDB အဖွဲ့၏ အထွေထွေအတွင်းရေးမှူး၊)( ဟစ်တိုင်က ယခုလက်ရှိ ရာထူးကို ဖြည့်စွက်ထားပါသည်။) ရောက်လာကာ “ရုံးတင်မည် ပြောခိုင်းထားသည့် အတိုင်း မပြောဘဲ ရုတ်ရုတ်ရက်ရက်လုပ်လျှင် ခုံရုံး ဖျက်၍ နှိပ်စက်ကာ သတ်မည် အလောင်းပင် လူစဉ်မမှီဖြစ်စေမည် ဟု ခြိမ်းခြောက်ပြီး နောက်နေ့ ရုံးထုတ်ခဲ့သည်။


၃၂။ မကဒတ ဖွဲ့စည်းပုံ ဥပဒေနှင့် မညီ တရားဥပဒေနှင့် မညီသော တရားစီရင်ရေး အဖွဲ့ တရားစီရင်ရေး နည်းလမ်း အချိန်တိုအတွင်း လုံးဝ ခုခံချေပခွင့် အကာကွယ်ရယူခွင့် မပြုဘဲ တဖက်သတ် စစ်ဆေးကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ချခဲ့သည်။


၃၃။ သို့သော် အပြစ်မချခင် ကပင် အလုပ်ကြမ်း အမျိုးမျိုး ကို ခိုင်းစေခြင်း အစာ ရေ ဖြတ်၍ မြေတိုက် ခွေးအိမ် အချုပ်များဖြင့် ကြပ်တည်းစွာ ချုပ်နှောင် ညှဉ်းပမ်း အပြစ်ပေးခဲ့ပြီး ဖြစ်နေသည်။


၃၄။ ညီလာခံများ (အရေးပေါ်/စတုတ္ထညီလာခံ) အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အယူခံခွင့် ဖြေရှင်းတင်ပြခွင့် ပြစ်ဒဏ်လျှော့ခြင်းများ လုံးဝမပြုဘဲ ၃နှစ်နှင့် ၈ လကျော် ချုပ်နှောင်ထားရာတွင် လူသားတယောက် သုံးပန်းတဦး အဖြစ်ပင် မဆက်ဆံ ခိုင်းစေ ဥာဉ်းဆဲခြင်း ဂုဏ်သိက္ခာ ချိုးဖဲ့ ဖျက်ဆီးခြင်းများပြုခဲ့သည်။


၃၅။ ဇနီး ဒေါ်ရင်ရင်ဖူးအား အများအမြင် (တပ်တွင်းနှင့် N.G.O) ကောင်းစေရန်သာ တွေ့စေပြီး အမျိုးမျိုး ဂုဏ်သိက္ခာ ထိပါးစေရန် ထိုးနှက်ခဲ့သည်။ ပေးပို့သော အစားအစာ အသုံးအဆောင်များကိုလဲ (မဆလ)န၀တ အကျဉ်းထောင်များထက် ဆိုးဝါး ယုတ်မာစွာ ဖြတ်စား လပ်စားလုပ်ခဲ့ကြသည်။


၃၆။ ၃ နှစ် ၈ လကျော် ချုပ်နှောင်ထားရာတွင် တနေရာထဲ၌ မဟုတ်ပဲ (၇)နေရာ (ထိုင်း နယ်မြေ အပါအ၀င်)ချုပ်နှောင်ခဲ့ရာ မိမိမှ အမှန်တရားနှင့် သမိုင်းမှန်ကို ယုံကြည်၍ ထွက်ပြေးခြင်း မပြုဘဲ ရင်ဆိုင်နေခဲ့သည်။ သို့သော် ပြောင်းရွေ့ ချုပ်နှောင်ရန်နှင့် ပြောင်းရွေ့စဉ် ထွက်ပြေး၍ ပစ်သတ်လိုက်ရ ဟူသည့် စီမံဆောင်ရွက်မှုမျိုး လုပ်ဆောင်လာသည်ကို တွေ့ရသည်။ မကဒတ အဖွဲ့အစည်းကို ယုံကြည်သော်လည်း စစ်ကော်မရှင် အတွင်း၌ မူမမှန်မှုများ ရှိနေသည်ကို တိကျစွာ (အထောက်အထား) နှင့်တကွ သိလာခဲ့သည်။ မကဒတ တော်လှန်ရေး အကျိုးစီးပွားကို ဖျက်ဆီးနေပြီး အဆုံးသတ်ပြိုကွဲသည် အထိ(သမိုင်းနှင့်ချီ၍) လုပ်ဆောင်သွားမည့် န၀တ သူလျှို အစစ်အမှန်များ ရှိနေကြောင်း အခိုင်အမာ သိရှိသည်ကို ဖော်ထုတ်ပြနိုင်ရန် ၂၄.၁၁.၉၅ တွင် အချုပ်မှ ခိုးဖေါက် ထွက်မြောက်ခဲ့သည်။ အချုပ်အားဖြင့် အသိပေးလိုသည်မှာ


