12 Feb 2012

အဖေပြောခဲ့သောစကားတချို့

AddThis Social Bookmark Button
ပင်လုံညီလာခံတွင် ဖဆပလ၏ သဘောထားကို တိုင်းရင်းသားကိုယ်စားလှယ်တို့အား ဗိုလ်ချုပ်အောင်ဆန်းက ပြတ်ပြတ်သားသား တင်ပြနေစဉ်

ဗြိတိသျှအစိုးရအနေဖြင့် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည့် အချိန်မှစ၍ လွတ်လပ်ရေးမရရှိစေရန်အတွက် နည်းမျိုးစုံဖြင့် ဟန့်တားခဲ့ကြပါသည်။

ထိုသို့ ဟန့်တားမှုများတွင် မြန်မာပြည်မနှင့် တောင်တန်းဒေသများ (တစ်နည်းအားဖြင့် တိုင်းရင်းသားအချင်းချင်း)ကို သွေးခွဲအုပ်ချုပ်သည့် နည်းဖြင့်လည်း အုပ်ချုပ်ခဲ့ကြသည်။ ဥပမာအားဖြင့် တောင်တန်းဒေသများကို သီးခြားစီမံကိန်းဒေသများအဖြစ် ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်ပြီး ဒေသတစ်ခုနှင့်တစ်ခု ကူးသန်းမှုကို ၁၈၉၆ ခုနှစ် ချင်းတောင်တန်းဥပဒေ၊ ၁၈၉၈ ခုနှစ် ကချင်တောင်တန်းလူမျိုးစုဥပဒေ အစရှိသည်တိုဖြင့် ကန့်သတ်ခဲ့သည်။

ထို့အပြင် အင်္ဂလိပ်လက်အောက်သို့ မရောက်ရှိမီ အချိန်များကလည်း ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်အုပ်ချုပ်ရေးဖြင့် နေထိုင်ခဲ့သည့် တိုင်းရင်းသားလူမျိုးစုများကလည်း ရှိထားခဲ့ပြီးဖြစ်ပါသည်။ ယင်းကဲ့သို့သော သွေးခွဲအုပ်ချုပ်ထားမှုများက လွတ်လပ်ရေးကြိုးပမ်းမှု အရှိန်မြင့်ချိန်တွင်ပို၍ ရှုပ်ထွေးစေခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ လန်ဒန်ခရီးစဉ်တွင် ပြည်မနှင့်တောင်တန်းပူး ပေါင်းရေးကိစ္စမှာ အရေးပါလာသော ကိစ္စဖြစ်လာခဲ့ပါသည်။ ပြည်မနှင့်တောင်တန်းပူးပေါင်းအရေးဆိုမှသာ လွတ်လပ်ရေးအတွက် အာမခံချက်ရရှိမည့် အခြေအနေဖြစ်လာခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ပြည်မနှင့် တောင်တန်းပူးပေါင်းမှု မပြုလုပ်နိုင်ရန် ဗြိတိသျအစိုးရမှ နည်းမျိုးစုံသုံး ကြိုးပမ်းခဲ့ကြသည်။ ထိုသို့သော အခက်အခဲများရှိနေသည့်ကြားကပင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် လွတ်လပ်ရေးအတွက် ခိုင်မာသော ပြင်ဆင်မှုတစ်ရပ်ဖြစ်သည့် အောင်ဆန်း-အက်တလီ စာချုပ်ကို ၁၉၄၇ခုနှစ် ဇန်န၀ါရီလ ၂၇ရက်နေ့တွင် ချုပ်ဆိုနိုင်ခဲ့ပါသည်။

အောင်ဆန်း-အက်တလီစာချုပ်တွင် ပါဝင်သော အချက်အလက်များအရ ပြည်ပနှင့်တောင်တန်းဒေသ ပေါင်းစည်းရေးအတွက် အရေးပါသော ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ပင်လုံညီလာခံကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့တွင် စတင်ခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကချင်၊ ချင်း၊ ရှမ်း အမျိုးသား ကိုယ်စားလှယ်များအကြား ပြည်မတောင်တန်းပေါင်းစည်းရေးအတွက် သဘောတူညီမှုရရှိခဲ့သည့် ပင်လုံစာချုပ် ကို ပင်လုံမြို့၌ ချုပ်ဆိုနိုင်ခဲ့သည်။ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းက ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး အပြည့်အ၀ရရှိရန်အတွက် လက်နက်တစ်ခုဖြစ်ခဲ့သည်။

ဖော်ပြပါအချက်အလက်များက လွန်ခဲ့သော ၆၅ နှစ်တာကာလ၌ စိုက်ထူခဲ့သော သမိုင်းမှတ်တိုင်များ ဖြစ်ခဲ့ပါသည်။ လွတ်လပ်ရေးရရှိခဲ့ပြီး နှစ်ပေါင်းခြောက်ဆယ်ကျော်လာခဲ့သည့်တိုင် မြန်မာ့နိုင်ငံရေးအခင်းအကျင်း၌ တိုင်းရင်းသားအ ရေးက အရေးပါသော ထိပ်တန်းနေရာတွင် ရှိနေဆဲဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအတွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ကြိုးပမ်းလာခဲ့ပါသည်။၂၀၁၂ခုနှစ်ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သော ပထမအကြိမ် လွှတ်တော် တတိယပုံမှန်အစည်းအဝေးများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပေးပို့ခဲ့သော သ၀ဏ်လွှာ၌-

''နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အတွင်းထာဝရ ငြိမ်းချမ်းရေးရရှိစေရန်အတွက် နိုင်ငံ၏ ပကတိအရှိတရားနှင့် အတိတ်သမိုင်းအတွေ့အကြုံများအပေါ်အခြေခံလျက် ယခင်ကနှင့်မတူသည့် မူများကို ကျင့်သုံးကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အထိ ငြိမ်းချမ်းရေး ရယူနိုင်ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၁)ဖွဲ့လုံးနှင့် ထိတွေ့ဆွေးနွေးညှိနှိုင်းပြီး အဖွဲ့(၆)ဖွဲ့နှင့် အခြေခံ သဘောတူညီချက်များကို လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျန်အဖွဲ့(၅) ဖွဲ့နှင့်လည်း ထိတွေ့ညှိနှိုင်း ဆွေးနွေးဆောင်ရွက်လျက်ရှိရာ ခြုံငုံသုံးသပ်ရပါက ငြိမ်းချမ်းရေး ဖော်ဆောင်မလုပ်ငန်းစဉ်များ တိုးတက်အောင်မြင်ပြီး အခြေအနေကောင်းမွန်သည်ကို တွေ့မြင်နိုင်ပါသည်။ ဆက်လက်၍လည်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်'' ဟု ပြောဆိုခဲ့ပါသည်။

ယင်းသို့ လိုအပ်ချက်နှင့်အညီ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံကျင်းပစဉ်က သမိုင်းအကျဉ်းနှင့် မျက်မှောက်ခေတ်နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်နေသည့် တိုင်းရင်းသားများ၏ အမြင်ကို ၆၅ နှစ်ပြည့် ပြည်ထောင်စုနေ့ အထိမ်း အမှတ်အဖြစ် ဖော်ပြလိုက်ပါသည်။

''တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ အကျိုးရှိကြောင်း သိနိုင်တယ်''ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြည်မနှင့်တောင်တန်းဒေသပူးပေါင်း၍ လွတ်လပ်ရေး သဘောတူညီချက်ရရှိသည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့ပါသည်။

No comments: