ရွေးကောက်ပွဲဆိုင်ရာပြစ်မှုပြစ် ဒဏ်များထဲတွင် စွပ်စွဲတိုင်တန်းသူ၏ ပြစ်ဒဏ်သည် အများဆုံးဖြစ်၍ စွပ်စွဲတိုင်တန်းပြီး ရွေးကောက်ပွဲကို မသမာမှုပြုရန် ကြံစည်နေသူများ သတိပြုစရာ ဖြစ်လာကြောင်း ပြဌာန်း ဥပဒေများအရ သိရသည်။
ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်း၍ လိမ်လည်စွပ်စွဲ တိုင်တန်းသူ၏ ပြစ်ဒဏ်သည် လက်ရှိပြဌာန်းထားသော ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များထဲတွင် အမြင့်ဆုံးဖြစ်ကြောင်း ဥပဒေပြဌာန်း ချက်များအရ သိရသည်။
ပြစ်မှုများကို ရဲအရေးယူပိုင် ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထားခြင်းကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့တွင် သတ်မှတ်ထားခြင်းဖြစ်ပြီး ပြစ်မှုများနှင့် ပြစ်ဒဏ်များအခန်းတွင် ပြဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။
''ပြစ်မှုတစ်ခုဟာ ရဲအရေးပိုင်တဲ့ ပြစ်မှုဖြစ်တယ်ဆိုရင် တရားရုံးမှာ ဦးတိုက်လျောက်စရာ မလိုပါဘူး။ ပြစ်မှုကျူးလွန်တာကို သိလျင်သိချင်း ရဲတပ်ဖွဲ့ဝင်တွေက တိုက်ရိုက် အရေးယူနိုင်ပါတယ်။ ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိတာကို ဆိုလိုပါတယ်။ ရဲအရေးမပိုင်ဘူးဆိုတာကတော့ ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိတာကို ဆိုလိုပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေအဖြစ် သတ်မှတ်ထားတော့ ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိနေပါတယ်'' ဟု ရှေ့နေတစ်ဦးက ဆိုပါသည်။
ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပါ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ အခန်းရှိ ပုဒ်မ ၆၅ တွင် ပြဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။
မည်သူမဆို ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် စပ်လျဉ်း၍ လိမ်လည်စွပ်စွဲ တိုင်တန်းကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ ပုဒ်မ ၆၄ တွင် ပြဌာန်းထားချက်အရ သိရသည်။
''ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေထဲမှာ စွပ်စွဲတိုင်တန်းတာကို သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး အခြားပြစ်ဒဏ်တွေက တစ်နှစ်အထိပဲ ရှိပါတယ်။ ဒဏ်ငွေ ဆိုရင်လည်း စွပ်စွဲတိုင်တန်းတာကို ကျပ်သုံးသိန်းအထိ ပြစ်ဒဏ် ချမှတ်နိုင်ပြီး၊ အခြားပြစ်မှုကျူးလွန်တာ တွေကို ကျပ်တစ်သိန်းအထိပဲ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်'' ဟု ဥပဒေပညာရှင်တစ်ဦးက ဆိုပါသည်။
No comments:
Post a Comment