8 Apr 2012

နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်အပေါ် လိုအပ်ပါက ဗဟိုဘဏ်မှ ၀င်ရောက်ထိန်းသိမ်းသွားမည်

၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်နေ့မှစ၍ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ်အား စတင်ကျင့်သုံးလျက်ရှိပြီး ယခု နိုင်ငံခြား ငွေလဲလှယ်နှုန်းမှာ ဈေးကွက်အပေါ်တွင် အခြေခံထားခြင်းဖြစ်သောကြောင့် ဈေးကွက်တွင် လိုအပ်ပါက ဗဟိုဘဏ်မှ ၀င်ရောက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ငွေကြေးမူဝါဒဆိုင်ရာ နည်းလမ်းများ ချမှတ် အကောင်အထည်ဖော်ရေးဆိုင်ရာ သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

''ကျွန်တော် ဗဟိုဘဏ်အနေနဲ့ လိုအပ်သလို အမေရိကန်ဒေါ်လာ ၀ယ်ယူခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်သွားမှာပါ။ အဲလို လုပ်လိုက်တဲ့အတွက်ကြောင့် ပြည်သူတွေအတွက် မြန်မာကျပ်ငွေ ပိုလျံလွန်းခြင်း၊ ရှားပါးခြင်းတွေ လည်း ဖြစ်ပေါ်လာနိုင်စေပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ပေါ်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုတို့၊ ငွေကြေးဈေး ကွက်ပေါ်မှာကြီးမားတဲ့ သက်ရောက်မှုတွေ မရှိစေဖို့ ဗဟိုဘဏ်က ငွေကြေးမူဝါဒတွေကို ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။ အခု ထိုင်းနိုင်ငံ ဗဟိုဘဏ်ကနေပြီးတော့ နည်းပညာ အကူအညီပေးရေးအဖွဲ့ လာရောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ငွေကြေး လည်ပတ်စီးဆင်းမှု၊ ငွေလဲနှုန်း၊ အတိုးနှုန်း၊ ငွေကြေး ဖောင်းပွခြင်းဆိုင်ရာ ကိစ္စရပ်တွေကို လာပို့ချပေးပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အရင်တုန်းက Monetory Policy Department ဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ စတင် ဖွဲ့စည်းလိုက်ပါပြီ။ ဌာနမှာရှိတဲ့လူတွေ ဗဟိုဘဏ်က ဌာနပေါင်းစုံက သင်တန်း သားတွေကို ထိုင်းနိုင်ငံ ဗဟိုဘဏ်က သင်တန်းလာရောက်ပြီး ပို့ချပေးပါတယ်။ အဓိကတော့ အတိုးနှုန်းကိုဘယ်လို သတ်မှတ်ထားလဲ၊ ပြီးရင် CIC (Currency in Circulation)အပြင်မှာ လည်ပတ်နေတဲ့ ငွေကြေး၊ ဒါတွေနဲ့ပတ်သက်ပြီး သီအိုရီပိုင်းနဲ့အတူ လက်တွေ့ တွက်ချက်ပြတာမျိုးတွေ ပို့ချပေးပါတယ်'' ဟု မြန်မာနိုင်ငံဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''အဓိကက Monetory Policy Department ကို ဗဟိုဘဏ်အောက်မှာ စတင်ဖွဲ့စည်းတယ်။ အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေနဲ့အညီ ဒီဌာနက အကောင်အထည်ဖော်မှာပါ။ ငွေကြေးလည်ပတ်မှု၊ ဘဏ်တွေကို ဘယ်လိုတားမလဲ၊ GDP နဲ့ပတ်သက်တဲ့ အချိုးတွေကို သီအိုရီနဲ့ ပုစ္ဆာယှဉ်တွဲပြီး ပို့ချပေးပါတယ်'' ဟု အဆိုပါသင်တန်းကို တက်ရောက်ခဲ့သည့် ဘဏ်ဝန်ထမ်းတစ်ဦးက ပြောပြခဲ့သည်။

No comments: