ပြည်မြို့တွင် မေလ ၂၃ ရက်နှင့် ၂၄ ရက်များက လျပ်စစ်မီးအပြည့်အ၀ရရှိရေးအတွက်
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ရာ မေလ ၂၄ ရက် နံနက်ပိုင်း၌
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးဖြိုခွဲခြင်းကိုခံခဲ့ရကြောင်း
သတင်းရရှိပါသည်။
မေလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲတွင်
နံနက် ၉ နာရီမှ ၁၁ နာရီအချိန်အထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး
ညပိုင်းတွင်လည်း မြို့လည်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်တွင် ဖယောင်းတိုင်မီးများ
စုပေါင်းထွန်းညှိခဲ့ကြောင်းသိရသည်။ မေလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့်
ဆန္ဒထုတ်ဖော်ပွဲတွင် နံနက် ၉ နာရီအချိန်မှစ၍ လူဦးရေ ၅၀ ကျော်ခန့်ရှိသည့်
ဆန္ဒဖော်ထုတ်သူများမှ ပြည်မြို့တွင်းရှိ လမ်းများ၌ ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခဲ့ကြရာ လမ်းရှည်လမ်းနှင့် လက်သမားလမ်းထောင့် အရောက်တွင်
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပထမအကြိမ် အင်အားသုံးဖြိုခွဲခဲ့ကြောင်း သိရသည်။
ထိုသို့ဖြိုခွင်းမှုကြောင့် ဆန္ဒဖော်ထုတ်သူများထဲမှ ၃
ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်အား ဆန္ဒဖော်ထုတ်သူများအား
လိုက်လံအားပေးသည့် မြို့ခံလူထုအင်အား ၅၀၀ ကျော်မှ
ဝိုင်းဝန်းကာကွယ်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍
အဆိုပါဆန္ဒဖော်ထုတ်သူများသည် လမ်းမတော်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံရာ
ဗိုလ်ချုပ်ကျောက်တိုင် အနီးအရောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဒုတိယအကြိမ်
အင်အားသုံးဖြိုခွင်းခြင်းခံခဲ့ရပြီး လူ ၆ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက
အချုပ်ကားဖြင့် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။ အကျဉ်းထောင်အတွင်း
သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ လွှတ်တော်အမတ်များနှင့်
ဆွေးနွေးမှုများပြုလုပ်ပြီး မွန်းလွဲ ၂ နာရီကျော်တွင်
ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ထိန်းသိမ်းခံရသော ၆ ဦးအား
ပြန်လည်လွှတ်ပေးရာ၌ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့်
အမှုဖွင့်ထားကြောင်း အသိပေးခဲ့ပြီး အာမခံဖြင့်ပြန်လည်လွှတ်ပေးခြင်း
ဖြစ်ကြောင်းသိရပါသည်။
''ကျွန်တော့်နာမည် ဦးကျော်ဆွေပါ။
ထိန်းသိမ်းခံရတဲ့ ၆ ဦးထဲက တစ်ဦးပါ။ ကျွန်တော်တို့တွေ ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဆူပူအကြမ်းဖက်ဖို့ လုံးဝရည်ရွယ်ချက်မရှိပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ကို လုံခြုံရေးတွေက အင်အားသုံးပြီး
ဖြိုခွင်းခဲ့ပါတယ်။ ပထမအကြိမ်ဖြိုခွင်းတာမှာ မြို့ခံလူထုကောင်းလို့သာ
ဒဏ်ရာရတဲ့သူ နည်းခဲ့တာပါ။ ဒုတိယအကြိမ်မှာတော့ ဗိုလ်ချုပ်ကျောက်ရုပ်
မရောက်ခင်မှာ လုံခြုံရေးတွေက အင်အားသုံးဖြိုခွဲတာ ခံရပါတယ်။
ကျွန်တော်အပါအ၀င် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ဖမ်းပြီး
အချုပ်ကားနဲ့ ပြည်ထောင်ကို ခေါ်သွားပါတယ်။ ထောင်ပိုင်ကြီးရဲ့ရုံးခန်းမှာ
ကျွန်တော်တို့ကို ထားပါတယ်။ ထောင်ပိုင်ကြီးကတော့ အာဏာပိုင်တွေရဲ့
ညွှန်ကြားချက်အရ ခေတ္တထိန်းသိမ်းထားရတာ ဖြစ်ကြောင်းရှင်းပြပြီး
ထမင်းတောင်ကျွေးပါသေးတယ်။ အဲဒီနောက် လွှတ်တော်အမတ်တွေအပါအ၀င်
အာဏာပိုင်အဖွဲ့အစည်းတွေ ရောက်လာပြီး ကျွန်တော်တို့အားလုံး
ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်ဆန္ဒပြမှုနဲ့ အမှုဖွင့်ထားကြောင်းနဲ့
အခုအာမခံနဲ့ ပြန်လွှတ်ပေးတာဖြစ်ပြီး ခံဝန်လက်မှတ် ထိုးခိုင်းပါတယ်။
လွှတ်တော်အမတ် ၅ ယောက်ရဲ့ အာမခံနဲ့ ပြန်လွှတ်ပေးတာဖြစ်ပါတယ်''
ပြန်လည်လွတ်မြောက်လာသူ ဦးကျော်ဆွေမှ ပြောကြားပါသည်။
အဆိုပါပြစ်မှုအား
ဥပဒေနှင့်အညီ ပြန်လည်တရား ရင်ဆိုင်သွားမည်ဟု သိရပြီး
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံး ဖြိုခွင်းမှုကြောင့်
ဒဏ်ရာရရှိသွားခဲ့သူ ၃ ဦးမှလည်း အမှုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
သတင်းရရှိပါသည်။
No comments:
Post a Comment