(က) မိမိသည် စစ်မှန်သော မကဒတ တပ်ဖွဲ့ဝင် ရဲဘော်တဦးဖြစ်သည်ဟု ယနေ့တိုင် ခံယူထားသည်။


(ခ) စစ်ကော်မရှင်သည် မကဒတ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ဆန့်ကျင်စွာ တော်လှန်ရေး ထိခိုက် နစ်နာစေသည့် ပုဂ္ဂိုလ်ရေး အမှား အတွေးအခေါ်အမှား လုပ်ဟန်မှားများကို ပြုခဲ့သည်။


(ဂ) စစ်ကော်မရှင်၏ မှားယွင်းမှုသည် န၀တ၏ အလိုကျ ဖြစ်နေယုံမက သန့်စင်မွန်မြတ်သော မကဒတ ၏ သမိုင်းဂုဏ်ရောင်ကို အမဲကွက် စွန်းစေသည်။


(ဃ) စစ်ကော်မရှင်သည် လူ့အခွင့်အရေး ၊ လူ့ဂုဏ်သိက္ခာကို အခြေခံမှ ဖေါက်ဖျက်ကာ ညဉ်းပမ်း နှိပ်စက် သတ်ဖြတ်မှု များစွာ ပြုခဲ့သည်။


(င) မကဒတ ခေါင်းဆောင်မှုပိုင်းတွင် မူမမှန်မှုများ ရှိနေပြီး စစ်အုပ်စု န၀တ သူလျှို အစစ်အမှန် တို့၏ ထိုးဖေါက် ချုပ်ကိုင် လှုပ်ရှားမှုများ ဧကန်ရှိနေသည်။


(စ) မကဒတ တွင်း မမှန်မကန် မတရားမှုများကို ဖြစ်ပေါ်စေပြီး တော်လှန်ရေး လမ်းကြောင်းမှ သွေဖီစေရန် မတည်မငြိမ်ဖြစ် ပြိုကွဲ အမြစ်ပြုတ်စေရန် လုပ်ဆောင်နေသူတို့ အကာကွယ်ကောင်း အုပ်စုကောင်း ဖြင့် စနစ်တကျ ရှိနေသည်။ ကို အသိပေးပါသည်။


မိမိ အနေဖြင့် အမှန်တရားနှင့် သမိုင်းကို လုံးဝ ယုံကြည်သည်။ မိမိတဦးတည်း အကျိုးစီးပွားထိခိုက် ဘ၀ကျိုးကြေခဲ့မှု့ကို ဖြေသိမ့်နိုင်သည်။ ဤသို့သော စစ်ကော်မရှင်၏ မှားယွင်း ကျူးလွန် ဆောင်ရွက်မှုများသည် မွန်မြတ်သော အစဉ်အလာ ရှိသည့် မကဒတ အဖွဲ့အစည်းတွင် တာဝန်မရှိဘဲ မိုက်မဲညံ့ဖျင်းစွာ ဆောင်ရွက်ခဲ့သော ခေါင်းဆောင်မှု အပိုင်းနှင့် စနစ်တကျယုတ်မာစွာ စီစဉ် ဆောက်ရွက်ခဲ့သော ပုန်းကွယ်နေသည့် န၀တ သူလျှိုစစ်စစ်များ၌သာ တာဝန်ရှိသည်ဟု သတ်မှတ်သည်။


သို့ဖြစ်ရာ လက်ရှိ မကဒတ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် မှားယွင်း ဆောင်ရွက်ခဲ့မှုများကို စုံစမ်းလေ့လာ ဖေါ်ထုတ် ၀န်ခံကာ မကဒတတွင်း မူမမှန်မှု့ ရှိနေခြင်းကို ပူးပေါင်း ဖေါ်ထုတ် ဆောင်ရွက်ခြင်းဖြင့် မကဒတ၏ မွန်မြတ်သည့် သမိုင်းစဉ်၌ စွန်းထင်းစေသည့် အမဲကွက် များကို ဖျက်နိုင်ရန် တော်လှန်ရေး ခရီး မှန်ကန်ခိုင်မာ လုံခြုံစွာ ဆက်နိုင်ရန အသိပေးပါသည်။


– မိမိအနေဖြင့် မကဒတ ရဲဘော်တဦး အဖြစ် ခံယူ၍ ပူးပေါင်း ဆောင်ရွက်ရန် ရှိကြောင်း


နေ၀င်းအောင်


မ-က-ဒ-တ


မိတ္တူ


-လုပ်သားကောလိပ် ကျောင်းသားများ။


-မ-က-ဒ-တ (ရုံးခွဲများ) -လက်ခံ။

No comments: