အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဥရောပ ပါလီမန်အမတ်နှင့် အာဆီယံ ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌတို့အား တွေ့ရစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဥရောပပါလီမန် အမတ်နှင့် အာဆီယံ ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တစ်နာရီခန့်တွေ့ ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ ဥရောပ ပါလီမန်အမတ်နှင့် အာဆီယံ ကိုယ်စားလှယ်အဖွဲ့ဥက္ကဋ္ဌ ဂျာမန်အမတ် Dr. Werner Langen က အလွန် ကောင်းမွန်သည့် ဆွေးနွေးမှုတစ်ခုဖြစ်ကြောင်း၊ လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ အတွက် မဲဆွယ်စည်းရုံးမှုများ၊ မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်မှုများနှင့် ပတ်သက်သည့် အမြင်များ၊ လာမည့်ကြားဖြတ် ရွေးကောက်ပွဲများလွတ်လပ်ပြီးတရား မျှတမှုဖြစ်ရေးနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများ၊ လူ့အခွင့်အရေး အခြေအနေများ၊ ကျန်ရှိသည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ၁၉၉၀ ပြည့်နှစ်က ဥရောပပါလီမန် က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ခဲ့သည့် Sakharov ဆုကို လာရောက်လက်ခံရယူရန် စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား ဥရောပပါလီမန်သို့ လာမည့် ကြားဖြတ် ရွေးကောက်ပွဲများ ပြီးနောက် လာရောက်ရန်လည်း ဖိတ်ခေါ်ခဲ့ပြီး မြန်မာနိုင်ငံတွင် မကြာမီ ကျင်းပသွားမည့် ကြားဖြတ် ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတမှု ရှိ၊ မရှိ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားပြန့်ပွားရေး အတွက် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထောက်ခံသွားမည် . . . |
ထို့ပြင် ၎င်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဥရောပပါလီမန် သို့ လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ ပြီးနောက်လာရောက်ရန်လည်း ဖိတ်ခေါ်ခဲ့ပြီး မြန်မာနိုင်ငံတွင် မကြာမီ ကျင်းပသွားမည့် ကြားဖြတ် ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတ မှုရှိ၊ မရှိ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားပြန့်ပွားရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထောက်ခံသွားမည် ဖြစ်ကြောင်းတို့ ကိုလည်း ပြောကြားခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က အလွန်ကောင်းမွန်သည့် တွေ့ဆုံဆွေးနွေးမှု တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားရေးအတွက် ဆောင်ရွက်ရာတွင် ထောက်ခံသူများက ကျွန်မတို့နှင့်အတူ ခရီးတစ်လျှောက်လုံး ရှိနေသည်ကို သိရှိရသည့်အတွက် ၀မ်းမြောက်မိပါကြောင်း၊ ယင်းကဲ့သို့ ထောက်ခံမှုများ နှင့်အတူ ကျွန်မတို့အနေဖြင့် လိုချင်သည့် ရည်မှန်းချက် ပန်းတိုင်ကို အနာဂတ်တွင် ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း၊ သို့ရာ တွင် လုပ်ဆောင်စရာများ အများကြီး ကျန်ရှိနေပါသေးကြောင်း၊ မည်သည့် အရာမျှ အလွယ်တကူ မရရှိပါကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မီဒီယာများက သိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာတွင် ဧည့်သည်အဖွဲ့နှင့်အတူ လိုက်ပါလာသည့် သတင်းထောက်တစ်ဦးက လာမည့် ကြားဖြတ် ရွေးကောက်ပွဲများ အတွက် မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခြေအနေများ နှင့်ပ တ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းခဲ့ရာ ၎င်းက “အားလုံး အဆင်ပြေနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ အဆင်ပြေ ချောမွေ့စွာနဲ့ ဆောင်ရွက်နေပါတယ်။ တချို့ နေရာတွေမှာတော့ အခက်အခဲ တချို့နဲ့ ကြုံရတာပေါ့။ ဒါပေမယ်လို့လည်း နေရာတိုင်းမှာတော့ မဟုတ်ပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဥရောပသမဂ္ဂက ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းရေးအတွက် လာမည့် ကြားဖြတ် ရွေးကောက်ပွဲများ ပြီးစီးသည်အထိ စောင့်ရန်ဆိုခြင်းမှာ လုံးဝ သင့်မြတ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ ဥရောပပါလီမန်အ မတ်နှင့် အာဆီယံကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်သို့ ဖေဖော်ဝါ ရီလ၂၈ရက်နေ့က သွားရောက်တွေ့ဆုံပြီး ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက် မှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဆက်ဆံမှု တိုးမြှင့်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။ နိုင်ငံပေါင်း ခြောက်နိုင်ငံမှအဖွဲ့ဝင် ၁၁ ဦး ပါဝင်သည့် အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက် ခြင်းဖြစ်ပြီး အောင်မြင်သည့် ခရီးစဉ် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
No comments:
Post a Comment